Sunday, April 29, 2018

ကျန်းမာရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ဆောင်ရွက်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူ့အတွက် ဒုတိယ (၁) နှစ်တာ

Image may contain: 1 person, closeup
မဟန်နီ
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ပြည်သူ့အတွက် ဒုတိယ (၁) နှစ်တာ ကာလအတွင်း ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ပြည်သူ့အတွက် ဒုတိယ (၁) နှစ်တာ ကာလအတွင်း ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုးချဲ့တည်ဆောက်ခဲ့
ပြည်သူ့အတွက် ဒုတိယ (၁) နှစ်တာ ကာလအတွင်း ကျန်းမာရေးကဏ္ဍ မြှင့်တင် ဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲများကို တိုက်နယ်ဆေးရုံများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့သည့်အပြင် ဆေးရုံများလည်း တိုးချဲ့တည်ဆောက်ခဲ့ကြောင်း သိရသည်။
''မန္တလေးတိုင်းဒေသကြီးက ခရိုင်၊ မြို့နယ်၊ ကျေးရွာမှာရှိတဲ့ တိုက်နယ်ဆေးရုံတွေမှာ အဆောင်တွေတိုးချဲ့တယ်၊ ဝန်ထမ်းအိမ်ရာ တွေ ဆောက်ပေးတယ်၊ တိုက်နယ်ဆေးရုံ တွေ တည်ဆောက်ပေးတယ်၊ ဒီနှစ်နှစ်အတွင်း မှာ ကျေးလက်ကျန်းမာရေးဌာနခွဲ ငါးခုကို တိုက်နယ်ဆေးရုံအဆင့် မြှင့်တင်ပေးတယ်၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွေကို တည် ဆောက်ပေးရုံတင်မကဘဲ ဆေးဝါးတွေ ဖြည့်တင်းပေးတယ်''ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြော ကြားသည်။
အသုံးပြုခဲ့
ကျန်းမာရေးကဏ္ဍ ဆေးဝါးဖြည့်တင်းခြင်း အတွက် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ကျပ် သန်းပေါင်း ၁၇၇ ဒသမ ၆၈ သန်းနှင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၂၃ဝ ကို အသုံးပြုခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ သိရသည်။
''၂ဝ၁၆-၂ဝ၁၇ ခုနှစ်အတွက် ကျပ် သန်းပေါင်း ၁၇၇ ဒသမ ၆၈ သန်းနဲ့ ဆေးဝါး ၁၁၃ မျိုးကို ဖြည့်တင်းပေးတယ်၊ အလားတူ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်မှာ ကျပ်သန်း ၂၃ဝ ဖိုးကို ဖြန့်ပေးခဲ့တယ်၊ ကျွန်တော်တို့ ကာကွယ်ရေး လုပ်ငန်း သုံးခုလုပ်ရတယ်၊ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်မှာ ၉၃ ရာခိုင်နှုန်း သံချဆေးတိုက်ကျွေး နိုင်တယ်၊ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်မှာလည်း