Sunday, March 4, 2018

Image may contain: 6 people, people standing
ဆီဆိုင် မတ် ၃
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအား ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဂျပန်နိုင်ငံ အစိုးရ မဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်သည့်Terra People Association (TPA) (ကမ္ဘာ့ လူသားအဖွဲ့အစည်း) အစီအစဉ်ဖြင့် (MoU)လက်မှတ်ရေးထိုးသဘောတူညီချက်အရ ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဆီဆိုင်မြို့ မြို့ပေါ်(၆)ရပ်ကွက်နှင့် မြို့နှင့်ဆက်စပ်လျက်ရှိသည့် အနီးပတ်ဝန်းကျင် ကျေးရွာဖြစ်သည့် ဘုရားဖြူကျေးရွာ၊ ဟော်တောင်ကျေးရွာ၊ ဟော်မြောက် ကျေးရွာ၊ ပန်လိုင်းကျေးရွာ၊ ဝါးတောကျေးရွာနှင့် တခေါ့တန်ကျေးရွာတို့တွင် သန့်ရှင်းသော သောက်သုံးရေပေးဝေရေးလုပ်ငန်းနှင့် တစ်ဖက်ပိတ်ဆည် တည်ဆောက်ရေးလုပ်ငန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ဆီဆိုင်မြို့ မြကန်သာရပ်ကွက်ရှိ မြို့ဦးရေထွက်ဦးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအထောက်အပံ့ပေးရေးဌာနမှ ဒုတိယအတွင်းဝန် အီဝဆဲ ခေးအိတ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်တို့က အမှာစကားပြောကြားကာ (TPA)အဖွဲ့မှ စီမံကိန်းမန်နေဂျာ ရှီဘတက လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လှူဒါန်းမှုနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို (TPA)အဖွဲ့မှ စီမံကိန်းမန်နေဂျာ ရှီဘတက မြို့ရေဖြန့်ဝေရေးနှင့်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီသို့ လွှဲပြောင်းပေးအပ်ပြီး ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အမှတ်တရပစ္စည်းများအား ပေးအပ်သည်။
ထို့နောက် ဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းကျောက်စာတိုင်ကို အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး၊ စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်မှု အထောက်အပံ့ ပေးရေးဌာနမှ ဒုတိယအတွင်းဝန် အီဝဆဲ ခေးအိတ၊ (TPA)အဖွဲ့မှ စီမံကိန်း မန်နေဂျာ ရှီဘတ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အထိမ်းအမှတ်သစ်ပင် စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)

No comments:

Post a Comment