Monday, April 30, 2018

ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းပူဇော်

Image may contain: one or more people, crowd and outdoor
ရန်ကုန် ဧပြီ ၂၉
ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်တစ်ရပ်ဖြစ်သည့် အားလျော်စွာ ကဆုန် လပြည့်(ဗုဒ္ဓနေ့)တွင် ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားစေတီ များ၌ ဥပုသ်သီတင်းသီလ ဆောက်တည်ကြပြီး ကုသိုလ် ကောင်းမှုပြုကြသူများဖြင့် စည်ကားများပြားလျက်ရှိ သည်ကို တွေ့ရသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း ဆိုသည်နှင့်အညီ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရား ဗျာဒိတ်ခံယူ သောနေ့၊ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူသော နေ့၊ ပရိနိဗ္ဗာန်စံသောနေ့ဟူသည့် ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံသောကြောင့် ဤနေ့ကို ကဆုန်လပြည့် (ဗုဒ္ဓနေ့)ဟု ခေါ်ဆိုကြသည်။
ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူး နေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေတီ ထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းလေ့ရှိကြသည်။ ဗောဓိပင်သည် သဗ္ဗညုတဥာဏ်တော်ကိုရ၍ ဘုရားဖြစ် တော်မူရာဌာန ဖြစ်ခြင်းကြောင့် ဖွားဖက်တော်ခုနစ်ပါးတွင် စာရင်းဝင်သည့် ထူးခြားသောအပင် ဖြစ်သည်။ မြတ်စွာဘုရားနှင့်တိုက်ရိုက်ဆက်စပ်နေ၍ ဗောဓိပင်၌ ရေသွန်း လောင်းခြင်း အစဉ်အလာကို ခေတ်အဆက်ဆက်က ကျင်းပခဲ့သည်။
မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များတွင် ကဆုန် ညောင်ရေသွန်းပွဲကို ရိုးရာပွဲတော်အဖြစ် သတ်မှတ်ခဲ့ကြသည်။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် နှစ်စဉ်ကဆုန်လပြည့်နေ့ ရောက်တိုင်း ဗုဒ္ဓရုပ်ပွားဥဒ္ဒိဿစေတီတော်များကို ဗုဒ္ဓါဘိသေကအနေကဇာ တင်မင်္ဂလာသဘင်များ ကျင်းပခြင်း၊ ဘုရားကျောင်းကန်များသို့သွား၍ ဒါန၊ သီလ၊ ဘာဝနာပြုကြခြင်းဖြင့် ကုသိုလ်ကောင်းမှုပြုကြသည်။
ရွှေတိဂုံစေတီတော်ကြီး၏ ၃၅ ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကို ယနေ့နံနက် ၅ နာရီမှစတင်၍ စေတီတော်မြတ်ကြီးအား ဆွမ်း၊ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းများဖြင့် ကပ်လှူပူဇော်ခြင်း၊ ရွှေတိဂုံစေတီတော် သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်ခြင်း၊ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ဘာသာရေးအသင်းအဖွဲ့ များက ညောင်ရေအိုးများကိုယ်စီကိုင်ဆောင်ပြီး စေတီတော်ကြီးအား လက်ယာ ရစ် လှည့်လည်ပူဇော်ခြင်း၊ စေတီတော်ရင်ပြင်အင်္ဂါထောင့်ရှိ မဟာဗောဓိ ညောင်ပင်၌ ဆရာတော်ကြီးများက ဗုဒ္ဓါဘိသေကအနေကဇာတင်ပြီး ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ခြင်းများ ဆောင်ရွက် ကြသည်။
အလားတူ မဟာဝိဇယစေတီတော်၊ ရှေးဟောင်းသမိုင်းဝင်အပ္ပရာဇိတ ဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်၊ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၊ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ ဝရဒါဌာဓာတုစေတိယ စွယ်တော်မြတ်စေတီတော် (ရန်ကုန်)၊ ဆူးလေစေတီတော်၊ ရွှေဘုန်းပွင့်စေတီ တော်၊ ကျိုက္ကဆံစေတီတော်၊ မိုးကောင်းစေတီတော်၊ ငါးထပ်ကြီး၊ ခြောက်ထပ် ကြီး၊ ကိုးထပ်ကြီး၊ မယ်လမုဘုရား၊ ဥက္ကလာပစေတီတော်၊ ကျိုက္ကလို့၊ ကျိုက္ကလဲ့၊ ကျိုက်ခေါက်၊ ကျိုက်မှော်ဝန်း (ရေလယ်ဘုရား)နှင့် မြို့နယ်အသီးသီးရှိ ဘုရား ပုထိုးစေတီများ၌ ဗုဒ္ဓအခါတော်နေ့ ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာ အခမ်းအနားများကို ကျင်းပကြပြီး မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်း လောင်းပူဇော်ကြသည်။
ဘုရားစေတီများ၌ ဘုရားဖူးလာပြည်သူများ မဟာဗောဓိညောင်ပင်ကို ညောင်ရေသွန်းလောင်းပူဇော်ရာတွင် အဆင်ပြေစေရန် ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးအသင်းအဖွဲ့များက ညောင်ရေအိုး၊ အမွှေးနံ့သာရည်အိုးများကို စီစဉ်ပေးထားသည်ကို တွေ့ရသည်။
ထို့အပြင် ဘုရားစေတီများနှင့် မြို့နယ်၊ ရပ်ကွက်များရှိ ဓမ္မာရုံများ၊ လမ်းများ၌ စေတနာရှင်၊ အလှူရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များက စတုဒိသာများ ကျွေးမွေးလှူဒါန်းကြကြောင်း သိရသည်။
သတင်း-ရီရီမြင့်
ဓာတ်ပုံ-ဇော်မင်းလတ်

No comments:

Post a Comment