Tuesday, April 3, 2018

ဝန်ထမ်းများအား ထိရောက်စွာ ရွေးချယ်လေ့ကျင့်ပျိုးထောင်ပေးနေသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ

Image may contain: 3 people, people sitting, crowd and indoor
မွှေးကြူဟန်၊ ဓာတ်ပုံ-ထိန်နန်နော်
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ''ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်'' ဟူသော အဖွဲ့ရဲ့ ဆောင်ပုဒ်နှင့်အညီ ဝန်ထမ်းများအား ထိရောက်စွာ ရွေးချယ်လေ့ကျင့် ပျိုးထောင်ပေးမှုအပါအဝင် လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှုများ၊ ထိုသို့ဆောင်ရွက်ခဲ့မှု များအပေါ် ကဏ္ဍစုံမှ အမြင်သဘောထားများကို တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းထားပါသည် -
ဒေါက်တာဝင်းသိမ်း
(ဥက္ကဋ္ဌ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့)
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ နိုင်ငံ့ဝန်ထမ်းများရဲ့ အခန်း ကဏ္ဍဟာ အဓိကအခန်းကဏ္ဍအဖြစ် ပါဝင် ပါတယ်။ ဒါကြောင့် နိုင်ငံ့ဝန်ထမ်းများ အနေ နဲ့ နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ ပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်ဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေ၊ နိုင်ငံ့ ဝန်ထမ်းဥပဒေတွေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ အရည်အချင်းပြည့်ဝပြီး စွမ်းဆောင်ရည် ပြည့်ဝတဲ့ နိုင်ငံ့ဝန်ထမ်းများ ရွေးချယ်ရေး၊ လေ့ကျင့်ရေး၊ နိုင်ငံ့ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ရေး စတာတွေကို ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေနဲ့ တာဝန် ယူ ဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့ကြောင့် ပြည်ထောင်စုရာထူးဝန် အဖွဲ့ရဲ့ အဓိကရည်မှန်းထားရှိချက်ကတော့ ''ပြည်သူလူထုပါဝင်ဆောင်ရွက်မှုကို အားပေး မြှင့်တင်ခြင်းနဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ပိုမိုအားကောင်းစေမယ့် ကျင့်ဝတ်သိက္ခာနဲ့ ညီသော၊ အရည်အချင်းအလိုက် ချီးမြှင့် မြှောက်စားမှုကို အခြေခံသော၊ အားလုံးပါဝင် ကာ မဆိုင်းမတွ တုံ့ပြန်ဖြည့်ဆည်းပေးသော နိုင်ငံ့ဝန်ထမ်းကဏ္ဍ ပေါ်ထွန်းလာစေဖို့'' ဖြစ်ပါ တယ်။
ကျွန်တော်တို့အနေနဲ့ ပြန်တမ်းဝင် အရာရှိအဆင့် ဝင်ပေါက်ရာထူးတွေအတွက် ဝင်ခွင့်ရေးဖြေစာမေးပွဲတွင် နိုင်ငံ့တာဝန်ကို ထမ်းဆောင်လိုသော လှုံ့ဆော်စိတ် (Civil Service Motivation) ကို အခြေခံဖော်ထုတ် ပေးတဲ့ မေးခွန်းပုံစံတွေ ပြောင်းလဲစစ်ဆေးခဲ့ ပါတယ်။ ဒါ့အပြင် Multiple Choice Question (MCQ) Type နဲ့ ပဏာမ စစ်ဆေးခြင်း Screening Test ကို ထည့်သွင်း စစ်ဆေးတဲ့စနစ်ကို စတင်ကျင့်သုံးလျက်ရှိပါ တယ်။
လေ့ကျင့်ရေးဆိုင်ရာဆောင်ရွက်မှုများအနေနဲ့ အရင် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) အမည်ကို ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ဟု ပြောင်းလဲပြင်ဆင် ခဲ့ပါတယ်။ သင်တန်းသား၊ သင်တန်းသူတွေ မိမိတို့ရဲ့သက်ဆိုင်ရာ ရုံး၊ ဌာန အလိုက် သတ်မှတ် ယူနီဖောင်းတွေ ပြောင်းလဲဝတ်ဆင် စေခဲ့ပါတယ်။
ဗဟိုဝန်ထမ်း တက္ကသိုလ်တွေရဲ့ ဆောင်ပုဒ်ကို ''နိုင်ငံတော်တည်ထောင်မှု ပြည်သူနဲ့ ဝန်ထမ်းလက်တွဲပြု(Cooperation of the Civil Service and Public Creates a Nation)'' လို့ ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။
