Wednesday, April 4, 2018

မောင်တောဒေသတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးငယ်များအတွက် ဒုတိယအကြိမ်နှင့် တတိယအကြိမ် ထောက်ပံ့ကြေးငွေပေးအပ်

Image may contain: 9 people, people smiling, people standing
မောင်တော ဧပြီ ၃
မောင်တောဒေသတွင် ကိုယ်ဝန် ဆောင်မိခင်များနှင့် နှစ်နှစ်အောက် ကလေးငယ်များအတွက် အာဟာရ ဖွံ့ဖြိုးစေရေး လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲကို ယနေ့မှစတင်၍ မောင်တောမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေ ပေးအပ်ပွဲ တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်း များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ကိုယ်ဝန် ဆောင်မိခင်များနှင့် နှစ်နှစ်အောက် ကလေးငယ်များအတွက် တစ်ဦးလျှင် ခြောက်လစာ ငွေကျပ် ၉ဝဝဝဝ နှုန်း ဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
''ကိုယ်ဝန်ဆောင် မိခင်တွေကို ပထမအကြိမ် ငွေကြေးထောက်ပံ့ ပေးပြီးပါပြီ၊ ဒါကတော့ ဒုတိယ အကြိမ်နဲ့ တတိယအကြိမ်အတွက် ပေးတာဖြစ်ပါတယ်၊ ပထမအကြိမ် တုန်းက ကိုယ်ဝန်ဆောင်မိခင်နဲ့ နှစ်နှစ် အောက် ကလေးငယ်တွေအတွက် တစ်လကို ငွေကျပ် ၁၅ဝဝဝ နှုန်းနဲ့ သုံးလအတွက် ငွေကျပ် ၄၅ဝဝဝ ပေးပါတယ်၊ ကျေးရွာအုပ်စု ၆၇ စုက ကိုယ်ဝန်ဆောင်မိခင် ၂၁၈ဝ ကို စုစုပေါင်း ကျပ်သိန်းပေါင်း ၇ဝဝ ကျော် ပေးခဲ့ပြီးပါပြီ၊ အခု ဒုတိယ အကြိမ်နဲ့ တတိယအကြိမ်က ကျေးရွာ အုပ်စု ၇၃ အုပ်စုမှ ကိုယ်ဝန်ဆောင် မိခင် ၃၈၇၈ ဦးအတွက် ကျပ်သိန်း ပေါင်း ၃၄ဝဝ ကျော် ပေးမှာပါ၊ ထောက်ပံ့မှု ပေးတာကတော့ မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ လူမျိုးဘာသာမရွေး ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ နှစ်နှစ်အောက် ကလေး အားလုံးကို ပေးပါတယ်၊ ကိုယ်ဝန် ဆောင်တွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကတော့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ပေးပါတယ်၊ ကျွန်တော် တို့ MCCT ငွေကြေးထောက်ပံ့တဲ့ အစီအစဉ်က ကိုယ်ဝန်ဆောင်မိခင်နဲ့ နှစ်နှစ်အောက် ကလေးငယ်တွေ ခန္ဓာကိုယ်ဖွံ့ဖြိုးစေဖို့နဲ့ ဦးနှောက် စွမ်းရည်ဖွံ့ဖြိုးမှုတွေအတွက် အဓိက ရည်ရွယ်လုပ်ဆောင်ပေးလျက်ရှိပါ တယ်၊ ရှေ့ဆက်လုပ်ဆောင်မှာက တော့ ကျွန်တော်တို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနအနေနဲ့ တစ်ဖက်နိုင်ငံက ပြန်လာမယ့်သူတွေ ကို ကယ်ဆယ်ရေးစခန်းတွေမှာ လက်ခံဖို့လုပ်မယ်၊ သူတို့အတွက် နေထိုင်စားသောက်ဖို့ကအစ လိုအပ် တာမှန်သမျှ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်''ဟု မောင်တောမြို့ မြို့မအရှေ့ရပ်ကွက် တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် နှစ်နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ကြေးငွေပေးအပ်ပွဲ၌ လူမှု ဝန်ထမ်းဦးစီးဌာနမှ ငွေကြေး ထောက်ပံ့မှု တာဝန်ခံ ကိုကျော်အောင် စိန်က ပြောသည်။
မောင်တောမြို့ မြို့မအရှေ့ရပ်ကွက် မှ ကိုယ်ဝန်ဆောင်မိခင် မခင်စိုးစိုး က ''ကျွန်မက ထောက်ပံ့ကြေး ပေးတာကို လာထုတ်တာပါ၊ အခု ကိုယ်ဝန်က ကိုးလထဲရောက်နေပါပြီ၊ ပထမတစ်ကြိမ် ကိုယ်ဝန်ဆောင် မိခင်တွေအတွက် ထောက်ပံ့ကြေး ပေးတာကို ရရှိခဲ့ဖူးပါတယ်၊ အခု လာပေးတဲ့အကြိမ်ကတော့ ဒုတိယ အကြိမ်နဲ့ တတိယအကြိမ် ပေါင်းပြီး လာပေးတာဖြစ်တဲ့အတွက် တစ်လကို တစ်သောင်းခွဲကျပ်နဲ့ ခြောက်လစာ ကိုးသောင်းကျပ်ရပါတယ်၊ ကိုယ်ဝန် ဆောင်မိခင်တွေ အာဟာရဖွံ့ဖြိုးပြီး ကျန်းမာသန်စွမ်းဖို့အတွက် လူမှု ဝန်ထမ်းဦးစီးဌာနက ဝန်ထမ်းတွေ ရော၊ ကျန်းမာရေးဝန်ထမ်းတွေကရော ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်၊ ဒီက ရတဲ့ ထောက်ပံ့ငွေတွေနဲ့ မွေးဖွား လာမယ့်ကလေးငယ် အာဟာရ ဖွံ့ဖြိုးရေးအတွက် အမှန်တကယ် အသုံးပြုမှာဖြစ်ပါတယ်၊ ကျန်းမာရေး အတွက်လည်း ဆေးရုံဆေးခန်းတွေ အနီးအနားမှာရှိတဲ့အတွက် အဆင် ပြေပါတယ်''ဟု ပြောသည်။
ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ် အောက် ကလေးငယ်များအတွက် ထောက်ပံ့ကြေးငွေပေးအပ်မှုများကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ များတွင် ဆောင်ရွက်ပေးလျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက အစီအစဉ် ရှစ်ရပ်ရေးဆွဲပြီး လူမှုကာကွယ်စောင့် ရှောက်ရေးအစီအစဉ်အဖြစ် ကိုယ်ဝန် ဆောင်မိခင်ဘဝမှအစ သက်ကြီး ရွယ်အိုအထိ လူ့ဂုဏ်သိက္ခာနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
သတင်းနှင့်ဓာတ်ပုံ
ကျော်သူဝင်း၊ အေးမင်းသူ

No comments:

Post a Comment