Sunday, March 4, 2018

ကျန်းမာရေးနှင့် ကုသရေးအတွက် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် လေးထပ်ဆောင် ထပ်မံတိုးချဲ့တည်ဆောက်

Image may contain: sky and outdoor
စစ်တွေ မတ် ၃
နှစ်ပေါင်း ၁၅ဝ ကျော်သက်တမ်းရှိ ရှေးဟောင်းနှစ်ထပ် ဆေးရုံအဆောက်အအုံကြီး၏ နောက်တွင် ခေတ်မီခံ့ညား ထည်ဝါလှသော လေးထပ်အဆောက်အအုံကြီးကတော့ ရုပ်လုံးပေါ်နေပြီဖြစ်သည်။
ရခိုင်ပြည်နယ်ရှိ စစ်တွေဆေးရုံကြီးကို ၂ဝ၁၆ ခုနစ် တွင် ခုတင် ၅ဝဝ ဆံ့ ဆေးရုံကြီးအဖြစ် အဆင့်တိုးမြှင့် လိုက်ပြီး ခုတင် ၃ဝဝ ဆံ့ လေးထပ်အဆောက်အအုံ သစ်ကြီးကိုလည်း ထပ်မံတည်ဆောက်နေခြင်းဖြစ်သည်။
''ခုတင် ၂ဝဝ ဆံ့ ဆေးရုံကြီးကနေ ပြည်နယ် ဆေးရုံကြီးအဆင့်နဲ့ လျော်ညီစွာ ခုတင် ၅ဝဝ ဆံ့ ဆေးရုံ ကြီးအဖြစ် ၂ဝ၁၆ မှာ အဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့ပါတယ်၊ လိုအပ်တဲ့ အဆောက်အအုံတွေက အခုမှစတင်တည် ဆောက်နေရဆဲ ဖြစ်ပါတယ်၊ ခုတင် ၂ဝဝ ဆံ့ အဆောက် အအုံတွေပဲရှိတဲ့အတွက် နောက်ထပ် ခုတင် ၃ဝဝ ဆံ့ အဆောက်အအုံတွေ လိုပါတယ်၊ ခုတင် ၃ဝဝ ထပ်မံ ဖြည့်တင်း ကုသနိုင်ဖို့အတွက် လောလောဆယ် လေးထပ် ဆေးရုံကြီးကို ဆောက်လုပ်နေပါတယ်''ဟု ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောသည်။
၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာနှစ်မှ စတင်ကာ ငွေကျပ် သန်းပေါင်း ၂၈ဝဝ ခန့် အကုန်အကျခံ တည်ဆောက် နေခြင်းဖြစ်ပြီး လာမည့်နှစ်တွင် ပြီးစီးမည်ဟု ခန့်မှန်း ထားသည်။
''လေးထပ်အဆောက်အအုံကြီးကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှာတစ်ခါ၊ ၂ဝ၁၇-၂ဝ၁၈ မှာတစ်ခါ ကျွန်တော်တို့ ငွေကျပ်သန်းပေါင်း ၂၈ဝဝ နဲ့ တည်ဆောက် နေပါတယ်၊ လာမယ့်နှစ်မှာ ပြီးနိုင်မယ်လို့ ထင်ပါတယ်''ဟု ဝန်ကြီး ဒေါက်တာချမ်းသာက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးလုပ်ငန်းများကို ခုတင် ၅ဝဝ ဆံ့ ဆေးရုံ တစ်ရုံ၊ ခုတင် ၂ဝဝ ဆံ့ နှစ်ရုံ၊ ခုတင် ၁ဝဝ ဆံ့ လေးရုံ၊ ခုတင် ၅ဝ ဆံ့ ၂၅ ရုံ၊ ၁၆ ခုတင်ဆံ့ ဆေးရုံနှင့် တိုက်နယ်ဆေးရုံများ အပါအဝင် စုစုပေါင်းဆေးရုံ ၆၈ ရုံဖြင့် ဆောင်ရွက် လျက်ရှိပြီး ကုသရေးအတွက် အဓိက အားထားရသည့် ဆေးရုံမှာ စစ်တွေဆေးရုံကြီး ဖြစ်သည်။
