Tuesday, April 3, 2018

မြန်မာနိုင်ငံအစိုးရနှင့် ကမ္ဘာ့ဘဏ်တို့ ပူးတွဲပြုစုသည့်အစီရင်ခံစာ ထုတ်ပြန်

Image may contain: 31 people, people smiling, people standing and indoor
နေပြည်တော် ဧပြီ ၂
မြန်မာနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းလစာ ပမာဏသည် ဝင်ငွေ အလယ်အလတ် (အနိမ့်)အဆင့် နိုင်ငံများထက်ပို၍ အခြေအနေ ကောင်းမွန်လျက်ရှိ ကြောင်း ယနေ့ထုတ်ပြန်သော အစီရင်ခံစာကဆိုသည်။ မြန်မာနိုင်ငံ ၏ နိုင်ငံ့ဝန်ထမ်းလစာ၊ စရိတ်၊ ချီးမြှင့် ငွေစနစ်နှင့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲခြင်း သုံးသပ်မှုအစီရင်ခံစာ ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အစိုးရနှင့် ကမ္ဘာ့ဘဏ်တို့က ပူးတွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလှူရှင်ပေါင်းစုံ ထည့်ဝင်သော ရန်ပုံငွေ (Myanmar Multi Donor Trust Fund)မှတစ်ဆင့် ဒိန်းမတ် နိုင်ငံ၊ သြစတြေးလျနိုင်ငံနှင့် ဗြိတိန် နိုင်ငံတကာဖွံ့ဖြိုးရေးဌာနတို့က ပံ့ပိုး သော အဆိုပါအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းလစာ၊ စရိတ်၊ ချီးမြှင့်ငွေနှင့် လူ့စွမ်းအား အရင်းအမြစ်စီမံခန့်ခွဲခြင်းစနစ်များ အကြောင်း၊ ၎င်းတို့၏အားသာချက် နှင့် အားနည်းချက်များအကြောင်း စုံလင်စွာ ဖော်ပြထားသည်။
''မြန်မာနိုင်ငံရဲ့ နိုင်ငံ့ဝန်ထမ်းလစာ ပမာဏဟာ ကောင်းမွန်တဲ့အနေ အထားမှာရှိပြီး လစာ၊ စရိတ်၊ ချီးမြှင့် ငွေရဲ့ အဆင့်ဟာ ဝန်ထမ်းများကို ရေရှည်ဆွဲဆောင်နိုင်ဖို့ အခွင့်အလမ်း တွေ ရှိပါတယ်၊ သို့သော်လည်း ဘဏ္ဍာရေးအခြေအနေ တည်ငြိမ်မှုကို သေချာစေဖို့နဲ့ နိုင်ငံ့ဝန်ထမ်းကဏ္ဍ စွမ်းဆောင်ရည်များ ကောင်းမွန်ဖို့ အတွက် ဆွဲဆောင်မှုတွေကို ချင့်ချိန်ပြီး စီမံခန့်ခွဲဖို့ အရေးကြီးပါတယ်''ဟု ကမ္ဘာ့ဘဏ်၏ Program Leader Shabih Ali Mohib က ပြောသည်။
လစာနှုန်းထား တိုးမြှင့်ခြင်းနှင့် ဝန်ထမ်းဦးရေအများအပြားခန့်အပ် ခြင်းတို့အကြားတွင် လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းလစာနှုန်းထားများကို ဦးတည်အုပ်စုအတွက်သာ တိုးမြှင့် ပေးခြင်းနှင့် ယေဘုယျအားဖြင့် နိုင်ငံ့ဝန်ထမ်း လစာတစ်ရပ်လုံးကို လစာနှုန်း တိုးမြှင့်ပေးခြင်းတို့အကြား တွင်လည်းကောင်း ချိန်ညှိရန်အတွက် ပိုမိုကောင်းမွန်သော နိုင်ငံ့ဝန်ထမ်း လစာခန့်မှန်းတွက်ချက်သည့်ပုံစံများ ကို တည်ဆောက်ရန် အစီရင်ခံစာ တွင် တိုက်တွန်းအကြံပြုထားကြောင်း သိရသည်။
ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ အချက်အလက်စနစ်၊ လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ အချက်အလက် စနစ်တို့နှင့် ချိတ်ဆက်၍ ဗဟိုဦးစီး ချုပ်ကိုင်သည့် အလိုအလျောက်လစာ ပေးသည့်စနစ် တည်ဆောက်ရန် လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းကဏ္ဍတွင် လိုအပ်နေသည့် ကျွမ်းကျင်မှု ရှိသော ဝန်ထမ်းများ ခန့်အပ်ခြင်း၊ အလုပ်ခွင် တည်မြဲစေခြင်းနှင့် ရွှေ့ပြောင်းတာဝန် ချထားခြင်း လုပ်ငန်းစဉ်များကို ပုံမှန်စောင့် ကြည့်ရန်လည်းကောင်း၊ နိုင်ငံ့ ဝန်ထမ်းများ တာဝန်ထမ်းဆောင် နိုင်ရန်အတွက် လုပ်ငန်းခွင်အသုံး စရိတ်နှုန်းထားများကို ခေတ်နှင့် လျော်ညီမှုရှိစေရန် ပြန်လည်သုံးသပ် ရန်လည်းကောင်း တိုက်တွန်းအကြံပြု ထားသည်။
''ဒါဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့ ဝန်ထမ်းကဏ္ဍလစာနဲ့ စွမ်းဆောင်မှု များကို စီမံခန့်ခွဲရာမှာ အထောက် အထားကို အခြေခံတဲ့ ပြုပြင် ပြောင်းလဲမှု ခရီးရှည်ရဲ့ ပထမဆုံး ခြေလှမ်းသာဖြစ်ပါတယ်''ဟု ယနေ့ ကျင်းပသော အစီရင်ခံစာမိတ်ဆက် ခြင်းအခမ်းအနားသို့ တက်ရောက် သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ငွေတိုက်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်းက ပြောကြား သည်။
''ယခုအချိန်အထိ ဒီအစီရင်ခံစာ ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့ဝန်ထမ်းကဏ္ဍ အကြောင်း အစုံလင်ဆုံး သုံးသပ်ထား တဲ့ အစီရင်ခံစာတစ်ခု ဖြစ်ပါတယ်၊ အစီရင်ခံစာရဲ့ တိုက်တွန်းအကြံပြု ချက်တွေကို လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်တဲ့နေရာမှာ မြန်မာနိုင်ငံအစိုးရကို ပံ့ပိုးကူညီပေး ပါလို့ ကမ္ဘာ့ဘဏ်ကို တိုက်တွန်း လိုပါတယ်'' ဟု မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး Peter Lysholt Hansen က ပြောကြားသည်။
နိုင်ငံ့ဝန်ထမ်းကဏ္ဍ လစာ၊ စရိတ်၊ ချီးမြှင့်ငွေ၊ လူ့စွမ်းအားအရင်းအမြစ် ဆိုင်ရာ မူဝါဒများနှင့်စပ်လျဉ်း၍ကြုံတွေ့နေရသော အခက်အခဲများ ကို ဖြေရှင်းရာတွင် နည်းပညာပံ့ပိုး ကူညီပေးရန် မြန်မာနိုင်ငံအစိုးရက ကမ္ဘာ့ဘဏ်အား တောင်းဆိုခဲ့သည့် အတွက် ဤသုံးသပ်မှုအစီရင်ခံစာကို ၂ဝ၁၅-၂ဝ၁၇ အတွင်း ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်

No comments:

Post a Comment