Sunday, April 29, 2018

ထိန်ပင်အမှိုက်ပုံမီး ငြှိမ်းသတ်ရာတွင် ပြည်ပ ပညာရှင်များ၏ အကြံပြုချက်များဖြင့်လည်း ဆောင်ရွက်သွားမည်

Image may contain: sky, mountain, outdoor and nature
ရန်ကုန် ဧပြီ ၂၈
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံမီးလောင်နေမှုကို အပြီးသတ်ငြှိမ်းသတ်ရာတွင် ပိုမိုမြန်ဆန်ထိရောက်စေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်ပမှပညာရှင်များ၏ အကူအညီနှင့် အကြံပြုချက်များဖြင့်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင် စိုးက ''မနေ့ကစပြီး ထိုင်းနိုင်ငံက နေရောက်ရှိလာတဲ့ Bio Foam ဆေးရည်ဂါလန်နှစ်ထောင်နဲ့ စတင်ပြီး ငြှိမ်းသတ်နေပါတယ်၊ ကနဦးလိုအပ် ချက်ကတော့ Bio Foam ဂါလန် ၅ဝဝဝ ပါ၊ ကျန်တဲ့ အရေအတွက် ကိုတော့ ဒီကနေ့ ညနေပိုင်းမှာ ထပ်မံရောက်ရှိလာမှာ ဖြစ်ပါတယ်၊ ရောက်ရှိလာတဲ့ ဆေးရည်တွေနဲ့ ဆက်လက် ငြှိမ်းသတ်သွားမှာဖြစ်ပါ တယ်၊ အခုလိုငြှိမ်းသတ်တဲ့ အခါမှာ လည်း ထိုင်းနိုင်ငံက ပညာရှင်တွေ လာရောက်လေ့လာပြီး အကြံဥာဏ် တွေပေးကြမှာဖြစ်ပါတယ်၊ သူတို့ရဲ့ အကြံဥာဏ်တွေကိုလည်း ရယူပြီး ဆက်လက် ငြှိမ်းသတ်သွားမှာဖြစ်ပါ တယ်'' ဟု ပြောသည်။
ဆက်လက်၍ ၎င်းက ''အခု လောင်နေတဲ့မီးက အပေါ်မှာ လောင်နေတာမျိုး မဟုတ်ပါဘူး၊ အမှိုက်ပုံ အောက်ခြေကနေစပြီး မီသိန်းဓာတ်ငွေ့ထွက်ပြီး လောင် ကျွမ်းနေတာပါ၊ အောက်ခြေက စလောင်ပြီး အပေါ်ကိုမီးခိုးတွေတက် နေတာဖြစ်တဲ့အတွက်ကြောင့် Bio Foam ဆေးရည်ကို အမှိုက်ပုံအတွင်း ထဲအထိ ဝင်သွားအောင် ဆေးထိုး သလိုမျိုး ထိုးသွင်းမှုတွေ လုပ်ဆောင် သွားရမယ်လို့သိရပါတယ်၊ ၂ဝ၁၄ ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာ လောင်တုန်းကလည်း အဲဒီလိုမျိုး လုပ်ဆောင်ပြီး ငြှိမ်းသတ်ရတယ်လို့ သိရတယ်၊ အဲဒီတုန်းကလည်း လက်ရှိ ကျွန်တော်တို့ဆီမှာ လောင်နေတဲ့ အကျယ်အဝန်း လောက်ရှိခဲ့ပါတယ်၊ ခုနစ်ရက်ကျော်လောက် ငြှိမ်းသတ်ခဲ့ရ တယ်လို့သိရတယ်၊ အခုလာရောက် လေ့လာနေတဲ့ ပညာရှင်တွေကလည်း အဲဒီတုန်းက ငြှိမ်းသတ်ရာမှာ ပါဝင် ဆောင်ရွက်ခဲ့တဲ့သူတွေပါ၊ အတွေ့ အကြုံရှိတဲ့ ပညာရှင်တွေပဲဖြစ်ပါတယ်၊ သူတို့အနေနဲ့ နောက်ထပ်ရောက်လာ မယ့် ပညာရှင်တွေနဲ့ ပူးပေါင်းလေ့လာ ပြီး အကြံဥာဏ်တွေပေးကြမှာဖြစ်ပါ တယ်''ဟု ပြောသည်။
အဆိုပါ ထိန်ပင်အမှိုက်ပုံမီးလောင် မှုသည် ဧပြီ ၂၁ ရက်မွန်းလွဲပိုင်းမှ စတင်လောင်ကျွမ်းခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ ဝန်ထမ်းများ က ဝိုင်းဝန်းငြှိမ်းသတ်လျက်ရှိပြီး ဧပြီ ၂၇ နံနက် ၉ နာရီခန့်မှ စတင်ကာ အပြီးသတ် မီးငြှိမ်းသတ်နိုင်ရန် Bio Foam (အမြှုပ်ဆေးရည်) ကို အသုံး ပြုပြီး ငြှိမ်းသတ်လျက်ရှိသည်။
ထိုသို့ ငြှိမ်းသတ်ရာတွင် ပိုမို ထိရောက်မြန်ဆန်မှုရှိစေရန် မီးငြှိမ်းသတ်မှုနှင့်သက်ဆိုင်သည့် ထိုင်းနိုင်ငံ မှ ပညာရှင်များက ယနေ့မွန်းလွဲပိုင်း မှ စတင်ကာ မီးလောင်မှုဖြစ်ပွားရာသို့ လာရောက် လေ့လာလျက်ရှိပြီး အပြီးသတ် မီးငြှိမ်းသတ်နေမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အကြံပြုချက်များနှင့် ကူညီဆောင်ရွက် မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ အရေးပေါ်နှင့် မီးသတ် ဌာနမှ အဆင့်မြင့်ပညာရှင် (၂ဝ၁၄ ခုနှစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အမှိုက်ပုံကြီးမီးလောင်မှု မီးငြှိမ်း သတ်ရာတွင် ခေါင်းဆောင်တစ်ဦး