ဗဟိုဝန်ထမ်းတက္ကသိုလ်တွေရဲ့ အောက် မှာ Education and Competency Training Approachကိုအခြေခံတဲ့ ပြည်သူ့ဝန်ထမ်း အကယ်ဒမီ(Civil Services Academy-CSA) တစ်ခုစီကို တည်ထောင်ပြီး ပြည်သူ့ ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာသင်တန်း နဲ့ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာသင်တန်းတွေ ဖွင့်လှစ်လျက်ရှိပါ တယ်။ သင်တန်းအလိုက် အရည်အချင်း အကဲဖြတ်စနစ်တွေနဲ့ သင်တန်းကာလတွေ ပြင်ဆင်ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။
ဗဟိုဝန်ထမ်းတက္ကသိုလ်တွေမှာ ဖွင့်လှစ် လျက်ရှိတဲ့ သင်တန်းတွေရဲ့ သင်ရိုးညွှန်းတမ်း၊ သင်ရိုးဇယားများ (Curriculum Syllabus)တွေ ပြင်ဆင်ပြီး နိုင်ငံတကာအဖွဲ့အစည်း၊ တက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အတွက် နားလည်မှုစာချွန်လွှာ(MoU)တွေ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဗဟိုဝန်ထမ်းတက္ကသိုလ်တွေမှာ ဖွင့်လှစ် တဲ့ “Senior Level Officials Management Course နဲ့ Management Course for Executive Level Officials” သင်တန်း တွေမှာ နိုင်ငံတကာအဖွဲ့အစည်း၊ တက္ကသိုလ် တွေမှ သင်ခန်းစာတွေပို့ချနိုင်ဖို့ ဆောင်ရွက် စီမံပေးပါတယ်။ နယူးဇီလန်နိုင်ငံ Victoria University က မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းတွေ အတွက် English Language Training (ELT) သင်တန်းတွေကို ဝန်ကြီးဌာန၊ အဖွဲ့ အစည်းတွေက အရာထမ်းတွေအတွက် ဖွင့်လှစ်ခဲ့ပါတယ်။
UNDP နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာ ဗျူဟာစီမံချက်(၂ဝ၁၇-၂ဝ၂ဝ) ထုတ်ပြန် ကြေညာနိုင်ခဲ့ပါတယ်။ ရာထူးဝန်အဖွဲ့က ဝန်ထမ်းတွေရဲ့ အင်္ဂလိပ်စာအရည်အသွေး တိုးတက်မြင့်မားစေဖို့အတွက် US Department of State မှ English Language Follower ဖြင့် Advanced နဲ့ Intermediate သင်တန်း ဖွင့်လှစ်ပေးခဲ့ပါတယ်။ Master in Public Administration-MPA သင်တန်းကို မလေးရှားနိုင်ငံ EDS Business School နဲ့ အမေရိကန်နိုင်ငံ ဟာဝိုင်ရီရှိ Akamai University က ဆရာ ဆရာမတွေနဲ့ ပြည်တွင်းမှာပင် ပို့ချပေးလျက်ရှိပါတယ်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့နဲ့ UNDPတို့ ပူးပေါင်းပါဝင်မှုနဲ့ နေပြည်တော် Park Royal ဟိုတယ်မှာ အစိုးရယန္တရားနဲ့ မူဝါဒ ချမှတ်တဲ့လုပ်ငန်းစဉ်တွေ ပိုမိုတိုးတက်ကောင်း မွန်လာစေဖို့ အဆင့်မြင့်အရာရှိကြီးတွေရဲ့ လုပ်ငန်းခွင်ကျွမ်းကျင်မှုမြှင့်တင်ရေး သင်တန်း တွေ ဖွင့်လှစ်ခဲ့ပါတယ်။ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်းတွေနဲ့ အခြားသင်တန်းတွေမှာ Blended e- Learning Lecture ပို့ချနိုင်ဖို့ ဆောင်ရွက် ပါတယ်။
နိုင်ငံ့ဝန်ထမ်းလေ့ကျင့်ရေးမူဝါဒ (Civil Service Training Policy) နဲ့ နိုင်ငံ့ဝန်ထမ်း လေ့ကျင့်ရေးအစီအစဉ် (Civil Service Training Scheme)တို့ကို ထုတ်ပြန်ပြဋ္ဌာန်း နိုင်ရေး ဆောင်ရွက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံ JICA အထောက်အပံ့နဲ့ ပြည်သူ့ဝန်ထမ်း အကယ်ဒမီလေ့ကျင့်ရေးဗဟိုဌာန (နေပြည် တော်) Civil Services Academy Training Centre (Nay Pyi Taw) တည်ဆောက်ရေး အတွက် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ပြုလုပ် ခဲ့ပါတယ်။
နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက် ချက်တွေအနေနဲ့ ပြည်ထောင်စုရာထူးဝန် အဖွဲ့နဲ့ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းတွေ၊ အမိန့်ညွှန်ကြားချက် တွေ ပြင်ဆင်ထုတ်ပြန်ခဲ့ပါတယ်။ ဝန်ထမ်း ကျင့်ဝတ်စာစောင်(၂ဝ၁၇)ကို ထုတ်ဝေကာ နိုင်ငံ့ဝန်ထမ်းတွေကို အခမဲ့ဖြန့်ဝေခဲ့ပါတယ်။
