Monday, April 30, 2018

ထိန်ပင်အမှိုက်ပုံမီး နောက်သုံးရက်အကြာတွင် အပြီးသတ်ငြိမ်းသွားရန် ဇုန်လေးဇုန် သတ်မှတ်ဆောင်ရွက်နေ

Image may contain: one or more people, people standing, outdoor and nature
ရန်ကုန် ဧပြီ ၂၉
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်နေမှုကို အပြီးသတ်ငြှိမ်းသတ် ရာတွင် ယနေ့မှစတင်၍ ဇုန်လေးဇုန် သတ်မှတ်ကာ တစ်ရက်လျှင် တစ်ဇုန်နှုန်းဖြင့် အပိုင်းလိုက် ဆောင်ရွက် လျက်ရှိရာ အောင်မြင်မှုရှိပြီး နောက်ထပ် သုံးရက်အကြာ တွင် မီးငြိမ်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ ဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ က မြန်မာ့သတင်းစဉ်ကို ပြောကြားသည်။
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက ''လက်ရှိ မြေပြင်အခြေအနေကိုကြည့်ပြီးတော့ မဟာဗျူဟာအသစ် ကို ပြောင်းလဲရေးဆွဲခဲ့ပါတယ်၊ မီးလောင်ပြင်ကို ဇုန် လေးဇုန် သတ်မှတ်ပြီး အပိုင်းအလိုက် ငြှိမ်းသတ်နေပါတယ်၊ ဒီကနေ့ဆိုရင် ဇုန်(A)ကို ငြှိမ်းသတ်နေတာပါ၊ ညနေ ၆ နာရီခွဲရင်တော့ သတ်မှတ်အချိန်ပြည့်ပြီ၊ လက်စသတ်ပါ မယ်၊ ဒီကနေ့ရဲ့ ရည်မှန်းချက်က ပြည့်လည်းပြည့်တယ်၊ အောင်လည်း အောင်မြင်ပါတယ်၊ ဇုန်တစ်ဇုန်ကို တစ်ရက် နှုန်းနဲ့ အပြီးပြတ် ငြှိမ်းသတ်သွားမှာပါ၊ နောက်ထပ်သုံးရက် ဆိုရင် အားလုံးငြိမ်းပါပြီ၊ လက်ရှိငြှိမ်းသတ်တဲ့ အခါမှာ တော့ Bio Foam ဆေးရည်ကိုနည်းနည်းပဲ သုံးပါတယ်၊ ရေများများနဲ့ ငြှိမ်းသတ်နေတာပါ၊ အဆုံးသတ်အပိုင်းတွေ ကိုတော့ Bio Foam ဆေးရည်နဲ့ ငြှိမ်းပါတယ်'' ဟု ပြောသည်။
မီးငြှိမ်းသတ်နေမှုအပေါ် ရန်ကုန်မြောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဦးက ''လက်ရှိအခြေနေကတော့ အပြီးသတ် ငြှိမ်းသတ်နေတာပါ၊ ကျွန်တော့အနေနဲ့ကတော့ အပိုင်း သတ်မှတ်ဇုန်(၃)ကို တာဝန်ယူ ငြှိမ်းသတ်နေပါတယ်၊ ငြှိမ်းပြီးသားနေရာတွေကို နောက်ထပ်ငြှိမ်းစရာ မလို အောင် ဆောင်ရွက်နေပါတယ်၊ အရင်နေ့တွေလောက် မီးခိုးမထွက်တော့ပါဘူး၊ အမှိုက်ပုံကကြီးတော့ လောင်တဲ့ အပေါ်မှာ တတ်နိုင်သလောက် ထိန်းသိမ်းပြီးငြှိမ်းသတ် ခဲ့တယ်၊ လက်ရှိမှာလည်း သတ်မှတ်ထားတဲ့အတိုင်း အပိုင်းလိုက် ငြှိမ်းသတ်နေပါတယ်''ဟု ပြောသည်။
