Tuesday, April 3, 2018

အီရန်ကာဒစ္စတန်ဒေသတွင် ပြင်းအား၅ ဒသမ ၃ အဆင့်ရှိ မြေငလျင်လှုပ် လူ ၃၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

Image may contain: outdoor
အာဘီးလ် ဧပြီ ၂
အီရန်နိုင်ငံ ကာဒစ္စတန်ဒေသ ကာမန်ရှန်ပြည်နယ်တွင် ဧပြီ ၁ ရက်က အင်အားအသင့်အတင့်ရှိ မြေငလျင်လှုပ်ခဲ့ရာ လူ ၃၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။
ပြင်းအား ၅ ဒသမ ၃ ရှိ မြေငလျင်သည် ဧပြီ ၁ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင် လှုပ်ခဲ့ကြောင်း တီဟီရန်တက္ကသိုလ် ဘူမိရူပသိပံ္ပဌာန လက်အောက်ရှိ မြေငလျင်ဗေဒဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ကာမန်ရှန်ပြည်နယ်ရှိ ဆာပိုလ်အီးဇာဟက်မြို့အနီး မြေအောက်အနက် ရှစ်ကီလိုမီတာအကွာကို ဗဟိုပြု၍ မြေငလျင်လှုပ်ခဲ့ခြင်းဖြစ်သည်။ မြေငလျင်လှုပ်သည့် သတင်းထွက်ပေါ်ခဲ့ပြီးနောက် ပြည်နယ်တာဝန်ရှိသူများနှင့် ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများသည် ကာဒစ္စတန်ဒေသသို့ ချက်ချင်းသွားရောက်ကြပြီး ထိခိုက်ဒဏ်ရာရသူများကို ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြသည်။ ယခုအချိန်အထိ မြေငလျင်လှုပ်မှုကြောင့် လူသေဆုံးသည့်သတင်းထွက်ပေါ်လာခြင်းမရှိသေးပေ။
မျက်မြင်တွေ့ရှိ
မြေငလျင်လှုပ်မှုကြောင့် အဆောက်အအုံအချို့ပြိုကျခဲ့ပြီး အချို့မှာအကြီးအကျယ် ပျက်စီးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားကြသည်။
အီရန် ကာဒစ္စတန်နှင့် အနီးဝန်းကျင်ရှိ အရှေ့ပိုင်းကာဒစ္စတန်ဒေသများတွင် မြေငလျင် ကဲ့သို့သော သဘာဝဘေးဖြစ်ရပ်များ ဖြစ်ပေါ်လေ့ရှိသည်။
မတ် ၂၈ ရက်က ဆူလာမာနီမြို့တွင် ပြင်းအား ၃ ဒသမ ၇ ထက်မနည်း အင်အားရှိသည့် မြေငလျင်များ ၁၂ ကြိမ် လှုပ်ခတ်ခဲ့သည်။ ယင်းမြို့တွင် နေထိုင်သူများအနေဖြင့် ငလျင်လှုပ်မှုကို ခံစားရသော်လည်း ထိခိုက်ဒဏ်ရာရသူများရှိသည်ဆိုသောသတင်း မရရှိခဲ့ပေ။
၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် လူအသေအပျောက်ရှိသည့် မြေငလျင်လှုပ်ခဲ့သည်။ ယင်းငလျင်မှာ ပြင်းအား ၇ ဒသမ ၃ ရှိပြီး အဆိုပါ ငလျင်သည် ကာဒစ္စတန်ဒေသနှင့် အီရန် ကာဒစ္စတန်နယ်ခြားဒေသတစ်လျှောက်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါငလျင်ကြောင့် ကာဒစ္စတန်ဒေသတွင် အရပ်သားကိုးဦး သေဆုံးပြီး လူအများ အပြား ထိခိုက်ဒဏ်ရာရခဲ့သည်။ မြေငလျင်လှုပ်မှုသည် ဒေသတွင်းရှိ ဆာလာမန်နီ၊ ဟာလာ မီဂျာနှင့် ဒိုင်ယာလာမြို့ မြောက်ပိုင်း ဒေသတို့သို့ အကျိုးသက်ရောက်ခဲ့သည်။
အေအက်ဖ်ပီ

No comments:

Post a Comment