ဝန်ထမ်းတွေအတွက် အကဲဖြတ်အမှတ် ပေးရာမှာ တစ်ပြေးညီလိုက်နာကျင့်သုံးနိုင် ရေးအတွက် အရည်အချင်းသတ်မှတ်ချက် တစ်ခုစီအလိုက် အသေးစိတ်အချက်အလက် တွေ ထုတ်ပြန်ခဲ့ပါတယ်။ ဒုတိယညွှန်ကြားရေး မှူး၊ ညွှန်ကြားရေးမှူးအဆင့်တွေ တစ်ဆင့်မြင့် ရာထူးနေရာ အသီးသီးမှာ ရာထူးတိုးမြှင့်ပေး နိုင်ဖို့ အကဲဖြတ်မှတ်တမ်းတွေ၊ ဒီမှတ်တမ်း အပေါ် မူတည်ပြီး ရေးဆွဲထားတဲ့ တန်းစီဇယား တွေ လက်ခံထားရှိခဲ့ပါတယ်။
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးတွေ အနေနဲ့ သက်ပြည့်အငြိမ်းစားယူမယ့် အချိန် ကာလမှာ နိုင်ငံတော်နဲ့ အများပြည်သူအကျိုးငှာ ဆက်လက်တာဝန်ပေးအပ်ဖို့ လိုအပ်ပါက အသက်(၆ဝ)နှစ်ပြည့်ပြီး တစ်ဆက်တည်း တစ်နှစ်ထက်မပိုသော ကာလအတွက် ညွှန်ကြားချက် ထုတ်ပြန်နိုင်ဖို့ နိုင်ငံတော် သမ္မတရုံးကို အထောက်အကူပြုပေးခဲ့ပါတယ်။
နိုင်ငံ့ဝန်ထမ်းအငြိမ်းစားမယူမီ ကြိုတင် ပြင်ဆင်ခွင့် ခံစားကာလအတွင်း အခြား ဝန်ထမ်းတစ်ဦးအား ဖြည့်စွက်ခန့်ထားနိုင်ရေး အဖွဲ့ရဲ့ အမိန့်ကြော်ငြာစာ အမှတ် ၅၈/၂ဝ၁၇ နဲ့ ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေ ရာထူးတိုးမြှင့်ခန့်ထားရာမှာ အနည်းဆုံး လိုအပ်တဲ့ ပညာအရည်အချင်း၊ ကျွမ်းကျင်မှု အရည်အချင်း -Q-Sheet သတ်မှတ်ရေး အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီး ဌာနမှ ညွှန်ကြားချက်ထုတ်ပြန်နိုင်ဖို့ အထောက်အကူပြုခဲ့ပါတယ်။
ဗဟိုဝန်ထမ်းတက္ကသိုလ်တွေရဲ့ ပြည်သူ့ ဝန်ထမ်းအကယ်ဒမီတွေမှာ အရာထမ်းလောင်း အခြေခံ၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာသင်တန်း (Post Graduate Diploma in Civil Service Management (PGDCSM)) ဖွင့်လှစ်ပြီး ဘွဲ့လွန်ဒီပလိုမာ ပေးအပ်ဆောင်ရွက်လျက်ရှိပါတယ်။
ပြည်သူ့ဝန်ထမ်းအကယ်ဒမီတွေမှာ စီမံ ခန့်ခွဲမှုဘာသာ၊ စီးပွားရေးဘာသာ၊ နိုင်ငံရေး သိပ္ပံဘာသာ၊ လူမှုရေးသိပ္ပံဘာသာ၊ ဥပဒေ ဘာသာ၊ အင်္ဂလိပ်စာနဲ့ ICT စတဲ့ ဘာသာရပ် ခုနစ်ခုကို Education and Competency Approach နည်းနဲ့ သင်ကြားလျက်ရှိပါတယ်။ နိုင်ငံတကာအဆင့်မီတဲ့ Curriculum နဲ့ Syllabus တွေဖြစ်ဖို့၊ ပညာရေးနဲ့ လေ့ကျင့်ရေး ဆိုင်ရာကိစ္စရပ်တွေ အကြံပြုဖို့ တက္ကသိုလ် အကြံပေးအဖွဲ့ (Advisory Group)နဲ့ တက္ကသိုလ်ပညာရပ်အဖွဲ့(Board of Studies) တို့ကို ဖွဲ့စည်းထားရှိပါတယ်။ အဖွဲ့အစည်း တွေနဲ့ နှစ်လလျှင် တစ်ကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ပြီး ဆွေးနွေးဆောင်ရွက် လျက်ရှိပါတယ်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ လုပ်ငန်း စဉ်များကို အကောင်အထည်ဖော်ဖို့အတွက် အဓိကဆောင်ရွက်ရေးအဖွဲ့(Core Group)၊ CSA ပညာဌာန ခုနစ်ခုနဲ့ Technical Working Group (TWG) တို့ကို ဖွဲ့စည်း ထားရှိပြီး Curriculum နဲ့ Syllabus တွေ အပေါ် ပြင်ဆင်ဖြည့်စွက်တာကို ဆွေးနွေး ဆောင်ရွက်လျက်ရှိပါတယ်။
ပညာဌာန ခုနစ်ခုအတွက်Human Resource(HR) လိုအပ်ချက်အရ ပညာရေး ဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး ဆရာ၊ ဆရာမတွေ ဖြည့်တင်းခန့်ထားပြီးတော့ ပြင်ပက ပညာရှင် တွေ ဖိတ်ခေါ်ပြီး ဘာသာရပ်သင်ခန်းစာတွေကို သင်ကြားစေခြင်းအားဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် Curriculum နဲ့Syllabus တွေ အဆင့် မြှင့်တင်ဆောင်ရွက်နိုင်ဖို့ ၂ဝ၁၇-၂ဝ၁၈ လေ့ကျင့်ရေးနှစ်မှစပြီးတော့ နိုင်ငံတကာ အဖွဲ့အစည်းဖြစ်တဲ့ EU (GOPAနဲ့ ပူးပေါင်း ပြီး Training Needs Analysis (TNA) Task Force ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါ တယ်။
အခုဆို ဗဟိုဝန်ထမ်းတက္ကသိုလ်တွေမှာ အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှု၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာသင်တန်း (Advanced Diploma Course) တွေကို ၂ဝ၁၈ ခုနှစ် မတ်လ ၁၂ ရက်နေ့မှာ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
