Wednesday, April 4, 2018

ငါးလုပ်ငန်းသိပ္ပံပညာ ဘွဲ့ကြိုသင်တန်း ဖွင့်လှစ်သင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

Image may contain: 3 people, people sitting, table, office and indoor
နေပြည်တော် ဧပြီ ၃
၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် ငါးလုပ်ငန်းသိပ္ပံပညာ ဘွဲ့ကြို သင်တန်း ဖွင့်လှစ်သင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၃၁ ရက် မွန်းလွဲပိုင်းက ရန်ကုန် တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ်နှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ တက်ရောက်ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသော ဒေါက်တာ အောင်သူ၊ ဒေါက်တာမျိုးသိမ်းကြီး တို့က အဖွင့်အမှာစကား ပြောကြား ကြပြီး ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဦးဖိုးကောင်းက ငါးလုပ်ငန်းသိပ္ပံပညာ ဘွဲ့ကြိုသင်တန်း ဖွင့်လှစ်သင်ကြား နိုင်ရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်တွင် ထည့်သွင်း ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာ ကေလွင်ထွန်းက လုပ်ငန်းစီမံချက်နှင့် သင်ရိုးညွှန်းတမ်း ရေးဆွဲပြီးစီးမှုအခြေ အနေကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသူများက မွေးမြူ ရေးပိုင်းကို ဦးစားပေးရေးဆွဲထား သော ပြည့်စုံသည့် သင်ရိုးညွှန်းတမ်း ဖြစ်ရေး၊ ပညာရပ်ပိုင်းဆိုင်ရာတွင် စာတွေ့၊ လက်တွေ့ ဖြစ်စေရေး၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆက်စပ်ဝန်ကြီး ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွား ရန်တို့ကို အကြံပြုဆွေးနွေးကြသည်။
ငါးလုပ်ငန်းသိပ္ပံပညာ ဘွဲ့ကြို သင်တန်းကို ၂ဝ၁၈-၂ဝ၁၉ ပညာ သင်နှစ်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှ သက်ဆိုင်ရာ ဘာသာရပ် ဆရာ ဆရာမများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ Ph.D ဘွဲ့ရ ပညာရှင်များက သင်ကြားပို့ချမည် ဖြစ်ကာ နောင်တွင် ငါးလုပ်ငန်း တက္ကသိုလ်အဖြစ် တိုးမြှင့်ဖွင့်လှစ် သင်ကြားပေးနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ဧပြီ ၁ ရက် မွန်းလွဲ ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်ရှိ တိုင်း ဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများ နှင့် တွေ့ဆုံပြီး လုပ်ငန်းဆိုင်ရာများဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဒုတိယညွှန်ကြား ရေးမှူး ဦးဝင်းမော်က ရန်ကုန်တိုင်း ဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် ချက်များ ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြသန်းတို့သည် ဓာတ်ခွဲခန်း၊ စာကြည့်တိုက်၊ ဝန်ထမ်းအိမ်ရာများ အား လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment