Monday, April 30, 2018

ဒသမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူများ ရန်ကုန်မြို့မှ ငွေဆောင်လူရည်ချွန်အပန်းဖြေစခန်းသို့ ရောက်ရှိ

Image may contain: 6 people, people smiling, people standing, tree and outdoor
ရန်ကုန် ဧပြီ ၂၉
၂ဝ၁၈ ခုနှစ် ဒသမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူ များသည် ကြီးကြပ်သူ ဆရာ ဆရာမများနှင့်အတူ ယနေ့ နံနက် ၅ နာရီတွင် ရန်ကုန်မြို့မှ ငွေဆောင် လူရည်ချွန် အပန်းဖြေစခန်းသို့ ထွက်ခွာကြသည်။
လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ရွှေတိဂုံ စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကန်တော့ ကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းရာ ရွှေတိဂုံ စေတီတော်ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် လူရည်ချွန်ကျောင်းသား ကျောင်းသူ များသည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ ရောက်ရှိ ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသ ကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပုသိမ်မြို့ရှိ အခြေခံပညာကျောင်းများမှ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ကြိုဆိုကြသည်။
ဆက်လက်၍ ပုသိမ်မြို့ ပုသိမ်ဟိုတယ်၌ လူရည်ချွန် ကျောင်းသား ကျောင်းသူများ ကြိုဆိုပွဲအခမ်းအနားကို ကျင်းပရာ ငွေဆောင်လူရည်ချွန်အပန်းဖြေစခန်း စခန်းမှူး ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး (ပညာ) ဒေါ်မြင့်မြင့်သန်းက ငွေဆောင်လူရည်ချွန်အပန်းဖြေ စခန်းတွင် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် လူရည်ချွန်ကျောင်းသား ကျောင်းသူများနှင့်အတူ နေ့လယ်စာ အတူတကွသုံးဆောင် ကြသည်။
ယင်းနောက် လူရည်ချွန်ကျောင်းသား ကျောင်းသူများ သည် ပုသိမ်မြို့မှ ဆက်လက်ထွက်ခွာကြပြီး ညနေ ၃ နာရီတွင် ငွေဆောင်ကမ်းခြေသို့ ရောက်ရှိကြရာ ငွေဆောင် ဒေသရှိ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
၂ဝ၁၈ ခုနှစ် လူရည်ချွန်လူငယ်များအဖြစ် ရွေးချယ်ခံရ သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဒသမတန်း ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၇၆ ဦးရှိပြီး ငွေဆောင် လူရည်ချွန်အပန်းဖြေစခန်းတွင် မေ ၅ ရက် အထိ ငွေဆောင်ဒေသရှိ လူမှုဘဝများ၊ ရိုးရာလက်မှုပညာ လုပ်ငန်းများနှင့် အထင်ကရနေရာများကို လေ့လာကြမည် ဖြစ်ကြောင်း သိရသည်။
မျိုးသူဟိန်း(သတင်းစဉ်)

No comments:

Post a Comment