နိုင်ငံ့ဝန်ထမ်းဆိုင်ရာ လေ့ကျင့်ရေးနဲ့ သုတေသနလုပ်ငန်း၊ ပြည်သူ့ရေးရာ အုပ်ချုပ် ရေး၊ စီမံခန့်ခွဲရေးနဲ့ ပြည်သူ့ရေးရာမူဝါဒများ စတဲ့ နယ်ပယ်တွေ အဆင့်မြှင့်တင် ဆောင်ရွက် နိုင်ဖို့ အမေရိကန်နိုင်ငံ Akamai University၊ မလေးရှားနိုင်ငံ Akamai University၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Chinese Academy of Governance (CAG)တို့နဲ့ ပြီးတော့ ဂျပန်နိုင်ငံ JICA အဖွဲ့အစည်းနဲ့ နေပြည်တော်မှာ Training Centre တည်ဆောက်ဖို့ MoU၊ MoA၊ Minutes of Discussion၊Technical Noteတို့ လက်မှတ် ရေးထိုးခြင်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ သမိုင်း မှတ်တိုင်တစ်ခုအနေနဲ့ ''မြန်မာနိုင်ငံ နိုင်ငံ့ ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက်(၂ဝ၁၇-၂ဝ၂ဝ)'' Civil Service Reform Strategic Action Plan for Myanmar (2017-2020) ကို နေပြည်တော်MICC -2 မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
CSR Strategic Action Planကို အကောင်အထည်ဖော်ရာမှာFocus Areas လေးခုနဲ့ မျှော်မှန်းရလဒ်ကိုးခု ချိန်ထိုးပြီး နိုင်ငံ တော်က အကောင်အထည်ဖော်ဆောင်ရွက် လိုတဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်အစိုးရ ဖြစ်ပေါ်စေရေးအတွက် တစ်ဖက်တစ်လမ်း ကနေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
CSR Action Plan ထုတ်ပြန်ကြေညာပြီး နောက် ဥပဒေ၊ နည်းဥပဒေ ပြင်ဆင်ခြင်းနဲ့ စပ်လျဉ်းပြီးတော့ ''ပြည်ထောင်စုရာထူးဝန် အဖွဲ့ရဲ့ လုပ်ငန်းတာဝန်နဲ့ လုပ်ပိုင်ခွင့်တို့ကို ခိုင်မာစေခြင်း၊ ရှင်းလင်းစေခြင်း''၊ ''ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကိုထုတ်ပြန် ပြဋ္ဌာန်းနိုင်ရေး'' နဲ့ ''ဝေးလံခေါင်သီ ဒေသ တွေမှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ နိုင်ငံ့ ဝန်ထမ်းတွေ ပြောင်းရွှေ့ခြင်းနဲ့ စပ်လျဉ်းပြီး တော့ အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ရေး'' တို့ကို ဆောင်ရွက်လျက်ရှိပါတယ်။
ဥပဒေ၊ နည်းဥပဒေပြင်ဆင်ခြင်းလုပ်ငန်း တွေအပြင် ''နိုင်ငံ့ဝန်ထမ်း မျိုးဆက်သစ် တွေကို စနစ်တကျ မွေးထုတ်ပေးနိုင်ရေး'' အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေနဲ့ နိုင်ငံ့ဝန်ထမ်းတွေရွေးချယ်ခြင်း၊ လေ့ကျင့်ခြင်း၊ ရာထူးတိုးမြှင့်ခြင်း လုပ်ငန်းရပ်တွေကို ဦးစား ပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရွေးချယ် ရေးလုပ်ငန်းစဉ်တွေဖြစ်တဲ့Screening Test အနေဖြင့် စာမေးပွဲတွေ ကျင်းပခြင်း၊ ရေးဖြေ၊ စိတ်အခြေအနေနဲ့ လူတွေ့စစ်ဆေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
လေ့ကျင့်ရေးလုပ်ငန်းရပ်တွေအနေနဲ့ ပြည်သူ့ဝန်ထမ်းအကယ်ဒမီတွေမှာ ဘွဲ့လွန် ဒီပလိုမာနဲ့ အဆင့်မြင့်ဒီပလိုမာသင်တန်းတွေ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်တဲ့အတွက် ညွှန်ကြားရေး မှူးအဆင့် အရာထမ်းတွေအတွက် မဟာဘွဲ့ (Master Degree) သင်တန်းဖွင့်လှစ်နိုင်ရေး လျာထားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ပြီးတော့ JICA ရဲ့ အထောက်အပံ့နဲ့ ပြည်သူ့ဝန်ထမ်းအကယ်ဒမီဗဟိုသင်တန်း ဌာနကို ၂ဝ၁၉ ခုနှစ်အတွင်း တည်ဆောက် သွားမှာဖြစ်ပြီး ရာထူးအဆင့်အလိုက်Generalized Training Programme နဲ့Specialized Training Programme တွေ ဖွင့်လှစ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