ဒီ ရာခိုင်နှုန်းလောက် တိုက်ကျွေးမယ်၊ ဂျပန် ဦးနှောက်အမြှေးရောင် ကာကွယ်ဆေးကို ကျောင်းအခြေပြုထိုးပေးတယ်၊ ၉ဝ ရာခိုင်နှုန်း ကျော် ထိုးနှံပေးခဲ့တယ်၊ ရပ်ကွက်အခြေပြု ကိုလည်း ၉၅ ရာခိုင်နှုန်းလောက် လုပ်နိုင်ခဲ့ တယ်၊ ကျွန်တော်တို့ တိုင်းဒေသကြီးမှာ ဆင်ခြေထောက်ရောဂါပိုး ကျန်သေးတယ်၊ အဲဒီအတွက်လည်း နှစ်နှစ်တာမှာ ၉၆ ဒသမ ၂၈ ရာခိုင်နှုန်းလောက် လုပ်နိုင်တယ်''ဟု ကျန်းမာရေးကဏ္ဍဆောင်ရွက်မှုအပေါ် တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ပြောကြားသည်။
တိုးချဲ့တည်ဆောက်
တိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ကျောင်းဆောင်သစ်များ တိုးချဲ့ တည်ဆောက်ခြင်းအပါအဝင် ကျောင်းအဆင့် တိုးမြှင့်ခြင်း၊ စာစစ်ဌာနအသစ်များ တိုးချဲ့ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလွန်အရေးကြီး
''ပညာရေးကဏ္ဍက အလွန်အရေးကြီး တယ်၊ နှစ်နှစ်တာကာလအတွင်းမှာ ပြည်ထောင်စုရန်ပုံငွေကနေ ၁၅ ဒသမ ၆၉၈ ဘီလီယံနဲ့ ကျောင်းဆောင်အသစ် ဆောက်ခဲ့ တယ်၊ ၅၇၃ ကျောင်း အသစ်ဆောက်နိုင်ခဲ့ တယ်၊ အလှူရှင်တွေက ၃ ဒသမ ၅၄ ဘီလီယံ လောက်နဲ့ ကျောင်းဆောင်သစ်တွေ ဆောက် ပေးတယ်၊ နှစ်နှစ်အတွင်းမှာ ၇၄ ခု ဆောက် ပေးနိုင်ခဲ့တယ်၊ အဲဒီကြားထဲမှာ ကျောင်း အဆင့်တိုးခြင်းတွေကိုလည်း ဆောင်ရွက်ခဲ့ တယ်၊ ကျောင်းပေါင်း ၇ဝ လောက်ကို အဆင့်တိုးပေးနိုင်ခဲ့တယ်၊ စာစစ်ဌာနတွေလည်း တိုးပေးတယ်၊ နှစ်နှစ်အတွင်း ၂၈ မြို့နယ်မှာ စာစစ်ဌာန ၂၁ ခု တိုးပေးနိုင်ခဲ့တယ်။
''ကျောင်းပြင်ပပညာရေးနဲ့ ပတ်သက်ပြီး တော့လည်း ဆောင်ရွက်ခဲ့ပါတယ်၊ စာသင် ခန်းထဲရောက်ရမယ့် ကလေးလေးတွေ အလုပ်လုပ်နေရတယ်၊ ဒါကြောင့် နှစ်နှစ်တာ အတွင်း မန္တလေးတိုင်းဒေသကြီး မြို့နယ်ခုနစ် မြို့နယ်မှာ စေတနာ့ဝန်ထမ်း ဆရာ ဆရာမ ၆ဝ ကျော်လောက်နဲ့ ပထမနှစ်မှာ ကလေး ၆ဝဝ ကျော်လောက်ကို သင်ပေးနိုင်တယ်၊ နောက်နှစ်မှာ ၄ဝဝ ကျော်လောက်ကို သင်ပေး နိုင်တယ်၊ ထူးခြားတာက တိုင်းရင်းသားစာပေနဲ့ ဘာသာစကားကို သင်ခိုင်းတယ်၊ အစိုးရ ကျောင်းတွေမှာ ညအိပ်ညနေ နေခိုင်းပြီးတော့ ရန်ပုံငွေနဲ့ ငါးတန်းခြောက်တန်းအထိ သင်ပေး တာရှိတယ်၊ ရှမ်းဘာသာနဲ့ လီဆူးဘာသာပါ'' ဟု ဝန်ကြီးချုပ်က ပြောသည်။
ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိ
တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်မှုရရှိစေရန် ပြည်တွင်း ပြည်ပ ရင်းနှီး မြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိပြီး တိုင်း ဒေသကြီးအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁ ဒသမ ၈၈၂ ဘီလီယံ နှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ကျပ် ၂၈၂၉ ဒသမ ၆၇ ဘီလီယံရှိကြောင်း သိရသည်။
အလုပ်အကိုင်အခွင့်အလမ်းတွေ
ဖန်တီးပေးနိုင်
''နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ရင် မန္တလေးမှာ နိုင်ငံပေါင်း ၁၂ နိုင်ငံက ရင်းနှီး မြှုပ်နှံတာရှိပါတယ်၊ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၈၂ ဘီလီယံလောက် ရင်းနှီးမြှုပ်နှံထား တယ်။ နိုင်ငံသားရင်းနှီးမြှုပ်နှံတာက လုပ်ငန်း ၃ဝ ရှိတယ်၊ အဲဒါတော့ မြန်မာကျပ်ငွေနဲ့ ၂၈၂၉ ဒသမ ၆၇ ဘီလီယံရင်းနှီးမြှုပ်နှံထားတဲ့ အတွက် ဒါဟာ အားရစရာကောင်းပါတယ်၊ တိုင်းဒေသကြီးမှာ ရင်းနှီးမြှုပ်နှံမှုလုပ်လို့ရပြီ၊ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဆိုပြီး ဖွဲ့စည်းထားပါပြီ၊One Stop Service ပုံစံ ကျွန်တော်တို့ လုပ်လိုက်တယ်၊ ရင်းနှီးမြှုပ်နှံမှုလုပ်ချင်တဲ့သူတွေအတွက် အစည်း အဝေးထိုင်ပြီး တစ်ပြိုင်တည်းခွင့်ပြုပေးလိုက် တယ်၊ ရင်းနှီးမြှုပ်နှံမှုလက်မှတ်လည်း တစ်ခါ တည်း ထုတ်ပေးလိုက်တယ်၊ အဲဒါက အားသာ ချက်ပဲ၊ နိုင်ငံခြားသားကော နိုင်ငံသားပါ ရင်းနှီးမြှုပ်နှံမှုရှိမှ အလုပ်အကိုင်အခွင့်အလမ်း တွေ ဖန်တီးပေးနိုင်မယ်''ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ရင်းနှီး မြှုပ်နှံမှုတိုးတက်ရရှိအောင် ဆောင်ရွက်သွား မည့် အခြေအနေအပေါ် ''မန္တလေးတိုင်းဒေသ ကြီးမှာ ရင်းနှီးမြှုပ်နှံမှုဟာ အလားအလာ ကောင်းတွေ အများကြီးရှိပါတယ်၊ ဒါကြောင့်မို့ လျှပ်စစ်ဓာတ်အား ပိုထုတ်နိုင်အောင် ကြိုးစား နေတယ်၊ လျှပ်စစ်ဓာတ်အားထုတ်ပြီး မြေပေး နိုင်ရင် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာမှာ ပါ၊ တိုင်းဒေသကြီးအတွက် ကောင်းသလို နိုင်ငံတော်အတွက်လည်း ကောင်းပါတယ်၊ ဒေသခံတွေအတွက် အလုပ်အကိုင် ဖန်တီးပေး နိုင်မှာပါ''ဟု ပြောကြားသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးအတွက် ငါးနှစ် စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက် နေပြီး နိုင်ငံ့ဝန်ထမ်းများအတွက် ရည်ရွယ် သည့် အောင်မြေမန္တလာအိမ်ရာစီမံကိန်းကို လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
