Tuesday, April 3, 2018

ရေနံနှင့်ဓာတ်ငွေ့သိုက်သစ် ဘာရိန်း၌ ရှာဖွေတွေ့ရှိ ဆယ်စုနှစ်ပေါင်းအတန်ကြာကာလအတွင်းအကြီးဆုံးသိုက်ဖြစ်

Image may contain: 1 person, outdoor
ပနားမား ဧပြီ ၂
ဘာရိန်းနိုင်ငံ အနောက်ဘက် ပင်လယ်ကမ်းရိုးတန်းဒေသကမ်းလွန်၌ တည်ရှိသော ခါလစ်အယ်လ်ဘာရိန်း ချိုင့်ဝှမ်း၌ ရေနံနှင့်ဓာတ်ငွေ့သိုက်ကြီးတစ်သိုက်ကို ရှာဖွေတွေ့ရှိကြောင်း၊ ယင်းမှာ ဆယ်စုနှစ်ပေါင်း အတန်ကြာ ကာလအတွင်း ရှာဖွေတွေ့ရှိသော ရေနံနှင့်ဓာတ်ငွေ့သိုက်များအနက် အကြီးဆုံးဖြစ်ကြောင်း သဘာဝအရင်း အမြစ်များနှင့် စီးပွားရေးဆိုင်ရာ လုံခြုံရေးကော်မတီက ထုတ်ပြန်ကြေညာလိုက်သည်။
ဘာရိန်းရေနံမြေအတွင်း နိုင်ငံ၏ပထမဆုံးသော ရေနံတွင်းကို စတင်တူးဖော်သည့် ၁၉၃၂ ခုနှစ်နောက်ပိုင်း ပင်လယ်ကွေ့ဒေသရှိ ယင်းနိုင်ငံတွင် အကြီးဆုံးသော ရေနံနှင့်ဓာတ်ငွေ့သိုက်ကို ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း အိမ်ရှေ့မင်းသား ဆယ်လ်မန်ဘင်ဟာမက် အယ်လ်ခါလီဖာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူသော အဆိုပါကော်မတီက ပြောကြားသည်။
ယခုရှာဖွေတွေ့ရှိသော ရေနံနှင့်ဓာတ်ငွေ့သိုက်ကြီးမှာ တည်ရှိဆဲ ရေနံနှင့်ဓာတ်ငွေ့သိုက်များနှင့် နှိုင်းယှဉ် လျှင် အရွယ်အစားပမာဏ ပို၍ကြီးမားသည်ဟုဆို၏။
ဘာရိန်းနိုင်ငံ၌ မကြာသေးမီက ရေနံနှင့်ဓာတ်ငွေ့စူးစမ်းရှာဖွေရေး စီမံကိန်းများကို အကောင်အထည်ဖော်ခဲ့ သည့် ရလဒ်အရ ရေနံနှင့်ဓာတ်ငွေ့သိုက်အသစ်ကို ရှာဖွေတွေ့ရှိခြင်း ဖြစ်သည်။
အသစ်ရှာဖွေတွေ့ရှိသော ရေနံနှင့်ဓာတ်ငွေ့သိုက်၏အရွယ်အစား၊ ပါဝင်မှုပမာဏ၊ တူးဖော်ထုတ်လုပ်နိုင် မည့်အခြေအနေတို့နှင့် ပတ်သက်၍ အသေးစိတ်ဆန်းစစ်လေ့လာမှုများ ပြုလုပ်ကာ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ် ကြောင်း ရေနံလုပ်ငန်းဝန်ကြီး ရှိတ်မိုဟာမက် ဘင်ခါလီဖာ အယ်လ်ခါလီဖာက ပြောကြားသည်။
ပဏာမ စူးစမ်းလေ့လာချက်အရ အသစ်တွေ့ရှိသော ရေနံနှင့်ဓာတ်ငွေ့သိုက်သည် ထုထည်ပမာဏ ကြီးမားပြီး ရေနံနှင့်ဓာတ်ငွေ့တို့ကို ကာလရှည်ထုတ်ယူသွားနိုင်မည်ဟု ယူဆရသည်ဆို၏။
ဆင်ဟွာ

No comments:

Post a Comment