နိုင်ငံ့ဝန်ထမ်းလေ့ကျင့်ရေးမူဝါဒ(Civil Service Training Policy) နဲ့ နိုင်ငံ့ဝန် ထမ်း လေ့ကျင့်ရေးအစီအစဉ်(Civil Service Training Scheme) ကိုလည်း ထုတ်ပြန် ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေ ရာထူးတိုးမြှင့်ခြင်းနဲ့ စပ်လျဉ်းပြီးတော့ အရည်အချင်းနဲ့ စွမ်းဆောင် ရည်ကို အခြေခံပြီး ရာထူးတိုးမြှင့်ပေးခြင်းကို အဓိကထား ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။
နိုင်ငံတော်အစိုးရရဲ့ e-Governmentစနစ် အကောင်အထည်ဖော်ရာမှာ အထောက် အပံ့ဖြစ်စေဖို့ ဂျပန်နိုင်ငံJICA ရဲ့ ကူညီ ထောက်ပံ့မှုနဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ အချက် အလက်တွေကို နိုင်ငံတကာအဆင့်မီ လုံခြုံမှု အဆင့်အတန်းမြင့်မားစွာ သိမ်းဆည်းထား နိုင်တဲ့ Civil Service Core Database System ကို တည်ထောင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဦးမြသိန်း
[နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ
ခုံရုံး၊ အဖွဲ့ဝင် (ငြိမ်း)]
ပြည်သူ့ဝန်ထမ်းအကယ်ဒမီ (Civil Services Academy-CSA) ဆိုပြီး ဒီအစိုးရ လက်ထက်မှာ ဖွဲ့စည်းလာတာ တွေ့ရတယ်။ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာ ပြည်) နဲ့ (အောက်မြန်မာပြည်) အောက်မှာ ပြည်သူ့ဝန်ထမ်းအကယ်ဒမီဆိုပြီး ထပ်ပြီး ဖွဲ့စည်းပုံတိုးချဲ့ပြီး သင်တန်းတွေ ထပ်ပြီးပေး နေပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေ စိတ်ဓာတ် တက်တက်ကြွကြွရှိအောင် အပြောင်းအလဲ အများကြီး လုပ်ထားတယ်။
အဲဒီမှာ ကျွန်တော်တို့ ဘာတွေပေးသလဲ ဆိုရင် ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာ (Post Graduate Diploma for Civil Service Management Course) တွေ ပေးပါတယ်။ Advanced Diploma Course တွေ ပေးတယ်။ အဲဒါက ပြည်တွင်း ပညာရှင်တွေကော၊ ပြည်ပပညာရှင်တွေကော ပေးတဲ့အတွက်ကြောင့် ပညာရပ်အနေနဲ့ လေ့လာတဲ့အခါ ဝန်ထမ်းတွေ အများကြီး အရည်အသွေးတိုးတက်မှာက အမှန်ပဲ ဖြစ်ပါ တယ်။ တိုးတက်လာတာတွေ တွေ့ပါတယ်။ သင်တန်းတွေ ဖွင့်လိုက်တာ အကြိမ်ကြိမ်ပေါ့။ သင်တန်းတွေကနေ နိုင်ငံ့ဝန်ထမ်းတွေ များစွာ လေ့ကျင့်ပျိုးထောင်ပေးခဲ့ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း သွားပြီး ဥပဒေဘာသာရပ်တစ်ခုဖြစ်တဲ့ အထွေထွေ စကားရပ်များအနက် အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေကို သွားပြီးပို့ချပါတယ်။ ဥပဒေတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း တစ်နေ့လုံး ပို့ချပါတယ်။ အဲဒီမှာFeedbackက ကောင်းပါတယ်။ အားလုံးစိတ်ဝင်စားကြ ပါတယ်။ ဝန်ထမ်းတွေ သင်တန်းတွေ တက် တယ်။ ဌာနကို ပြန်ရောက်ရင် အသုံးချနိုင်ဖို့ အရေးကြီးတယ်။ ဘွဲ့ရဓာတ်ပုံရိုက်ပြီး ချိတ်ထားတာနဲ့ ပြီးသွားတာနဲ့ မပြီးရအောင် ဒီဘွဲ့ပေါ်မှာ မူတည်ပြီး ဘာတွေ လုပ်နိုင်သလဲ၊ အဲဒါတွေ အရေးကြီးတယ်။
ကျွန်တော်က ပညာရှင်တစ်ဦးအနေနဲ့ ပါဝင်တာပါ။ ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အကြံပေး အဖွဲ့မှာ ဆရာမကြီးတွေ၊ ဆရာကြီးတွေ၊ အတတ်ပညာရှင်တွေ၊ ပါမောက္ခ အငြိမ်းစား တွေ၊ လက်ရှိ ပါမောက္ခတာဝန် ထမ်းဆောင် နေသူတွေ ဌာနပေါင်းစုံက ပါဝင်ပြီးတော့ အကြံÓဏ်ပေးကြပါတယ်။ အားလုံးက စေတနာထား တာဝန်ထမ်းဆောင်ကြတာပါ။ အဲဒီတော့ ဝိုင်းပြီးကြိုးစား လုပ်တဲ့အခါမှာ တွေ့မြင်ရတာက အခု နှစ်နှစ်သက်တမ်း အတွင်းမှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ ကြိုးစားအားထုတ်မှုကို တွေ့ရပါတယ်။ မှန်တဲ့ အတိုင်း ပြောတာဖြစ်ပါတယ်။ ဒီအတိုင်း ဆက်ပြီး ကြိုးစားသွားမယ်ဆိုရင် ပြည်သူ့ ဝန်ထမ်းတွေဟာ အများကြီး တိုးတက်လာ မှာဖြစ်ပါတယ်။
ဦးအောင်ပြည့်စိုးမြိုင်
(ဦးစီးအရာရှိ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန)