''ငါးနှစ်မှာ မန္တလေးတိုင်းဒေသကြီး အတွက် အိမ်ရာ ၂ဝဝဝ စီမံကိန်းရှိတယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှာက ဝန်ထမ်း ပေါင်း ၆၅ဝဝဝ ကျော်လောက်ရှိတယ်၊ ဒီထဲက ၃ ဒသမ ၂၈ ရာခိုင်နှုန်းလောက်ပဲ အိမ်ရာရ တယ်၊ တစ်ရာမှာ သုံးယောက်ပဲရတယ်ဆိုတော့ ဘယ်လိုမှမပြည့်စုံဘူး၊ အရင်အစိုးရ လက်ထက်က ၁၈၄၆ ခန်းလောက်ရှိတယ်၊ ကျွန်တော်တို့ နှစ်နှစ်တာကာလအတွင်းမှာ ၉၃၆ ခန်းလုပ်နိုင်တယ်၊ ငါးဆယ်ရာခိုင်နှုန်း လောက် နှစ်နှစ်အတွင်းမှာ လုပ်နိုင်တယ်၊ ဒါကလည်း ကျေနပ်စရာမကောင်းသေးဘူး၊ ဒီထက်ပိုပြီး လုပ်ပေးသင့်တယ်၊ အောင်မြေ မန္တလာအိမ်ရာစီမံကိန်း ကျွန်တော်တို့လုပ်နေ တာရှိပါတယ်၊ အဲဒီမှာ အခန်းပေါင်း ၂၄ဝ ပါတဲ့ အိမ်ရာတွေ အကောင်အထည်ဖော်နေ တယ်၊ ဒီအိမ်ရာတွေကတော့ နိုင်ငံ့ဝန်ထမ်း တွေအတွက် ဖြစ်ပါတယ်၊ အရင်တုန်းက ဆောက်ခဲ့တဲ့ မြရည်နန္ဒာအိမ်ရာရှိတယ်၊ အခန်းပေါင်း ၈ဝဝ ရှိတယ်၊ ဒါကို ဝန်ထမ်း တွေကို မဲနှိုက်ပေးတယ်၊ ၃ဝ ရာခိုင်နှုန်းကို လက်ငင်းသွင်းပြီး ကျန်တာကိုတော့ ဘဏ်နဲ့ ဆက်ပြီးပေးရတာပေါ့၊ ဒါကလည်း ဝန်ထမ်း တွေအတွက် တော်တော်အဆင်ပြေပါတယ်'' ဟု ဝန်ကြီးချုပ်က ပြောသည်။
မီးရရှိအောင်ဆောင်ရွက်ခဲ့
ကျေးလက်နှင့်မြို့ပြ တစ်ပြေးညီ ဖွံ့ဖြိုး တိုးတက်မှုရရှိစေရန် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကိုလည်း အကောင် အထည်ဖော်လျက်ရှိရာ တိုင်းဒေသကြီး အတွင်းရှိ ကျေးရွာပေါင်း ၄ဝဝဝ ကျော်မှ ၂ဝဝဝ ကျော် မီးရရှိအောင်ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
''ဒီနှစ်နှစ်အတွင်းမှာ မန္တလေးတိုင်း ဒေသကြီးအတွင်းမှာ ကျေးရွာပေါင်း ၄၈ဝ၇ ရွာရှိတယ်၊ မီးလင်းပြီးတဲ့ရွာပေါင်းက ၂၁၁၇ ရွာရှိတယ်၊ မီးလင်းရန် ကျန်တဲ့ကျေးရွာပေါင်း က ၂၆၉ဝ ကျန်တယ်၊ တစ်နည်းအားဖြင့် ၄၅ ဒသမ ၄ ရာခိုင်နှုန်း မီးလင်းပြီးဖြစ်တယ်၊ နှစ်နှစ်အတွင်းမှာ ကျေးရွာမီးလင်းရေးအတွက် ၁၈ ဘီလီယံလောက် သုံးတယ်၊ နှစ်နှစ်အတွင်း မှာ ၆၆ ကေဗွီခွဲရုံ ခြောက်ရုံဆောက်နိုင်တယ်၊ ၃၃ ကေဗွီခွဲရုံ ၁၃ ရုံဆောက်နိုင်ခဲ့ပြီး ၁၁ ရုံ ကို အဆင့်တိုးမြှင့်နိုင်ခဲ့တယ်၊ ဘာပဲပြောပြော မီးလင်းရေးကဏ္ဍကတော့ အားရတယ်။