''ရခိုင်ပြည်နယ် မောင်တောဒေသမှာ နေထိုင်ကြတဲ့သူ တွေ အားလုံးဟာ ဒီဆေးရုံကို အမှီပြုပြီး လာရောက်ကုသ ကြပါတယ်၊ ဆေးရုံလူနာဝင်ရောက်မှုကလည်း များပါတယ်၊ အဲဒီအတွက် လူနာအားနဲ့ ဆေးရုံအဆောက်အအုံ မမျှတဲ့ အတွက်ကြောင့် အဆောက်အအုံတွေ တိုးချဲ့ဆောက်လုပ် ရခြင်းဖြစ်ပါတယ်၊ လာမယ့်နှစ်လောက်မှာ ဆေးရုံ အဆောက်အအုံပြီးသွားရင် လူနာတွေကို ယခုထက်ပိုမို ထိရောက်ကောင်းမွန်စွာနဲ့ လက်ခံပြုစုစောင့်ရှောက်နိုင် မှာ ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။
ရခိုင်ပြည်နယ် မောင်တောဒေသက လူနာများ သာမက အထူးသဖြင့်IDP စခန်းများမှ လွှဲပြောင်းပေး သည့် လူနာများကိုလည်း လက်ခံပြုစုကုသပေးနေပြီး ¤င်းတို့၏ နေထိုင်စားသောက်ရေးကိုပါ ဆေးရုံက တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည်။
''ဆေးရုံမှာအခုဆိုရင် အာဟာရကျွေးနေပါတယ်၊ အာဟာရကျွေးမွေးမှုလုပ်ငန်းကိုလည်း နိုင်ငံတော်နဲ့ စေတနာရှင်ပြည်သူတွေ ပူးပေါင်းပြီး ဆောင်ရွက်နေတာ ခြောက်လလောက်ရှိပါပြီ၊ ဆက်ပြီးလည်း ဆောင်ရွက်သွား မှာပါ''ဟု ဒေါက်တာချမ်းသာက ဆိုသည်။
စစ်တွေဆေးရုံကြီးတွင် တီဘီ၊ အသည်းရောင် အသားဝါ၊ ပိုလီယို၊ ငှက်ဖျား စသည့် ရောဂါများကို ကုသမှု ပေးလျက်ရှိသည်။
''ပြည်နယ်ဆေးရုံကြီး ဖြစ်တဲ့အတွက် အထူးကုရောဂါ ဆယ်မျိုးလောက်ရှိပါတယ်၊ အဓိက ဖြစ်ပွားတဲ့ ရောဂါ တွေကိုလည်း ကျွန်တော်တို့ စစ်တွေဆေးရုံကြီးမှာ ကုသ ပေးနိုင်ပါတယ်၊ ဒါ့အပြင် ခွဲစိတ်ကုသမှု၊ သားဖွားမီးယပ်၊ ကျန်တဲ့ဖျားတာတွေ၊ ကလေးတွေအတွက်လည်း ကုသ ပေးနေပါတယ်၊ ရာသီဥတုတွေ ပြောင်းလဲလာတဲ့အတွက် ကြောင့် သွေးလွန်တုပ်ကွေးနဲ့ပတ်သက်တဲ့ ရောဂါတွေ လည်း များလာတယ်၊ လွန်ခဲ့တဲ့နှစ်ကဆိုရင် သွေးလွန် တုပ်ကွေးရောဂါကို လူ ၂၅ဝဝ ကျော်လောက်ဖြစ်ပွားပြီး ၂၆ ယောက် သေဆုံးခဲ့ပါတယ်၊ ဒါတွေကလည်း ဆေးရုံ က ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးနိုင်သည့်အတွက် သေဆုံးမှုနှုန်း နည်းခြင်းဖြစ်ပါတယ်''ဟု ပြည်နယ်လူမှုရေး ဝန်ကြီးက ပြောသည်။
နိုင်ငံတော်က ဘတ်ဂျက် ပိုမိုချထားပေးသည့်အတွက် လိုအပ်သည့် ဆေးဝါးများကို ဝယ်ယူဖြည့်တင်း၍ လူနာ များကို ပိုမိုထောက်ပံ့ပေးနိုင်သည့်အတွက် ယခုကဲ့သို့ ဆေးရုံတက် ကုသသည့် လူနာများ ပိုများလာခြင်းဖြစ် ကြောင်းလည်း သိရသည်။
''ဆေးဝါးတွေ ထောက်ပံ့ပေးပါတယ်၊ ဆေးဝါးတွေ ထောက်ပံ့တဲ့အတွက်ကြောင့်လည်း လူနာတွေ ပိုပြီး များလာတာ ဖြစ်ပါတယ်၊ အထူးသဖြင့် အခမဲ့ ဆေးကု ပေးနိုင်တာ ဖြစ်တယ်၊ တချို့ အင်မတန်မှ ရှားပါးတဲ့ ဆေးလောက်ပဲ ဝယ်ရတာရှိပါတယ်၊ လူနာတွေဟာ ဆေးရုံလာလို့ရှိရင် ကုန်ကျစရိတ်အနည်းဆုံး ဖြစ်အောင် အတွက် ကျွန်တော်တို့ဘက်က ဆောင်ရွက်ပေးထားပါ တယ်''ဟု ၄င်းက ပြောသည်။