ဗဟိုဝန်ထမ်းတက္ကသိုလ် အောက်မြန်မာ ပြည် ပြည်သူ့ဝန်ထမ်းတက္ကသိုလ်မှာ စီမံ ခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၃) မှာ တက်ရောက်ခဲ့ပါတယ်။ သင်တန်းမှာ ဘာသာရပ် ခုနစ်ခု သင်ယူရပါတယ်။ ဘာသာရပ် ခုနစ်ခုကPolitical Science, Social Science, ICT, Management, English, Law, Economic တို့ဖြစ်ပါတယ်။ သင်တန်းအစမှာ ကျွန်တော်က အင်ဂျင်နီယာ ဆိုတော့ ပထမဆုံးသင်တဲ့ Management နဲ့ Economic ဘာသာရပ်တွေမှာ ခက်ခဲပါ တယ်။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ ကြိုးစား လေ့လာရင်း အသားကျသွားပါတယ်။ ဥပဒေ ဘာသာရပ်ကိုတော့ စိတ်ဝင်စားပါတယ်။
ကျွန်တော်က လမ်းထိန်းသိမ်းရေးဌာန ခွဲမှာ တာဝန်ထမ်းဆောင်နေပါတယ်။ သင်တန်းဆင်းတော့ လမ်းတွေကို ပြုပြင် မယ်ဆိုရင် အရင်ခေတ်က ကျွန်တော်တို့ မျက်စိအမြင်နဲ့ ကောင်းတယ်၊ သင့်တယ်၊ ညံ့တယ် ခွဲခြားတယ်။ အခုတော့ ROMDAS Software နဲ့ နည်းပညာသုံးပြီး ဆောင်ရွက်တဲ့ အတွက် အရင်နဲ့မတူတော့ဘဲ ကွဲပြားခြားနားမှု တွေရှိပါတယ်။ ကျွန်တော် တတ်ထားတဲ့ ပညာနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီချင်ပါ တယ်။ အဲဒီအတွက် ပြည်ထောင်စုရာထူးဝင် အဖွဲ့မှာ ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆို ခဲ့ရတယ်။ သင်တန်းနဲ့ ပတ်သက်ပြီး စာကျက် ရတာတွေများတဲ့အတွက် ကျက်စာတွေကို လျှော့စေချင်တယ်။ သင်တန်းမှာက တချို့ တွေဆို နယ်ဝေးက လာတက်တဲ့သူတွေရှိတဲ့ အတွက် ကျန်းမာရေးကိုတော့ ပိုပြီးဖြည့်ဆည်း ပေးစေချင်ပါတယ်။ ဆေးခန်းကို ဆေး လုံလုံ လောက်လောက်နဲ့ ၂၄ နာရီ ကာကွယ်စောင့် ရှောက်ပေးတာမျိုးလေး ဖြစ်စေချင်ပါတယ်။ ကျန်တာတွေက အဆင်ပြေပါတယ်။ ဆရာ ဆရာမတွေကလည်း အလွန်သဘောကောင်း ပါတယ်။
ဒေါ်ဇင်သူသူထွန်း
(ဦးစီးအရာရှိ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန)
ဗဟိုဝန်ထမ်းတက္ကသိုလ် အောက်မြန်မာ ပြည် ပြည်သူ့ဝန်ထမ်းအကယ်ဒမီ အပတ်စဉ် (၂) တက်ခဲ့ပါတယ်။ ကျွန်မက အပြင်ကနေ ဝင်ရောက်ဖြေဆိုပြီး ပြန်တမ်းဝင်ရာထူးကို ရရှိခဲ့တာဖြစ်တဲ့အတွက် အစိုးရဌာနဆိုတာ ကိုယ်နဲ့လည်း အသားကျမှုမရှိပါဘူး။ ပြည်ထောင်စုရာထူးဝင်အဖွဲ့က ရွေးချယ်ခံရပြီး သင်တန်းတက်ရပါတယ်။ သင်တန်းမှာ ဌာန ပေါင်းစုံကသူတွေ တစ်ဆောင်တည်းမှာ နည်းနည်းစီထားတဲ့အတွက် အပေါင်းအသင်း တွေ အများကြီးရပါတယ်။ ဌာနဆိုင်ရာတွေ အချင်းချင်းလည်း ဆက်သွယ်မှုရသွားသလိုမျိုး တစ်ခုခုလိုအပ်တာရှိရင် ဘယ်ဌာနမှာ ကိုယ့် အသိမိတ်ဆွေတွေရှိတယ်ဆိုတာမျိုး အပေါင်း အသင်း တိုးလာစေပါတယ်။ စာသင်တဲ့အခါမှာ ရုံးလုပ်ငန်း ကျွမ်းကျင်အောင် ရုံးလုပ်ငန်းတွေ သင်ရပါတယ်။ နောက် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်အောင်၊ လူတွေနဲ့ဆက်ဆံတက် အောင်Social Science တွေသင်ပေးပါတယ်။ Political Science လည်း သင်ပေးပါတယ်။ နိုင်ငံ့ဝန်ထမ်းဖြစ်လာရင် နိုင်ငံရေးနဲ့ ပတ်သက် ပြီး သိသင့်ပါတယ်။IT နဲ့ English ဘာသာ တွေကိုလည်း သင်ပေးပါတယ်။
ကျွန်မတို့လို အပြင်က ဖြေဆိုအောင်မြင် တဲ့သူတွေက ရုံးလုပ်ငန်းနဲ့ စိမ်းပါတယ်။ ဒါကြောင့် ရုံးလုပ်ငန်းကိုပိုပြီး အားစိုက် သင်မယ်ဆိုရင် ပိုပြီးအဆင်ပြေမယ်လို့ ထင်ပါ တယ်။ ရုံးလုပ်ငန်းအတွက်ကို အချိန်နည်းနည်း ပိုပေးသင့်တယ်လို့ ထင်ပါတယ်။ ကျောင်းပြီး ခါစတွေပါတဲ့အတွက် ရုံးလုပ်ငန်းက အစိမ်း သက်သက်ဖြစ်နေပါတယ်။ အစိုးရရုံးလုပ်ငန်း ဖြစ်တဲ့အတွက်ကြောင့် ပိုပြီးတော့ အလေး အနက်ထားရမယ့် ကိစ္စလေးတွေရှိပါတယ်။ အဲဒါကို ပိုပြီး သင်ပေးမယ်ဆိုရင် ရုံးလုပ်ငန်း ဆိုင်ရာနဲ့ကြုံတဲ့အခါ ပိုပြီးတော့ အဆင်ပြေ သွားမယ်လို့ ထင်ပါတယ်။
ဦးကျော်သက်ထွန်း
(ဦးစီးအရာရှိ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန)
