Monday, April 30, 2018

ပေါင်းတည်မြို့တွင် တီဘီရောဂါ စစ်တမ်းကောက်ယူခြင်းနှင့် ကွင်းဆင်းသုတေသနဆောင်ရွက်

Image may contain: 3 people, people sitting, table and indoor
ပေါင်းတည် ဧပြီ ၂၉
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့တွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ တစ်ဝန်း တီဘီရောဂါဖြစ်ပွားမှု စစ်တမ်းကောက်ယူ ခြင်းနှင့် ကွင်းဆင်းသုတေသနဆောင်ရွက်ခြင်း လုပ်ငန်းကို ဘုရားငါးဆူကျေးရွာ အလယ်တန်း ကျောင်း၌ ဧပြီ ၂၃ ရက်မှ ၂၇ ရက်အထိ ငါးရက် ကြာ ဒေသခံပြည်သူ ၅၆၄ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
အဆိုပါစစ်တမ်းကောက်ယူခြင်းလုပ်ငန်းအား Central Diagnostic Panel Survey Coordination Units နှင့် Surveyအဖွဲ့ ခြောက်ဖွဲ့ဖြင့် ၂ဝ၁၇ ခုနှစ် အောက်တိုဘာလမှစ၍ ၂ဝ၁၈ ခုနှစ် ဇွန်လအထိ ကိုးလကြာ နိုင်ငံတစ်ဝန်း လုံး၌ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါအဖွဲ့ (၃) ဦးဆောင်သူ ပြည်ခရိုင် တီဘီဌာနလက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဦးက အဖွဲ့ (၃) အနေဖြင့် မိမိအပါအဝင် အဖွဲ့ဝင်ဝန်ထမ်း ၁၃ ဦးသည် မဲကျရာ ပေါင်းတည်မြို့ ဘုရားငါးဆူ ကျေးရွာသို့ လာရောက်ကြပြီး ဒေသခံပြည်သူများ အား ဖိတ်စာဖြင့် ဖိတ်ကြားကာ မိတ်ဆက်ခြင်း၊ သုတေသန၏ရည်ရွယ်ချက်များကို ရှင်းလင်းခြင်း၊ ရောဂါကူးစက်ဖြစ်ပွားပုံအဆင့်ဆင့်ကို ရှင်းလင်း ပြောကြားသည်။
ရပ်မိရပ်ဖများ၏ ပူးပေါင်းကူညီဆောင်ရွက် မှုနှင့်အတူ ဖိတ်ကြားထားသူများအထဲမှ (၁၈) နှစ် အထက် လာရောက်ပြသသူ ၅၆၄ ဦးအား ဆီးချို၊ သွေးချို ရှိ၊ မရှိစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ပေး ခြင်းနှင့် သလိပ်စစ်ဆေးခြင်းများ ပြုလုပ်ပြီး လိုအပ်သော ဆေးဝါးများ အခမဲ့ပေးအပ်ကာ ဆေးရုံတက်ရောက်ရန်လိုအပ်သည့် လူနာများအား ပေါင်းတည်ပြည်သူ့ဆေးရုံနှင့်ချိတ်ဆက်၍ ဆေးကု သမှုခံယူနိုင်ရေးအတွက် ကူညီဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ယခု စစ်တမ်းကောက်ယူခြင်းများကို အထက် အဖွဲ့အစည်းများသို့ ဆက်လက်ပို့ဆောင်စစ်ဆေး မည်ဖြစ်ပြီး အဆိုပါစစ်ဆေးမှုရလဒ်များကြောင့် နိုင်ငံတစ်ဝန်းလုံးရှိ တီဘီရောဂါဖြစ်ပွားမှုကို သိရှိရပြီး ရောဂါကာကွယ်ရေး၊ ကုသရေးနှင့် ကာကွယ်ဆေးဝါး ထုတ်လုပ်နိုင်မှုအတွက်ပါ အကျိုးရှိမည်ဖြစ်၍ နိုင်ငံတော်၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအတွက် အထောက်အကူ များစွာရရှိမည် ဖြစ်ကြောင်း သိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)

No comments:

Post a Comment