Tuesday, April 3, 2018

နိုင်ငံတကာအဆင့်မီ ဝေါအဆင့်မြင့် ဈေးသစ်ကြီးနှင့် ယာဉ်ရပ်နားစခန်း ၉ဝ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး

Image may contain: sky and outdoor
ဝေါ ဧပြီ ၂
ပဲခူးတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်အလယ်ကောင်နှင့် နီးကပ်စွာဆောက်လုပ်နေသော ရန်ကုန်- မော်လ မြိုင်- မြဝတီ -မဲဆောက် အဝေးပြေးလမ်းမကြီး ပေါ်၌ ဆောက်လုပ်နေသည့် ၃ ဒသမ ၃၄ ဧက အကျယ်အဝန်းရှိသော နိုင်ငံတကာအဆင့်မီ ဝေါ အဆင့်မြင့်ဈေးသစ်ကြီးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ဆောက်လုပ်မှု ၉ဝ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။
ပဲခူးတိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ခွင့်ပြု ချက်နှင့်  ဝေါမြို့နယ် စည်ပင်သာယာရေးကော်မတီ ၏ကြီးကြပ်မှုဖြင့် တည်ဆောက်နေသော Pa Hta Wi Soeကုမ္ပဏီလီမိတက်နှင့် Amanda Tradingကုမ္ပဏီလီမိတက်တို့က တာဝန်ယူဆောက်လုပ်နေ သည့် ငွေကျပ်သိန်းပေါင်း ၂၇ဝဝဝ ကျော် ကုန်ကျ တည်ဆောက်နေသော ဝေါမြို့ အရှေ့ဘက်ကမ်း ရပ်ကွက်ရှိ နိုင်ငံတကာအဆင့်မီ ဝေါအဆင့်မြင့် ဈေးသစ်ကြီးမှာ ရန်ကုန်-မော်လမြိုင်-မြဝတီ အာရှ လမ်းမကြီးပေါ်တည်ရှိခြင်း၊ ထိုင်းနိုင်ငံလူသုံးကုန် ပစ္စည်းများနှင့် ဒေသထွက်စားသောက်ကုန်ပစ္စည်း များကိုခဏတာယာဉ်ရပ်နားပြီး ဈေးဝယ်ယူနိုင်ခြင်း၊ ဝေါမြို့နယ်အတွင်းရှိ ရွာပေါင်း ၆ဝ ၏ အဓိက အဝင်၊ အထွက်လမ်းပေါ်တွင် တည်ရှိနေခြင်း၊ ရေလမ်းကြောင်းကုန်သွယ်ရေးဖြစ်သည့် လှေဆိပ် အနီးတွင်တည်ရှိခြင်း၊ ဈေးနှုန်းသက်သာစွာကုန် ပစ္စည်းများကိုသယ်ဆောင်နိုင်သည့် ရထားဘူတာ ရုံရှိခြင်း၊ မိုးဒဏ်လေဒဏ်ခံနိုင်ပြီး ခေတ်မီစိတ်ချရ သောနည်းပညာဖြင့် တည်ဆောက်ထားခြင်း၊ မြို့  လယ်ကောင်တွင် တည်ရှိသော လက်ရှိဈေးဟောင်း နေရာနှင့် ကိုက် ၆ဝဝ အကွာတွင်တည်ရှိခြင်းနှင့်ဈေးနှုန်းချိုသာသောရင်းနှီးမြှုပ်နှံမှုဖြင့် သင့်လျော် ပြီး ဆိုင်ခန်းဝယ်ယူရာတွင် အရစ်ကျစနစ်ဖြင့် ဝယ်ယူ နိုင်ခြင်းများရှိကြောင်း ဝေါမြို့နယ်စည်ပင်သာယာ ရေး ကော်မတီမှသိရသည်။
ဝေါအဆင့်မြင့်ဈေးသစ်ကြီးအတွင်း၌ စား သောက်ဆိုင်ခန်းများ၊ စိုက်ပျိုးသီးနှံနှင့် ရေထွက် ပစ္စည်းများ၊ ကမ္ဘာလှည့်ခရီးသွားများပါ လာရောက် လေ့လာလည်ပတ်နိုင်မည့် ဒေသထွက် ပဲအမျိုးမျိုး၊ ဆန်စပါး၊ လယ်ယာထွက်ကုန်နှင့် အော်ဂဲနစ် အရောင်းပြခန်းများနှင့် သန့်ရှင်းမှုဖြင့် အထူးပြု လုပ်ထားသော လတ်ဆတ်သည့် သားငါး အရောင်း ဆိုင်ခန်းများပါဝင်ပြီး အခြေခံလူတန်းစားများ သာမက ခရီးသွားလုပ်ငန်း ဒေသဖွံ့ ဖြိုးတိုးတက်မှု အတွက် စီမံဆောင်ရွက်ထားသော ဈေးသစ်ကြီး တစ်ခုဖြစ်သည်။