ဗဟိုဝန်ထမ်းတက္ကသိုလ် အောက်မြန်မာ ပြည်မှာ ပြည်သူ့ဝန်ထမ်းအကယ်ဒမီ အပတ်စဉ်(၂) တက်ခဲ့ရပါတယ်။ သင်တန်းက အတွေ့အကြုံ အများကြီးရပါတယ်။ ဒီသင်တန်းတက်ရတာကို ကြိုက်ပါတယ်။ ကျွန်တော်က တက္ကသိုလ်မှာ Engineering ဘာသာရပ်ကို သင်ကြားခဲ့ပါတယ်။
ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ရွေးချယ်ခံရပြီး နိုင်ငံ့ဝန်ထမ်းတစ်ယောက် အဖြစ်နဲ့ တာဝန်ထမ်းဆောင်မယ်ဆိုတဲ့အချိန် မှာ နိုင်ငံ့ဝန်ထမ်းတစ်ယောက်မှာ ရှိသင့်တဲ့ အခြေခံဗဟုသုတဖြစ်တဲ့ နိုင်ငံရေးသိပ္ပံတွေ၊ လူမှုရေးသိပ္ပံတွေ၊ နိုင်ငံ့ဝန်ထမ်းတစ်ယောက် သိရမယ့် ခံယူချက်တွေ၊ သဘောထားတွေ၊ ဥပဒေတွေ၊ ဦးစီးအရာရှိ Level တန်းဝင်တွေ ဖြစ်တဲ့အတွက်ကြောင့်management အပိုင်း တွေ၊ သိထားရမယ့် အကြောင်းအရာတွေပါ သင်ကြားရတဲ့အတွက်ကြောင့် ဒီသင်တန်း တက်ရတာ ကြိုက်ပါတယ်။ ဒီသင်တန်း တက်ပြီးမှ အလုပ်ဝင်ရတာ ပိုကြိုက်ပါတယ်။ သင်တန်းတက်နေစဉ် ကာလမှာလည်း အဆင် ပြေပါတယ်။ အဆောင်မှူးကစ စာသင်နေတဲ့ သူလိုမျိုး မဟုတ်ဘဲ မိသားစုတစ်ခုလို ဂရုစိုက် ပေးပါတယ်။
ဗဟိုဝန်ထမ်းတက္ကသိုလ်ကနေ ကျောင်း ကနေ သင်ယူခဲ့တဲ့ အဓိကအကြောင်းအရာက တော့ ကျွန်တော်တို့က နိုင်ငံ့ဝန်ထမ်းဖြစ်ပါ တယ်။ ဒါကြောင့် ပြည်သူကိုပဲ ရှေးရှုပြီးတော့ အကျိုးပြုရပါမယ်။ အဲဒီအချက်ကိုတော့ အဓိကသင်ယူခဲ့ရပါတယ်။ ပြည်သူ့ဝန်ထမ်း အဖြစ် ခံယူချက်ထားတတ်ဖို့တော့ အဓိက သင်ယူခဲ့ရပါတယ်။
ဒါကြောင့် ဝန်ထမ်းတစ်ယောက်အနေနဲ့ ဝင်ရောက်မယ်ဆိုရင် ဒီလိုသင်တန်းတွေက လိုအပ်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အရင်သင်ခဲ့ရတာ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ဆိုတော့ ဒီလိုဝန်ထမ်းတစ်ယောက် မှာ လိုအပ်တဲ့ ခံယူချက်တွေ၊ အခြေခံဗဟုသုတ တွေက မသင်ခဲ့ရပါဘူး။ ဒါကြောင့် ဒီလို အခြေခံဗဟုသုတတွေ၊ ခံယူချက်တွေ၊ လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်တို့၊ ဝတ္တရား တွေကို သိဖို့အတွက်ကတော့ ဒီသင်တန်းတွေ မဖြစ်မနေ တက်ရောက်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။
သင်တန်းမှာ ပိုပြီးကိုက်ညီစေဖို့ အကြံပြု ချင်တာလည်းရှိပါတယ်။ICT အပိုင်းမှာဆို Programအကြောင်းတွေကို သင်ပါတယ်။ ပိုပြီးတော့ ဖြစ်စေချင်တာက ပြန်လည်အသုံး ချရမယ့် အပိုင်းတွေကို သင်ပေးစေချင်ပါတယ်။ ဥပဒေမှာဆိုလည်း နိုင်ငံ့ဝန်ထမ်းနဲ့ဆိုင်တဲ့ ဥပဒေကိုပဲ သင်ပေးသင့်တယ်လို့ ထင်ပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့အတွက် စာတွေက များတော့ တချို့ဟာတွေကျ မမှတ်မိ သလောက်ဖြစ်ပါတယ်။ ပိုပြီးတော့ အရေး ကြီးတဲ့ ဟာတွေကိုပဲ အလေးထားပြီးသင်ယူရင် ပိုပြီးတော့ ကောင်းမယ်လို့ထင်ပါတယ်။
နန်းဇင်ငြိမ်းမွန်
(ဌာနစုမှူး-၂၊ တတိယအတွင်းဝန်၊
နိုင်ငံခြားရေးဝန်ကြီးဌာန၊
စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန)
ဗဟိုဝန်ထမ်းတက္ကသိုလ် အောက်မြန်မာ ပြည်မှာ အရာထမ်းလောင်းအခြေခံပညာ သင်တန်း ပြည်သူ့ဝန်ထမ်း အခြေခံစီမံခန့်ခွဲမှု ဘွဲ့လွန်သင်တန်းအမှတ်စဉ်(၂)မှာ တက်ရောက် ခဲ့တာဖြစ်ပါတယ်။ လေးလတာ သင်တန်း တက်ရောက်ခဲ့ပါတယ်။ ဒီသင်တန်းမှာ အဓိက ဘာသာရပ်ကြီး ခုနစ်ခုကို သင်ကြားခဲ့ရပါတယ်။ ပြည်သူ့ဝန်ကို ထမ်းတဲ့ အရာထမ်းလောင်းတွေ အရာရှိတွေအတွက် အဓိကလိုအပ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ အင်္ဂလိပ်စာ ITလိုမျိုး တတ်ကျွမ်းရမယ့် ဘာသာရပ်တွေကို ထည့်သွင်းသင်ကြားပေးခဲ့တာဖြစ်ပါတယ်။