ထိန်ပင် အမှိုက်ပုံမီးလောင်မှုသည် ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းက စတင်လောင်ကျွမ်းခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူတို့နှင့်အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ အပါအဝင် အင်အား ၉ဝဝ ကျော်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ် လျက်ရှိပြီး ဧပြီ ၂၇ ရက် နံနက် ၉ နာရီခန့်မှ စတင်ကာ အပြီးသတ် မီးငြှိမ်းသတ်နိုင်ရန် Bio Foam(အမြှုပ် ဆေးရည်)ကို အသုံးပြု၍ ငြှိမ်းသတ်လျက်ရှိသည်။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ''မနေ့က မနက်အထိကတော့ အကုန်လုံးစုပေါင်းပြီးလုပ်ဆောင်ကြတာပါ၊ မနေ့က ညနေပိုင်းမှာတော့ မီးသတ်ကို တာဝန်ခံ အနေနဲ့ အပ်လိုက်ပါတယ်၊ ကျန်တဲ့အဖွဲ့အစည်းတွေက တော့ သူတို့ကို လိုအပ်တဲ့ လူအင်အားနဲ့ ပစ္စည်း အင်အားတွေ ဖြည့်ဆည်းပေးပါတယ်၊ အခုဆိုရင် မီးသတ် တပ်ဖွဲ့အနေနဲ့ ဇုန်လေးဇုန်သတ်မှတ်ပြီး ငြှိမ်းသတ်နေပါ ပြီ၊ လက်ရှိအခြေအနေအရ ထိရောက်အောင်မြင်မှုရှိပါ တယ်၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ဆွဲတဲ့ မဟာဗျူဟာကို အာဆီယံက အဖွဲ့ရယ်၊ ထိုင်းကလာရောက်တဲ့ ကျွမ်းကျင် ပညာရှင်အဖွဲ့တွေကလည်း သဘောတူလက်ခံပါတယ်၊ အခုလည်း လေထုတိုင်းတဲ့အခါမှာ အရင်နေ့တွေနဲ့ မတူ တော့ပါဘူး၊ တော်တော်အခြေအနေကောင်းလာပါပြီ''ဟု ပြောကြားသည်။
အပြီးသတ် မီးငြှိမ်းသတ်မှု ဆောင်ရွက်ရာတွင် ပိုမို မြန်ဆန်ထိရောက်စေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေ ဖြင့် ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၏ အကူအညီနှင့် အကြံပြုချက်များဖြင့်လည်း ရယူဆောင်ရွက်လျက်ရှိသည်။
ထို့သို့ဆောင်ရွက်မှုအနေဖြင့် ယနေ့မွန်းလွဲပိုင်းတွင် မီးလောင်မှုအနီးရှိ ကွပ်ကဲရေးရုံး၌ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မီးသတ်ဦးစီး ဌာနမှ အရာရှိကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ ထိုင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ၊ ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စစ်ဘက်ဆိုင်ရာ အရာရှိ Mr. SUTTIPOL SUCHART နှင့် ထိုင်းနိုင်ငံမှ ကျွမ်းကျင် ပညာရှင်များ၊ အာဆီယံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူများက အပြီးသတ် မီးငြှိမ်းသတ်နေမှုနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ကြ သည်။
ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ထိုင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များပါဝင်သောအဖွဲ့နှင့် အာဆီယံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တို့သည် မီးလောင်မှုမှ ထွက်ရှိသည့် မီးခိုးများနှင့် ပတ်သက်၍ မီးလောင်ပြင်အနီး လေ့လာမှုများ ပြုလုပ် ခြင်းနှင့် လေထုတိုင်းတာခြင်းများကို ကွင်းဆင်းဆောင်ရွက် ကြသည်။