ကျေးလက်ကော မြို့ပြပါ ဖွံ့ဖြိုးဖို့လိုအပ်
''ကျေးလက်ကော မြို့ပြပါ ဖွံ့ဖြိုးဖို့လိုအပ် ပါတယ်၊ မြို့ပေါ်မှာလည်း လမ်းတွေ၊ မီးတွေ ကောင်းအောင် ဆောင်ရွက်တယ်၊ တခြားမြို့ က လာတဲ့သူတွေက မန္တလေးကို သဘောကျ ကြတယ်''ဟု ဝန်ကြီးချုပ်က ပြောသည်။
ကွန်ကရစ်လမ်း ၇ မိုင် ၄ ဖာလုံ၊ ကတ္တရာ လမ်း ၁၉၆ မိုင်ကျော်၊ ကွန်ကရစ်တံတား ၁ဝ၉ စင်းနှင့် ရေကျော် ၂၂၅ စင်းကို ငွေကျပ် ၁၃ ဒသမ ၈၉ ဘီလီယံ အသုံးပြုကာ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
''အခု ကျွန်တော်တို့ တိုင်းဒေသကြီးမှာ ဧရာဝတီမြစ်ကမ်းပြိုတာတွေရှိတယ်၊ နှစ်နှစ် အတွင်းမှာ မြင်းခြံက တစ်ရွာနဲ့ ညောင်ဦးက တစ်ရွာကို ပြောင်းရွှေ့ပေးခဲ့ရတယ်၊ ကုန်ကျ စရိတ် သိန်းထောင်ချီကုန်ကျပါတယ်၊ စိုက်ပျိုး ဧက ၃၁၅၂၅ ဧကအတွက် ရေကြီးရေလျှံမှု မဖြစ်အောင် ရေနုတ်မြောင်း ၃၃ ခုကို ၂ ဒသမ ၅ ဘီလီယံ ကုန်ကျခံပြီး ဖော်ပေးခဲ့ ပါတယ်၊ ဒါတွေကို ဆောင်ရွက်ပေးခဲ့လို့ ကျေးရွာတွေမှာ စိုက်ပျိုးမြေတွေ ရေကြီးရေလျှံ တာကနေ ကာကွယ်နိုင်တယ်လို့ ပြောစမှတ်ပြု ကြတယ်။
သဘာဝအရင်းအမြစ်ပေါ
''အစိုးရဆိုတာ ပြည်သူလူထုကို အခြေပြု ပြီး ဆောင်ရွက်ရတာပါ၊ ကျွန်တော်တို့ ပိုင်းဖြတ်ထားတာကိုက တရားဥပဒေစိုးမိုးရေး နဲ့ နိုင်ငံသားတွေရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး ပါ၊ ဒါကလည်း အစိုးရချည်း လုပ်လို့မရဘူး၊ ပြည်သူပါမှလည်း ရမှာပါ၊ ကျွန်တော်တို့နိုင်ငံ ဟာ သဘာဝအရင်းအမြစ် ပေါတယ်၊ တိုင်းပြည်ဖွံ့ဖြိုးဖို့ အခြေခံကောင်းတွေရှိတယ်၊ ဒီနေရာကို ရောက်နေတာလည်း ပြည်သူက မဲပေးပြီး ရွေးချယ်ပေးခဲ့လို့ပါ၊ ဒါကြောင့် ပြည်သူ့အတွက် ဆောင်ရွက်ပေးနေတယ်၊ ပြည်သူလူထုကိုလည်း နားလည်ပေးစေချင်ပါ တယ်''ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။
ပြည်သူလူထုအားနဲ့ ဆောင်ရွက်တတ်ဖို့
အင်မတန်အရေးကြီး
တိုင်းဒေသကြီးအဖွဲ့၏ ဆောင်ရွက်မှု အပေါ် ယုံကြည်ရာအသိပညာပြန့်ပွားရေး အသင်းမှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ တေဇာဆန်းက ''ပြည်သူ့အားနဲ့တက်လာတဲ့ အစိုးရဖြစ်တဲ့အတွက် ပြည်သူလူထုအားနဲ့ ဆောင်ရွက်တတ်ဖို့ အင်မတန်အရေးကြီးပါ တယ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးက အစ အားလုံးပါဝင်ဖို့လိုပါတယ်၊ ဒါကြောင့် ပြည်သူ့အားကို ဒီထက်မက ပါဝင်နိုင်အောင် ဆောင်ရွက်သင့်တယ်လို့ ထင်ပါတယ်''ဟု အကြံပြုပြောသည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် သိမ်းဆည်းလယ်ယာမြေများနှင့် ပတ်သက်၍ လည်းကောင်း၊ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးနှင့် ပတ်သက်၍လည်းကောင်း အားဖြည့်ဆောင်ရွက်လိုကြောင်း သိရ သည်။