ဒီသင်တန်းမှာ စာပေဘာသာရပ်တင် မကဘဲ အရာထမ်းလောင်းတွေ၊ အရာရှိ ဖြစ်မယ့်သူတွေအတွက် ထားရှိရမယ့် စိတ်ဓာတ်၊ ဖြည့်ကျင့်ရမယ့် အရည်အချင်း၊ စွမ်းဆောင်ရည်အတွက် အသင်းအဖွဲ့နဲ့ ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်တွေ၊ အများနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ ဘယ်လိုညှိနှိုင်းဆောင်ရွက်ရမလဲ၊ အချင်းချင်း အကဲဖြတ်အမှတ်ပေးတဲ့စနစ်တွေနဲ့ သင်တန်း ပေါ်မှာ စနစ်ပြောင်းလဲသွားတဲ့အတွက် ကြောင့် သင်တန်းတက်ရောက်ခဲ့တဲ့ သင်တန်း သားတိုင်းကတော့ စာပေဘာသာရပ် တစ်ခု တည်းမဟုတ်ဘဲနဲ့ တခြားကျွမ်းကျင်ရမယ့် အပိုင်းတွေကိုပါ ဖြည့်ကျင့်နိုင်မယ့်အတွက် ကြောင့် အများကြီးသက်ရောက်မှုရှိတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီသင်တန်းကာလပြီးဆုံးပြီး မိမိဌာနမှာ တာဝန်ထမ်းဆောင်တဲ့အခါမှာ လည်း ကိုယ့်ရဲ့ သင်တန်းသားအချင်းချင်း၊ ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တဲ့အခါမှာ ပိုပြီးတော့ အဆင်ပြေ ချောမွေ့လာတာဖြစ်ပါတယ်။
သင်တန်းမှာ အဓိက စာပေဘာသာရပ် အနေနဲ့ ခုနစ်ခုမှာ အင်္ဂလိပ်စာနဲ့ ITလိုမျိုး သီးသန့်ကျွမ်းကျင်ရမယ့်ဘာသာရပ်ကို ခွဲထုတ် လိုက်ရင် ပြည်သူ့ဝန်ထမ်းတိုင်း သိရမယ့် ဘာသာရပ် ငါးခု၊ ယခုလက်ရှိပြောင်းလဲလာတဲ့စနစ်အရရော ဝန်ထမ်းတွေအနေနဲ့ ဥပဒေ တွေလည်း ကျွမ်းကျင်ရပါမယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေကိုလည်း ကိုယ့်ရဲ့ ဝန်ကြီးဌာနတွေ လုပ်ငန်းနဲ့ ဆက်စပ်မှုမရှိတဲ့ အတွက် ထားခဲ့လို့မရပါဘူး။ အရာထမ်း လောင်းတွေအနေနဲ့ တာဝန်ထမ်းဆောင်တဲ့ အခါမှာ မျက်မှောက်ရေးရာ၊ ကမ္ဘာ့ရေးရာ၊ မြန်မာ့ရေးရာတွေ အဆက်မပြတ်ရှုမြင်တတ်ဖို့ ဘာသာရပ်အနေနဲ့ ထည့်သွင်းသင်ကြားပေးပါ တယ်။
လူမှုရေးသိပ္ပံမျိုး Social Science ဘာသာရပ်အနေနဲ့ သင်ကြားပေးခြင်းအား ဖြင့် လုပ်ငန်းခွင်ကိုရောက်ပြီး တွေ့ကြုံရမယ့် အတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်၊ ပေါင်းစပ်ပြီး သင်ကြားပေးတဲ့အတွက် လုပ်ငန်းခွင်မှာ အများကြီး အကျိုးရှိတာကို တွေ့ရပါတယ်။ ဒါ့အပြင် စီမံခန့်ခွဲမှုဘာသာရပ်မှာ ရုံးလုပ်ငန်း ဘာသာရပ်တို့၊ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်း ဘာသာရပ်တို့ ထည့်သွင်းသင်ကြား ပေးတဲ့အတွက် ကိုယ့်ဝန်ကြီးဌာနကို ရောက်တဲ့ အခါမှာ ဘယ်ဦးစီးဌာနကို တာဝန်ထမ်းဆောင် ရမယ်ဆိုတာ၊ သဘောသဘာဝအရ တာဝန် ထမ်းဆောင်ရတဲ့အပိုင်း မတူကြတာရှိပါ တယ်။ သင်တန်းကနေ ဘာသာရပ်ပေါင်းစုံကို ဖြည့်ဆည်း သင်ကြားပေးလိုက်တဲ့အတွက် ကြောင့် ကိုယ့်ဌာနရောက်တဲ့အခါမှာ ဘာသာ ရပ်တွေကို ကိုယ့်အတွက် လက်တွေ့ အကျိုး ရှိရှိ အသုံးချနိုင်တာကို တွေ့ရပါတယ်။
ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရဲ့ ပြောင်းလဲမှုတစ်ရပ်အဖြစ် စာမေးပွဲတွေ ဝင်ဖြေတဲ့အခါမှာ ပထမဆုံး သတိထားမိတာ ရှိပါတယ်။ အရင်လို ကျက်မှတ်ပြီး ဖြေဆိုတဲ့ စနစ်မဟုတ်ဘဲနဲ့ အရာထမ်းအရာရှိအနေနဲ့၊ တာဝန်ထမ်းဆောင်မယ့်သူ တစ်ယောက် အနေနဲ့ အတွေးအမြင်တွေ ဘယ်လိုထားတယ်၊ မြန်မာ့ရေးရာ၊ ကမ္ဘာ့ရေးရာအပေါ်မှာ ဘယ်လို ရှုမြင်တယ်၊ ဘယ်လိုသုံးသပ်တယ်ဆိုတဲ့ အတွေးအမြင်တွေကို ဆန်းစစ်တဲ့ မေးခွန်း လိုမျိုး ဖြေရတဲ့အတွက်ကြောင့် ကျက်မှတ်ပြီး ဖြေဆိုတဲ့သူမဟုတ်ဘဲ ယှဉ်ပြိုင်ချင်စိတ် အပြည့်နဲ့ မိမိကိုယ်တိုင် ဖြည့်ကျင့်ပြီးဖြေရတဲ့ မေးခွန်းပုံစံမျိုး ရှိတဲ့အတွက် ယှဉ်ပြိုင်မှုက ပိုပြီးအားကောင်းလာတာတွေ့ရပါတယ်။
ဒါ့အပြင် မိမိကိုယ်တိုင် လေ့လာတဲ့ စနစ်တွေ ဖြေဆိုတဲ့အပိုင်းမှာလည်း မိမိ ဘာသာရပ်ဆိုရင် ကျက်မှတ်ပြီး ဖြေဆို တာထက် ကိုယ့်ရဲ့အတွေးအမြင်ကို ဖြေဆိုတာ မျိုးက ဆန်းစစ်တဲ့ မေးခွန်းက ထိရောက်မှုရှိတာ မျိုး တွေ့ရပါတယ်။ စာမေးပွဲပုံစံပြောင်းလဲ သွားတဲ့စနစ်မှာ လက်ရှိဖြေဆိုတဲ့ ဖြေဆိုသူ တိုင်းလည်း အားရတဲ့စနစ်ဖြစ်ပါတယ်။ ဖြေဆို မှုစနစ်ကိုလည်း အားလုံးက တကယ်ကို အကျိုး ရှိတယ်လို့ ထင်ပါတယ်။

No comments:

Post a Comment