အမှိုက်ပုံမီးလောင်မှုများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ တူညီမှုမရှိသော်လည်း ယခုမီးလောင်မှုသည် ၂ဝ၁၄ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ဖြစ်ပွားခဲ့သော အမှိုက်ပုံမီးလောင်မှုနှင့် အနည်းငယ်ဆင်တူကြောင်း၊ ဆွေးနွေးအကြံပြုချက်များအရ ယခုလောင်ကျွမ်းနေသည့် မီးလောင်မှုအား ငြှိမ်းသတ်ရာတွင် မြန်မာနိုင်ငံမှ လက်ရှိ ဆောင်ရွက်နေသည့် နည်းစနစ်သည်သာ အသင့်တော်ဆုံး ဖြစ်ကြောင်း သိရသည်။
ယခုအခါမီးလောင်မှု၏ ၉ဝ ရာခိုင်နှုန်းကို ငြှိမ်းနိုင် ခဲ့ပြီးဖြစ်သော်လည်း အမှိုက်ပုံအတွင်းပိုင်းမှ လောင်ကျွမ်း နေမှုနှင့် မီးခိုးများထွက်ရှိနေမှုတို့ကို မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့၏ မဟာဗျူဟာအရ အပိုင်းအလိုက် (A,B,C,D)ဇုန်များ သတ်မှတ်ကာ ငြှိမ်းသတ်လျက်ရှိရာ အောင်မြင် ထိရောက်မှုရှိကြောင်း သိရသည်။
လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းကျေးရွာမှ ဒေါ်ခင်သိန်းက ''အမှိုက်ပုံမီးလောင်တာ မငြိမ်းသေးဘူး လို့တော့ ပြောတယ်၊ မီးခိုးမွှန်တဲ့ အနံ့မျိုးမရတော့ပါဘူး၊ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မီးလောင်တဲ့ ညှော်နံ့တွေ တော်တော်ခံစားလိုက်ရပါတယ်၊ အဲဒီတုန်းက တချို့ အသက်ရှူကျပ်လို့ ဆေးရုံတက်လိုက်ရသေးတယ်၊ မီးသတ် တပ်ဖွဲ့ဝင်တွေလည်း ကြိုးစားပြီး ငြှိမ်းနေတယ်လို့ သိရ တယ်၊ မြန်မြန်ငြိမ်းစေချင်ပါတယ်၊ သူတို့လည်း တော်တော် ပင်ပန်းနေပါပြီ''ဟု ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် မီးခိုးဒဏ်ကို ခံစားရသော ပြည်သူများနှင့် မီးငြှိမ်းသတ်ရာ တွင် ပါဝင်ဆောင်ရွက်နေသူများကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ဆေးကုသမှုစခန်းများ ဖွင့်လှစ် ကာ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေး လျက်ရှိသည်။
ထို့အတူ မီးလောင်မှုအနီးတွင် သက်ဆိုင်ရာတာဝန် ရှိသူများနှင့်အတူ အရပ်ဘက်အဖွဲ့အစည်းများကလည်း ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိပြီး စေတနာရှင် များကလည်း အစားအသောက်၊ ရေနှင့် ဆေးဝါးများကို လာရောက်လှူဒါန်းလျက်ရှိသည်ကို တွေ့ရသည်။
ရှင်သန်ရေး လူမှုကူညီစောင့်ရှောက်ရေးအသင်း အပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်နေသူ သူနာပြုဆရာမ ဒေါ်သစ်သစ်လွင်က ''အလှူရှင်တွေ စုပေါင်းလှူဒါန်းထားတဲ့ ဆေးတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာပါ၊ ပထမရက်တွေ မှာတော့ မီးသတ်တပ်ဖွဲ့တွေအပြင် လာရောက်ဝိုင်းဝန်း ငြှိမ်းသတ်ပေးတဲ့ တပ်မတော်သားတွေနဲ့ ပါဝင်ဆောင်ရွက် နေသူအားလုံးကို မေးခိုင်ကာကွယ်ဆေးတွေ ကြိုတင် ထိုးပေးခဲ့ပါတယ်၊ မီးငြှိမ်းသတ်တဲ့နေရာမှာ ထိခိုက်ရှနာတွေ ဖြစ်နိုင်တဲ့အတွက် အခုလို ကြိုတင်ဆောင်ရွက်ပေးထားတာ ပါ၊ လက်ရှိအခြေအနေမှာတော့ ထိခိုက်ရှနာ၊ သွေးပေါင် ကျတာနဲ့ မီးခိုးကြောင့် အသက်ရှူမဝဖြစ်တဲ့သူတွေကို အများဆုံး ကုသမှုပေးနေရတာပါ၊ တချို့အဖွဲ့တွေကတော့ မီးလောင်ပြင်အတွင်းထဲအထိ ကားတွေနဲ့ ဆေးလိုက်ထိုး ပေးတာမျိုးလည်း လုပ်ပေးနေကြပါတယ်၊ ကျွန်မတို့အဖွဲ့ အနေနဲ့ကတော့ သုံးရက်တာကာလအတွင်းမှာ ထိခိုက် ရှနာနဲ့ အသက်ရှူမဝတဲ့ လူနာ ၂၅ဝ ကျော်ကို ကုသပေး ခဲ့ပြီးဖြစ်ပါတယ်၊ ဒီနေ့မနက်ကတော့ မီးသတ်တပ်ဖွဲ့ဝင် တစ်ဦး ခြေထောက်ကျိုးသွားလို့ ဆေးရုံကို ပို့ပေးခဲ့ပါတယ်''ဟု ပြောသည်။
အလားတူ အရပ်ဘက်လူမှု အဖွဲ့အစည်းများအနေဖြင့် မီးငြှိမ်းသတ်နေသည့် နေရာများအနီးအထိ လူနာတင် ယာဉ်များဖြင့် သွားရောက်ကာ မီးငြှိမ်းသတ်နေသူများအား အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိ ကြောင်းသိရသည်။
မီးလောင်မှုမှ မီးခိုးများထွက်ရှိမှုကြောင့် လာရောက် ဆေးဝါးကုသမှုခံယူသူများနှင့်ပတ်သက်၍ လှိုင်သာယာ မြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ သီတာစိုးက ''ဒီကနေ့ ညနေပိုင်းအထိ ၂၄ ဦးရှိပါတယ်၊ အဲဒီထဲက လေးဦးကတော့ ဒီနေ့မှ ရောက်လာတာပါ၊ မီးခိုးမွှန်နဲ့ သုံးဦးရောက်လာတယ်၊ သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး ပါပါတယ်၊ နောက်တစ်ဦးကတော့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ခြေထောက်မှာဒဏ်ရာရတာပါ၊ အားလုံး အခြေအနေ ကောင်းပါတယ်၊ မစိုးရိမ်ရပါဘူး၊ ပြင်ပလူနာအနေနဲ့ ကတော့ မနေ့ကအထိ ၂၉ ဦးရှိပါတယ်၊ ဒီကနေ့မှာတော့ နောက်ထပ်သုံးဦး လာရောက်ပြသခဲ့ပါတယ်၊ ကျွန်မတို့ အနေနဲ့လည်း လိုအပ်တဲ့ဆေးဝါးကုသမှုမျိုး ပြုလုပ်ပေးနိုင်ဖို့ အားလုံး ကြိုတင်စီစဉ်ထားပါတယ်''ဟု ပြောသည်။
ယခုအခါ အဆိုပါမီးလောင်မှုကို အပြီးသတ် ငြှိမ်းသတ်ရာတွင် ရေဖြင့် အဓိကပက်ဖျန်းကာ ငြှိမ်းသတ် လျက်ရှိပြီး လိုအပ်သည့်နေရာများတွင်သာ Bio Foam (အမြှုပ်ဆေးရည်) ကို အသုံးပြုငြှိမ်းသတ်လျက်သည်။ ထိုသို့ငြှိမ်းသတ်ရာတွင် မီးငြှိမ်းသတ်မှုအင်အား ၉ဝဝ ကျော်တို့၏ အလှည့်ကျဆောင်ရွက်မှုနှင့်အတူ မီးငြှိမ်းသတ် ယာဉ်၊ အထောက်အကူပြုယာဉ်၊ ရေသယ်ယာဉ် စုစုပေါင်း အစီး ၃၈ဝ၊ ရေတင်စက်အလုံး ၄ဝ၊ ဘက်ဟိုးယာဉ် ကိုးစီး တို့ဖြင့် တစ်ရက်လျှင် ရေဂါလန်တစ်သန်းခန့်ကို အသုံး ပြုကာ ငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်

No comments:

Post a Comment