နိုင်ငံတကာအဆင့်မီ ဝေါအဆင့်မြင့်ဈေးသစ် ကြီးအတွင်း၌ ယာဉ်ရပ်နားရန်အတွက် ယာဉ်အစီး ရေ ၁ဝဝ ခန့် ရပ်နားနိုင်သည့် ကားပါကင်ပါဝင်မည် ဖြစ်ပြီး သန့်ရှင်းသပ်ရပ်သောစားသောက်ဆိုင်ခန်း များအား ၂၄ နာရီ ဖွင့်လှစ်ထားရှိမည်ဖြစ်ကာ တစ်နာရီလျှင် ယာဉ်အစီးရေ ၂ဝဝဝ ကျော်ဖြတ်သန်း သွားလာနေသော ရန်ကုန် - မော်လမြိုင်အမြန် လမ်းမကြီးပေါ်မှ ဖြတ်သန်းသွားလာကြမည့် ယာဉ် များနှင့် ရန်ကုန်မြို့မှ ကျိုက်ထီးရိုးဘုရားသို့ သွား ရောက်ကြမည့် ဘုရားဖူးဧည့်သည်များမှာ ခရီး တစ်ထောက်အနားယူနိုင်ခြင်းနှင့် ဒေသထွက် ကုန်များအား တစ်နေရာတည်းတွင် စုံလင်စွာ ဝယ်ယူနိုင်ခြင်း၊ ထိုင်းနိုင်ငံထွက်ကုန်ပစ္စည်းများ ကိုလည်း မြဝတီမြို့ထိ သွားရောက်ဝယ်ယူစရာ မလိုတော့ဘဲ ဝေါအဆင့်မြင့်ဈေးသစ်ကြီးအတွင်း ၌ ဝယ်ယူနိုင်ကြမည်ဖြစ်ပြီး ဒေသခံပြည်သူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင် မည်ဖြစ်ကြောင်းသိရသည်။
နိုင်ငံတကာအဆင့်မီ ဝေါအဆင့်မြင့်ဈေးသစ် ကြီး တည်ဆောက်ရေးအဖွဲ့ မှ စီမံကိန်းဒါရိုက်တာ ဦးသိန်းလင်းထက်က ''ရန်ကုန်မြို့ကနေ ထိုင်း-မြန်မာ နယ်စပ်ထိသွားတဲ့ လမ်းမတစ်လျှောက်ဘေး ကပ်လျက်မှာဒီလိုအဆင့်မြင့်ခေတ်မီဈေးကြီးမရှိ သေးပါဘူး၊ ဒီအာရှလမ်းမကြီးဟာဆိုရင် တစ်ချိန်မှာ နှစ်နိုင်ငံကုန်စည်စီးဆင်းမှု ကောင်းမွန်လာမယ့် လမ်းမကြီးဖြစ်လာမှာမို့  ဈေးသစ်ကြီးဆောက်လုပ်ဖို့ ရွေးချယ်ဖြစ်လာတာပါ၊ ဒီဈေးသစ်ကြီးဆောက်လုပ် လိုက်တာမို့ ဈေးဟောင်းက အချို့ ဆိုင်ခန်းသမားတွေလည်းလာရောက်ဝယ်ယူလျှောက်ထားနေကြပါတယ်၊ ပြီးတော့ ဝေါအဆင့်မြင့်ဈေးသစ်ကြီးရဲ့ဈေးရုံတစ်ရုံနဲ့ တစ်ရုံကြားမှာ ပေ ၂ဝ အကျယ်စီမံ ထားတာမို့ မီးသတ်ယာဉ်တစ်စီးကောင်းကောင်းဝင်နိုင်အောင်နဲ့ ဈေးဝယ်သူတွေဈေးဝယ်ယူမှု အဆင်ပြေစေဖို့ ဈေးလျှောက်လမ်းများကိုကြွေပြား ကပ်ပေးထားပြီးလျှောက်လမ်းအကျယ်ကို ခုနစ်ပေ စီမံ ဆောင်ရွက်ထားပါတယ်၊ ဈေးဆိုင်ခန်းဝယ်ယူသူ များအဆင်ပြေစေဖို့အတွက်လည်း ဆိုင်ခန်းပိုင်ဆိုင် မှု စာအုပ်ကို မြို့နယ်စည်ပင်က ထုတ်ပေးမှာပါ၊ ဈေးတစ်ခုဖြစ်လာပြီဆိုတော့ ဈေးဆိုင်ခန်းများ အတွက်လည်း ဝန်ထမ်းများလိုအပ်လာတော့မှာမို့ ဒေသခံများအတွက်အများကြီးအကျိုးရှိစေမှာဖြစ်ပါတယ်''ဟု စီမံကိန်းလုပ်ငန်းခွင်အတွင်း ရှင်းပြ သည်။
ယခုကဲ့သို့ ဈေးသစ်ကြီးဖွင့်လှစ်ပြီးစီးပါက ပဲခူး တိုင်းဒေသကြီးအတွင်းရှိ ဒေသခံများဝင်ငွေတိုးပွား လာမည်ဖြစ်ကြောင်းနှင့် အခြေခံမြို့ပြ လူနေမှုစနစ် မြင့်တက်လာကာ နိုင်ငံခြားဝင်ငွေကောင်းမွန်ပြီး ဒေသတစ်ခု၏ ပြယုဂ်ဖြစ်လာမှာ အမှန်ပင်ဖြစ် ကြောင်း၊ ထို့အပြင် အဆိုပါ နိုင်ငံတကာအဆင့်မီ ဝေါအဆင့်မြင့်ဈေးသစ်ကြီး ဆောက်လုပ်မှုအတွက် ၂ဝ၁၇ ခုနှစ် ဧပြီ ၁ ရက်က ဖောင်ဒေးရှင်းလုပ်ငန်း များ စတင်ဆောင်ရွက်ခဲ့ကာ ပွင့်လင်းရာသီဖြစ် သော ယခုနှစ် ဧပြီလ အပြီးသတ် ဆောက်လုပ် သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတကာအဆင့်မီ ဝေါအဆင့်မြင့် ဈေးသစ်ကြီးအတွင်းရှိ ဈေးဆိုင် ခန်းများမှာ မေလတွင် စတင်ခင်းကျင်း ရောင်းချနိုင်ကြတော့မည်ဖြစ်ကြောင်းစီမံကိန်း လုပ်ငန်း ခွင်မှစုံစမ်းသိရသည်။
ပွင့်သစ္စာ

No comments:

Post a Comment