Monday, April 30, 2018

လှိုင်သာယာ ထိန်ပင်အမှိုက်ပုံ မီးငြှိမ်းသတ်ရေးတွင် ထိုင်းနှင့် အာဆီယံမှ ကူညီဆောင်ရွက်ပေး

Image may contain: one or more people, people standing and outdoor
ရန်ကုန် ဧပြီ ၂၉
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုအား အပြီးသတ်ငြှိမ်းသတ်ရာတွင် ပိုမိုမြန်ဆန်ထိရောက်စေရန် အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြင်ပပညာရှင်များ၏အကူအညီနှင့် အကြံပြုချက်များဖြင့် ဆောင်ရွက်သွားရန် စီစဉ်ထားရာတွင် အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့် အကဲဖြတ်အဖွဲ့ ERATကလည်း ပါဝင်ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
ထိန်ပင်အမှိုက်ပုံမီးသည် ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းမှ စတင်လောင်ကျွမ်းခဲ့ရာ မီးမှာ ရက်ရှည်လောင်ကျွမ်းခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ တာဝန်ရှိသူများနှင့်အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး ဧပြီ ၂၇ ရက်တွင် Bio Foamအမြှုပ်ဆေးရည်ကို အသုံးပြု၍ ငြှိမ်းသတ်ခဲ့ကြသည်။ ထိုသို့ ငြှိမ်းသတ်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏အကူအညီနှင့် အကြံပြု ချက်များဖြင့် ထိုင်းနိုင်ငံ အရေးပေါ်နှင့်မီးသတ်ဌာနမှ အဆင့်မြင့်ပညာရှင်များက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ဧပြီ ၂၉ ရက်တွင် အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် အကဲဖြတ်အဖွဲ့က လှိုင်သာယာ ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းသည့်နေရာသို့ ရောက်ရှိပြီး အမှိုက်ပုံမီးငြှိမ်းသတ်နေမှုနှင့်ပတ်သက်၍ နည်းစနစ်ပိုင်းဆိုင်ရာ အကြံပြုချက်များနှင့် အကူအညီများကို ပေးခဲ့ကြောင်းသိရသည်။ အမှိုက်ပုံမီးလောင်ကျွမ်းမှုကို မီးသတ်တပ်ဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်းများက အားသွန်ခွန်စိုက်ငြှိမ်းသတ်ခဲ့သောကြောင့် တစ်ပတ်ကြာအချိန်တွင် မီးလောင်မှုကို ကောင်းစွာထိန်းထားနိုင်ခဲ့သော်လည်း အပြီးသတ်မီးငြိမ်းရေးအတွက် ပိုမိုထိရောက်မြန်ဆန်မှုရှိစေရန် ထိုင်းနိုင်ငံနှင့်အာဆီယံမှ အဖွဲ့အစည်းက လာရောက်ကူညီခဲ့ခြင်းဖြစ်သည်။
အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့်အကဲဖြတ်အဖွဲ့ ERAT အဖွဲ့တွင် စင်ကာပူနိုင်ငံမှ အများပြည်သူဆိုင်ရာ ကာကွယ်ရေးနှင့် မီးသတ် တပ်ဖွဲ့မှ ကျွမ်းကျင်သူ မီးသတ်တပ်ဖွဲ့ဝင်များအပြင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများလည်း ပါဝင်ကြောင်း သိရသည်။
အေးမင်းသူ

No comments:

Post a Comment