Wednesday, April 4, 2018

သစ်လုံးများကို ပန်းပုရုပ် ထုဆစ်ပြီးမှ ပြည်ပနိုင်ငံများသို့ တင်ပို့ပါက လုပ်ငန်းရှင်များနှင့် ပညာရှင်များ၏ လူမှုဘဝ ပိုမိုတိုးတက်စေမည်ဟုဆို

Image may contain: 1 person, sitting, shoes and food
မန္တလေး ဧပြီ ၃
မြန်မာ့ထွက်ကုန် သစ်များကို ပန်းပုရုပ်များ ထုဆစ်၍ ပြည်ပပို့ကုန်အဖြစ် နိုင်ငံတော်အစိုးရမှ ဖြေလျှော့မှုများ ပိုမိုခွင့်ပြုပေးပါက လုပ်ငန်းရှင်များနှင့် ပညာရှင်များ၏ လူမှုဘဝကို ပိုမိုတိုးတက်စေမည့်အပြင် နိုင်ငံခြားဝင်ငွေလည်း တိုးတက်ရရှိနိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သစ်တောထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရဲမင်းသူက ပြောသည်။
လက်ရှိတွင် သစ်ဖြင့် ထုဆစ်ထားသည့် ပန်းပုရုပ်များ ပြည်ပသို့ တင်ပို့ခွင့် ကို လက်ဆောင်ပစ္စည်းအဖြစ် ဒေါ်လာ ၅ဝဝ ဖိုးအထိသာ ဝယ်ယူသယ်ဆောင် သွားနိုင်သည့် ဖြေလျှော့မှုကို လုပ်ဆောင်ပေးထားပြီး ယခုထက်ပိုမိုသော ဖြေလျှော့မှုများကို ခွင့်ပြုပေးရန် သက်ဆိုင်ရာဌာနဆိုင်ရာများသို့ တင်ပြသွား ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
''သစ်အလုံးလိုက် ပြည်ပပို့တာထက် သစ်ကို ပန်းပုရုပ်အဖြစ် ထုဆစ်ပြီး ပြည်ပ ပို့တာက နိုင်ငံခြားဝင်ငွေ ပိုရမယ်၊ ပြီးခဲ့တဲ့ လက ပုဂံ၊ ညောင်ဦးကိုလာတဲ့ နိုင်ငံခြား သားတစ်ယောက်က အဲ့ဒီမှာရောင်းချတဲ့ ဆင်ရုပ်တွေကို သဘောကျလို့ အများကြီး ဝယ်ယူချင်တယ်၊ ဒါပေမဲ့ သူ့နိုင်ငံကို ဝယ်ယူတင်သွင်းဖို့အတွက် ဥပဒေအရ ခွင့်မပြုထားဘူး၊ ဒီလို တင်ပို့ခွင့်မရတဲ့အခါ လုပ်ငန်းရှင်အတွက်လည်း ဆုံးရှုံးတယ်၊ ပညာရှင်အတွက်လည်း ဆုံးရှုံးတဲ့အပြင် နိုင်ငံတော်ကရရှိမယ့် အခွန်ဘဏ္ဍာတွေ လည်း ဆုံးရှုံးတယ်၊ ပန်းပုထုတဲ့သစ်ဆိုတာ လမ်းဘေးသစ်တွေ များပါတယ်၊ ပွင့်ပွင့် လင်းလင်းပြောရရင် ကျွန်တော်တို့ နိုင်ငံရဲ့ အမှိုက်ပါ၊ အမှိုက်ကနေ ရွှေဖြစ်မယ့် ကိစ္စတွေမှာ ဝန်ကြီးဌာနတွေကို ဖြေလျှော့ပေး ဖို့ တင်ပြသွားမယ်''ဟု၎င်းက ပြောသည်။
ပန်းပုရုပ်များကို ပြည်ပသို့ ပိုမိုတင်ပို့ နိုင်ပါက နိုင်ငံ၏ ယဉ်ကျေးမှုအနုပညာပုံရိပ်ကို ကမ္ဘာသို့ ပိုမိုပျံ့နှံ့စေနိုင်ပြီး ပြည်တွင်းပန်းပု လုပ်ငန်း၏ ဈေးကွက်ကို အထောက်အကူပြု စေမည်ဖြစ်သော်လည်း လက်ရှိတွင် တင်ပို့ ခွင့်မရှိခြင်းကြောင့် ပြည်တွင်းပန်းပုပညာရှင် များ အလုပ်အကိုင်ရှားပါးခြင်း၊ တိမ်မြုပ် ပျောက်ကွယ်ခြင်းနှင့် မျိုးဆက်သစ်လူငယ် များ စိတ်ဝင်စားမှုမရှိခြင်းတို့ကို ကြုံတွေ့နေရ ကြောင်း သိရသည်။
''အရင်က မန္တလေးမြို့ရဲ့ တမ္ပဝတီ အရပ်မှာ ပန်းပုဆရာတွေက အလုပ်နဲ့ လက်နဲ့မပြတ်အောင် ပန်းပုဈေးကွက်ကောင်း ခဲ့တယ်၊ အခု ပန်းပုဆရာတော်တော်များများ က ဆိုင်ကယ်တက္ကစီ မောင်းသမားနဲ့ မြင်းလှည်းဆရာတွေ ဘဝကို ရောက်နေကြ တယ်၊ သူတို့အလုပ်မဖြစ်တော့ သူတို့ သားသမီးတွေကလည်း ဒီလုပ်ငန်းကို စိတ်ဝင်စားမှု မရှိကြတော့ဘူး၊ ကြာရင် ဒီပညာရပ်က တိမ်မြုပ်ပျောက်ကွယ်သွား တော့မယ်''ဟု ၎င်းက ဆက်လက်ပြောကြား သည်။
လက်ရှိတွင် နိုင်ငံတော်အစိုးရက သစ်လုပ်ငန်းရှင်များအတွက် ဖြေလျှော့မှုများ အနေဖြင့် ယခင်လိုင်စင် သက်တမ်း သတ်မှတ်ချက်ကို တစ်နှစ်မှ ငါးနှစ်အထိ တိုးမြှင့်ခွင့်ပြုထားသည့်အပြင် ပန်းပုရုပ်တု များကို နိုင်ငံခြားသယ်ယူခွင့်အနေဖြင့် သမဝါယမဆိုင်များတွင် ဝယ်ယူပါက ဒေါ်လာ ၁ဝဝဝ ဖိုးနှင့် အခြားအရောင်း ဆိုင်များမှ ဒေါ်လာ ၅ဝဝ ဖိုးအထိ လွတ်လပ်စွာ ဝယ်ယူသယ်ဆောင်ခွင့်ပြု ပေးထားကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment