Monday, April 30, 2018

နျူစမ်းသပ်ရေးစခန်းကို မေလတွင် ပိတ်သိမ်းကာ အမေရိကန်လက်နက်ပါရဂူများကို ဖိတ်ခေါ်ပြသမည်ဟုဆို

Image may contain: one or more people, people standing, suit and outdoor
ဆိုးလ် ဧပြီ ၂၉
နျူကလီးယားစမ်းသပ်ရေးစခန်းကို လာမည့်လတွင် ပိတ်သိမ်းရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ကတိကဝတ်ပြုခဲ့ကြောင်း၊ စခန်း ပိတ်သိမ်းမှုနှင့်ပတ်သက်၍ သံသယကင်းရှင်းစေရန် အမေရိကန်လက်နက် ပါရဂူများကိုလည်း ဖိတ်ခေါ်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့ကြောင်း တောင်ကိုရီးယားသမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ယွန်ယောင်ချန်းက ဧပြီ ၂၉ ရက်တွင် ပြောကြားသည်။
ဧပြီ ၂၇ ရက် ကိုရီးယားကျွန်းဆွယ်ထိပ်သီးညီလာခံတွင် မြောက်ကိုရီးယား ခေါင်းဆောင်က ငြိမ်းချမ်းရေးသို့ ဦးတည်လျက် ကတိကဝတ်ပြုခြင်းကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် ယင်းနိုင်ငံနှင့် နျူကလီးယားဆိုင်ရာ သဘောတူညီချက် တစ်ရပ်ရရှိလာမည်ဟု အကောင်းဘက်မှ ရှုမြင်လျက်ရှိ ကြောင်း သတင်းများတွင် ဖော်ပြသည်။
ရက်သတ္တပတ်ပေါင်းအတန်ကြာမျှ သံတမန်ရေးလှုပ်ရှားမှုများရှိခဲ့ပြီး နောက် နျူကလီးယားကင်းမဲ့ဇုန်ထူထောင်ရေး ရည်မှန်းချက်အတိုင်း ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန် တောင်နှင့်မြောက်ကိုရီးယားတို့၏ ထိပ်သီး ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြသည်ဆို၏။
နျူကလီးယားစမ်းသပ်ရေးစခန်းကို မေလအတွင်း ပိတ်သိမ်းမည်ဟု မြောက်ကိုရီးယားခေါင်းဆောင်က ထိပ်သီးဆွေးနွေးပွဲတွင် ကတိပြုပြောကြားခဲ့ပြီး တောင်ကိုရီးယား၊ အမေရိကန်တို့မှ လက်နက်ကျွမ်းကျင်သူများနှင့် သတင်းထောက်များကို ဖိတ်ခေါ်ပြသရန်လည်း စီစဉ်ထားသည်ဟု ကင်က ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ ယွန်ယောင်ချန်းက ဆက်လက် ပြောကြားသည်။ ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် နိုင်ငံတကာ အသိုက် အဝန်းကို ကိုယ်တွေ့မျက်မြင်ဖြစ်စေရန် ကင်က လိုလားသည်ဆို၏။
အမေရိကန်သည် မိမိတို့အား စိတ်လိုက်မာန်ပါပြောဆိုခဲ့သည့်တိုင်အောင် မိမိအနေဖြင့် တောင်ကိုရီးယားကိုသော်လည်းကောင်း၊ အမေရိကန်ကိုသော် လည်းကောင်း နျူကလီးယားလက်နက်ဖြင့် ပစ်ခွင်းလိုသူမဟုတ်ဟူသော အချက်ကို မကြာမီ အမေရိကန်ဘက်မှနားလည်သဘောပေါက်လာမည် ဖြစ်ကြောင်း၊ အမေရိကန်နှင့် တွေ့ဆုံခွင့်ရလေလေ ယုံကြည်မှုတည်ဆောက်နိုင် လေလေဖြစ်ပြီး ကျူးကျော်တိုက်ခိုက်မှုဟူသည် လုံးဝဖြစ်ပေါ်လာစရာ အကြောင်းမရှိကြောင်း ကင်၏ပြောကြားချက်ကို ကိုးကား၍ ယွန်ယောင်ချန်း က ပြောကြားသည်။
အေအက်ဖ်ပီ

No comments:

Post a Comment