အနေဖြင့်ပါဝင်ခဲ့သူ) Mr. Natthun Lanogthongက ''မြန်မာနိုင်ငံဘက် က အကူအညီတောင်းတဲ့အတွက် လာခဲ့တာပါ၊ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံက အိမ်နီးချင်းမိတ်ဆွေတွေ ဖြစ်တဲ့အတွက်ကြောင့် အခုလို လာရောက် ကူညီပေးတာဖြစ်ပါတယ်၊ လက်ရှိမှာတော့ မြေပြင်အခြေအနေ ကို လေ့လာနေတုန်းပါ၊ လတ်တလော တွေ့ရှိချက်အနေနဲ့ကတော့ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ တစ်ကိုယ်ရေဆက်စပ် ပစ္စည်းတွေ လိုအပ်နေတာကိုတွေ့ရပါ တယ်၊ ကျန်တဲ့ အပိုင်းတွေကိုတော့ လေ့လာနေတုန်းပါ''ဟု သူ၏လေ့လာ တွေ့ရှိမှုအပေါ် ပြောကြားသည်။
ယခုအခါ မီးလောင်မှု၏ ၉ဝ ရာခိုင်နှုန်းကို ငြှိမ်းနိုင်ခဲ့ပြီးဖြစ်သော် လည်း အမှိုက်ပုံအတွင်းပိုင်းမှ လောင်ကျွမ်းနေမှုနှင့် မီးခိုးများထွက်ရှိ နေသေးသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများက ဝိုင်းဝန်း ငြှိမ်းသတ်လျက်ရှိသည့် အပြင် သက်ဆိုင်ရာအနေဖြင့် ပြည်ပမှ ပညာရှင်များ၏ အကြံပြုချက် များဖြင့်လည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်မှုအနေဖြင့် ယနေ့မွန်းလွဲပိုင်းတွင် မီးလောင်မှု အနီးရှိ ကွပ်ကဲရေးရုံး၌ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ အရာရှိကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ မီးငြှိမ်းသတ်မှုနှင့် ပတ်သက်သည့် ထိုင်းနိုင်ငံမှ ပညာရှင် များက အပြီးသတ် မီးငြှိမ်းသတ်နေမှု ကို ပိုမိုထိရောက်စေရန်နှင့် အမြန်ဆုံး ဆောင်ရွက်သွားနိုင်ရန်တို့အတွက် ဆွေးနွေးမှုများ ပြုလုပ်ကြသည်။
မီးလောင်မှုနှင့် ပတ်သက်၍ ရွှေပြည်သာမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ''မီးတောက် တော့ သိပ်မရှိတော့ပါဘူး၊ အတွင်းမှာ လှိုက်ပြီး လောင်နေတာကြောင့် ငြှိမ်းသတ်တဲ့ အခါမှာတော့ အခက် အခဲရှိပါတယ်၊ လေတိုက်ရင် မီးခိုး တွေ ထွက်လာတာကြောင့် ငြှိမ်းရပို ခက်ပါတယ်၊ အမှိုက်ပုံအတွင်းထဲ အထိ ပိုက်နဲ့ ထိုးရတာကြောင့် တစ်နေရာကနေ တစ်နေရာကို ရောက်အောင် တော်တော်လုပ်ရပါ တယ်၊ အချိန်ပေးပြီး ငြှိမ်းသတ်ဖို့တော့ လိုပါတယ်''ဟု ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် မီးခိုးဒဏ်ကို အများဆုံး ခံစားနေရသည့် ရပ်ကွက်များအတွင်း နှင့် မီးလောင်မှုအနီးတို့တွင် အရေး ပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေး နိုင်ရန် ဆေးကုသမှုစခန်းများဖွင့်လှစ် ကာ ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိသည်။
ထို့အတူ မီးလောင်မှုအနီးတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အရပ်ဘက် အဖွဲ့အစည်းများကလည်း ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိပြီး စေတနာရှင်များက လည်း အစားအသောက်၊ ရေနှင့် ဆေးဝါးများ လာရောက်လှူဒါန်း လျက်ရှိသည်ကို တွေ့ရသည်။
အမှိုက်ပုံသည် ဧက ၃ဝဝ ခန့်ရှိပြီး ယင်းတို့အနက် ဧက ၁ဝဝ ခန့် လောင်ကျွမ်းခြင်းဖြစ်ရာ အပြီးသတ် ငြှိမ်းသတ်မှုကို Bio Foam(အမြှုပ် ဆေးရည်) ဖြင့် ဆက်လက်ငြှိမ်းသတ် လျက်ရှိသည့်အပြင် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်ပ မှ မီးငြှိမ်းသတ်မှုနှင့် သက်ဆိုင်သည့် ပညာရှင်များ၏ အကြံပြုချက်များနှင့် အကူအညီများကို ရယူကာ အပြီးသတ်မီးငြှိမ်းသတ်နေမှု ပိုမို ထိရောက်မြန်ဆန်စေရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး

No comments:

Post a Comment