မူလပိုင်ရှင်ထံ ပြန်လည်အပ်နှံ
တိုင်းဒေသကြီးအစိုးရအနေဖြင့် ၎င်းတို့ တာဝန်ယူသည့်နှစ်နှစ်တာအတွင်း သိမ်းဆည်း လယ်ယာမြေ ဧက ၃ဝဝဝ ကျော်ကို မူလ ပိုင်ရှင်ထံ ပြန်လည်အပ်နှံနိုင်အောင် ဆောင် ရွက်ခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်က ''ကျွန်တော် တို့ အားမရတာက သိမ်းဆည်းခံမြေပြဿနာ တွေပါ၊ တောင်သူတွေက ဆန္ဒပြနေတာ တွေ့ရ ပါတယ်၊ တောင်းနေတာ တွေ့ရတယ်၊ တတ်နိုင်သမျှ ဆောင်ရွက်ပေးတယ်၊ နှစ်နှစ် အတွင်းမှာ မြေဧက ၃ဝဝဝ ကျော်ကို သက်ဆိုင် တဲ့ တောင်သူတွေဆီကို ပြန်လည်ပေးအပ်နိုင် တယ်၊ လောလောဆယ်ပြန်ပေးနိုင်ဖို့ ၁၄ဝဝဝဝ ကျော်လောက် ကျွန်တော်တို့ လက်ထဲမှာရှိပါတယ်၊ စိစစ်ရတာလည်း ကြာပါတယ်၊ ပိုင်ရှင်မဟုတ်ရင် ပြဿနာရှိ နိုင်ပါတယ်၊ ပိုင်ရှင်အစစ်အမှန်ထံ ပေးအပ် နိုင်ဖို့ ဆောင်ရွက်ရပါတယ်။
ဒီထက်ပိုလုပ်ပေးချင်
''အခုဆိုရင် တံတားဦးနားက လေယာဉ် ကွင်းဆောက်တုန်းက သိမ်းထားတဲ့ မြေဧက ၄ဝဝဝ ကျော်လောက် ပြန်ရထားတာရှိတယ်၊ ဒါတွေကို မူလပိုင်ရှင်ထံ ပြန်ပေးဖို့ အခုစီစဉ် နေပါတယ်၊ ပြင်ဦးလွင်မှာလည်း ဧက ၂၉ဝ လောက် ရှိပါတယ်၊ ပေးစရာ တစ်သောင်း ကျော်ကျော်လောက် ကျန်ပါတယ်၊ တတ်နိုင် သမျှ ပေးချင်ပါတယ်၊ ငါးနှစ်အတွင်းမှာ ဘယ်လောက်ပေးနိုင်တယ်ဆိုတာ အမြဲတမ်း ဆန်းစစ်နေပါတယ်၊ ကြိုးစားဆောင်ရွက်နေ တယ်၊ အားရလားဆိုရင်တော့ အားတော့မရ ပါဘူး၊ ဒီထက်ပိုလုပ်ပေးချင်ပေမယ့် ကျွန်တော် တို့မှာလည်း အခက်အခဲတွေရှိပါတယ်''ဟု ပြောသည်။
မူးယစ်ဆေးဝါး ကာကွယ်တားဆီး
တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အားဖြည့်ဆောင်ရွက်လိုသည့် မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍လည်း ''နောက်တစ်ခုက မန္တလေး ကို ဝေဖန်ကြတာက မူးယစ်ဆေးဝါး ပေါ တယ်၊ မန္တလေးက အချက်အချာဖြစ်နေတယ်၊ အဝင်အထွက်များတယ်၊ စီမံချက်တွေနဲ့လည်း ဖမ်းဆီးနေတယ်၊ အများကြီးလည်း ဖမ်းမိ တယ်၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဘယ်လောက်ဖမ်းဖမ်း နည်းမျိုးစုံနဲ့ ဝင်နေ တော့ ကျွန်တော်တို့ကို အားနည်းတယ်လို့ ထင်တယ်၊ မဟုတ်ပါဘူး၊ ကျွန်တော်တို့ဂိတ်တွေ ကနေလည်း ဖမ်းပါတယ်၊ သတင်းပေးရင်လည်း ဖမ်းပါတယ်၊ မူးယစ်တပ်ဖွဲ့တွေက သတင်း တွေရမှလည်း ဖမ်းနိုင်မှာပါ၊ အခုက သတင်း ပေးတဲ့သူ နည်းသွားတယ်၊ မပေးရဲကြဘူး၊ ဒါကြောင့် ဖမ်းတာကို တပ်ဖွဲ့တွေက ကိုယ်တိုင် ကြိုးပမ်းပြီး ဖမ်းရတယ်၊ မိတာကတော့ အပတ်စဉ်မိနေတယ်၊ နှစ်စဉ် ဇွန်လဆို ဖမ်းဆီး ထားတာတွေကို ဖျက်ဆီးပါတယ်၊ ဘယ်လို ဖမ်းဖမ်း၊ ဘယ်လိုဖျက်ဆီးဖျက်ဆီး ရှိနေသေး တယ်၊ ဒါက ဝေဖန်စရာရှိတယ်၊ အားလုံးသော ဌာနဆိုင်ရာတွေ ကြိုးစားနေပါတယ်။
''နောက်တစ်ခုက မန္တလေးက ဆိုင်ကယ် စီးတဲ့သူ များတယ်၊ ယာဉ်တိုက်မှုများနေလို့ ဝေဖန်ကြတာလည်း ရှိပါတယ်၊ တိုင်းဒေသကြီး တစ်ခုလုံးပြောတာပါ၊ ဒါကိုလည်း ဆောင်ရွက် မှာပါ၊ ဒါပေမယ့် အစိုးရချည်းပဲတော့ မရပါ ဘူး၊ ပြည်သူလူထုကလည်း ပါဝင်ရမှာပါ၊ ကျွန်တော်တို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တွေနဲ့ ပတ်သက်ပြီး အသိပညာပေးတယ်၊ ဒါပေမယ့်Report ထွက်လာရင် ယာဉ်တိုက်မှု တွေက နည်းနည်းရှိနေသေးတယ်၊ ဒါကြောင့် လည်း ဒါကို အားမရသေးဘူး။
လုံခြုံရေးဆောင်ရွက်နေ
''နောက်တစ်ခု မန္တလေးမြို့ကြီး မလုံခြုံ တော့ဘူးလို့ ပြောနေကြတယ်၊ လှည့်ကင်း တွေ၊ ပတ်ကင်းတွေ၊ ဝပ်ကင်းတွေနဲ့ဆောင်ရွက် နေပါတယ်၊ ချောင်ကျတဲ့နေရာ၊ လုယက်မှု များတဲ့နေရာတွေမှာ အင်အား ၄ဝဝ လောက် နဲ့ အမြဲတမ်းဆောင်ရွက်နေပါတယ်၊ ဒါပေမယ့် လုယက်တဲ့လူငယ်တွေရဲ့ပုံသဏ္ဌာန်က လူငယ် တွေ ဖြစ်နေတယ်၊ မူးယစ်သုံးတာတွေလည်း ပါမှာပေါ့၊ လောင်းကစားတွေလည်း ပါမှာပေါ့၊ ကြုံသလို လုနေတယ်၊ လုံခြုံရေး ဆောင်ရွက် နေပေမယ့် ရှိတော့ရှိနေသေးတယ်၊ ပြည်သူ လူထုက ဒီအသိကို မြှင့်တင်ရင် အဆင်ပြေနိုင် ပါတယ်။ လုံးဝမလုံခြုံတာတော့ မဟုတ်ပါဘူး။ အားရလားမေးရင်တော့ အားရစရာ မရှိသေး ဘူး''ဟု ပြောကြားခဲ့သည်။
''ဒီမိုကရေစီမှာ အရေးကြီးတာက ပြည်သူ ပါဝင်ဆောင်ရွက်မှုပါ၊ ကိုယ်ရွေးချယ်တဲ့ အစိုးရနဲ့အတူ ပူးပေါင်းပါဝင်ရမယ်၊ မန္တလေး မှာဆိုရင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာတာတွေရှိပါတယ်၊ တိုင်းဒေသကြီး အစိုးရကလည်း မီးပွိုင့်ကအစ လုပ်ပေးတာပဲ၊ မလိုက်နာတဲ့သူတွေ ရှိနေသေးတဲ့အတွက် စည်းကမ်းလိုက်နာစေချင်ပါတယ်''ဟု မန္တလေး တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာနမှ ဒေါက်တာဇော်စိုးက အကြံပြုသည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မန္တလေးတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်အကောင်အထည်ဖော်မည့် စီမံကိန်းများစွာရှိကြောင်းသိရပြီး အဆိုပါ စီမံကိန်းများတွင် မြို့သစ်စီမံကိန်းများ၊ ဆိပ်ကမ်းဖွံ့ဖြိုးရေးစီမံကိန်းများလည်း ပါဝင် ကြောင်း သိရသည်။
အလားအလာကောင်းတွေရှိ
''မန္တလေးတိုင်းဒေသကြီးအနေနဲ့ ဆောင် ရွက်မယ့် လုပ်ငန်းတွေရှိပါတယ်။ မြို့သာ စက်မှုလုပ်ငန်းပါ၊ နိုင်ငံခြားကလည်း ရင်းနှီး မြှုပ်နှံမှုလာတဲ့အတွက် အလားအလာကောင်း တွေ ရှိပါတယ်။ နောက်တစ်ခုက ရတနာပုံ မြို့သစ်စီမံကိန်း၊ ပြင်ဦးလွင်မှာလုပ်မယ့် စီမံကိန်းလည်း လုပ်ဖို့ရှိပါတယ်။ ဆိပ်ကမ်းတွေ တည်ဆောက်ဖို့ စင်ကာပူနဲ့ ဆွေးနွေးထားတာ ရှိပါတယ်။ မန္တလေးဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက် အောင် လုပ်ပါ့မယ်။ ဧရာဝတီမြစ်ပေါ်မှာ ကုန်စည်စီးဆင်းမှု အများကြီးရှိပါတယ်။ စနစ် ကျတဲ့ ဆိပ်ကမ်း မရှိသေးပါဘူး။ အဲဒီအတွက် ကျွန်တော်တို့ ဆိပ်ကမ်းရော၊ ဆိပ်ကမ်းပတ်ဝန်း ကျင်မှာပါ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွား မှာပါ။ အမရပူရ ဖွံ့ဖြိုးရေးစီမံကိန်းလည်း ရှိပါတယ်။ စလည်း စနေပါပြီ။ ပလိပ်မှာ ကုန်းတွင်းဆိပ်ကမ်းလို (Dry Port) ကိုလည်း ဆောင်ရွက်သွားမှာပါ။ မန္တလေးမြို့ ဖွံ့ဖြိုး တိုးတက်မှုအတွက် အခြေခံကောင်းတွေ ပေးနိုင်အောင်ပါ။
''စီမံကိန်းတွေ လုပ်ချင်ပေမယ့် မြေနေရာ အခက်အခဲတော့ ရှိပါတယ်၊ မြို့ရေပေးရေး စီမံကိန်းတွေ၊ မိလ္လာစနစ်တွေ၊ ပြင်သစ်နဲ့ ရေဆိုးရေညစ် စွန့်ပစ်မှုတွေနဲ့ ပတ်သက်တာ တွေ ဆောင်ရွက်နေပါတယ်၊ အမှိုက်စွန့်ပစ် တာကိုလည်း လူထုအခြေပြုဆောင်ရွက်နိုင် အောင် ဆောင်ရွက်နေတယ်''ဟု ဝန်ကြီးချုပ် က ရှင်းပြသည်။
ပြည်သူက ရွေးချယ်တင်မြှောက်ထား သော ပြည်သူ့အစိုးရဖြစ်သည့်အားလျော်စွာ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ချက်များတွင် ပြည်သူနှင့်အတူ ပူးပေါင်းဆောင် ရွက်လိုသည့် မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် ကျန်ရှိနေသည့် သုံးနှစ်တာ ကာလအတွက်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြ အပ်ပါသည်။ ။

No comments:

Post a Comment