Tuesday, April 3, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ ဒုတိယအကြိမ်လာရောက်တွေ့ဆုံ

Image may contain: 7 people, indoor
နေပြည်တော် ဧပြီ ၂
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည်Dr. Surakiart Sathirathai ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။Dr. Surakiart Sathirathai နှင့်အတူ အကြံပေးအဖွဲ့ဝင်များဖြစ်သည့် Mr. Urban Ahlin၊ ဦးဝင်းမြ၊ ဦးထွန်းမြတ်၊ ဦးခင်မောင်လေး၊ ဦးလှမြင့်နှင့် ဒေါက်တာခင်ညိုတို့လည်း တက်ရောက်ခဲ့သည်။
ယင်းသို့တွေ့ဆုံစဉ် အကြံပေးအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် လုပ်ငန်းအစီအစဉ်များကို အကြံပေးအဖွဲ့ဥက္ကဋ္ဌက ရှင်းလင်းပြောကြားခဲ့ပြီး အကြံပေးအဖွဲ့၏ ကနဦးအကြံပြုချက်များအား အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ရခိုင် ပြည်နယ်ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းသွားရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အနာဂတ်တွင် ဆောင်ရွက်မည့် ကိစ္စများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ယခုတွေ့ဆုံမှုသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့အနေဖြင့် စတင်ထူထောင်ပြီးချိန်မှစ၍ ဒုတိယအကြိမ် လာရောက်တွေ့ဆုံခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံမှုသို့ အကြံပေးအဖွဲ့ဝင်များအပြင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့ တက်ရောက်ခဲ့သည်။
သတင်းစဉ်

No comments:

Post a Comment