သို့သော် စစ်တွေဆေးရုံကြီးတွင် လိုအပ်သည့် ဆရာဝန်အင်အား ပြည့်မီခြင်းမရှိသေးဘဲ ဆရာဝန် လိုအပ်ချက်များ ရှိနေသေးကြောင်း သိရသည်။
''ကျွန်တော်တို့မှာ ဆရာဝန်ဦးရေက တကယ် လိုအပ် တာရဲ့ သုံးဆယ်ရာခိုင်နှုန်းလောက်ပဲ ဖြည့်ဆည်းနိုင်ပါ သေးတယ်၊ ခွင့်ပြုတာက ၂၁၄ ယောက် ဖြစ်ပါတယ်၊ အခုခန့်ထားတာက ၆၄ ယောက်ပဲ ရှိတဲ့အတွက် စစ်တွေ ဆေးရုံကြီးမှာ ဆရာဝန်လိုအပ်ချက် ၁၅ဝ လောက်လိုပါ သေးတယ်၊ အခုတော့ စစ်တွေဆေးရုံကြီးကို ဆရာဝန် ၂၁ ယောက် စတင်ပြောင်းရွှေ့ရောက်ရှိလာပါပြီ''ဟု ပြည်နယ်လူမှုရေးဝန်ကြီးက ပြောသည်။
သူနာပြုခန့်ထားမှုမှာ ၆၃ ရာခိုင်နှုန်း၊ စီမံဝန်ထမ်း ၃၇ ရာခိုင်နှုန်း၊ အလုပ်သမား ၂၈ ရာခိုင်နှုန်းဖြင့် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း၏ ၄ဝ ရာခိုင်နှုန်း လောက်သာ ခန့်ထားနိုင်သေးပြီး ဝန်ထမ်းလိုအပ်ချက်လည်း ရှိနေသေးသည်။
''ဝန်ထမ်းပိုင်းနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ လိုအပ်တာတွေ ဖြည့်ပါတယ်၊ ကျန်တဲ့ လိုအပ်ချက်တွေ ကိုတော့ ရခိုင်ပြည်နယ်အစိုးက အခါအားလျော်စွာ သွားရောက်ကြည့်ရှုပြီးတော့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပါတယ်''ဟု ဝန်ကြီးက ဆိုသည်။
စစ်တွေဆေးရုံကြီးတွင် ဆရာဝန်များနှင့် ဝန်ထမ်းများ နေထိုင်ရန် ရှစ်ခန်းတွဲလေးထပ် အဆောက်အအုံတစ်ခု ကိုလည်း ယခုနှစ် ဘတ်ဂျက်အတွင်း တည်ဆောက်နေပြီး ဝန်ထမ်းအိမ်ရာများလည်း တိုးချဲ့တည်ဆောက်ရန် လျာထားလျက်ရှိသည်။
ထို့ပြင် ရခိုင်ပြည်နယ်ရှိ ဆေးရုံအများစုတွင် ဓာတ်မှန် စက်များ၊ ဓာတ်ခွဲခန်းများ ထားပေးနိုင်ပြီး မဟာဓာတ်အား လိုင်းတည်ရှိသည့် နေရာများတွင် ဓာတ်မှန်စက်များ အသုံးပြုနိုင်သော်လည်း လျှပ်စစ်မီး မရရှိသေးသည့် အချို့ နေရာများတွင် အသုံးပြုရန် အခက်အခဲရှိနေသေးကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ကျေးလက်ကျန်းမာရေးဌာန ၁၂၁ ခုနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲပေါင်း ၅ဝဝ ကျော် ရှိပြီး ကျေးလက်အများစုတွင် လိုအပ်သည့် ဆေးဝါးများ ကိုလည်း နိုင်ငံတော်က ထောက်ပံ့ပေးထားသည်။
''ကျေးလက်ကျန်းမာရေးဌာန လက်အောက်မှာ ကျေးလက်ကျန်းမာရေးဌာနခွဲ လေးခုကနေ ငါးခု အထိ ရှိပါတယ်၊ အဲဒီမှာ ရပ်ရွာအခြေပြု ကျန်းမာရေးစောင့် ရှောက်မှုတွေ ရှိပါတယ်၊ အဲဒီမှာ ကျန်းမာရေးမှူးတွေ၊ သူနာပြုဆရာမတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး တယ်၊ ပြည်သူတွေကို ရောဂါသေးသေးမွှားမွှားကစပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးပါတယ်၊ လိုအပ်ရင် ဆေးရုံတွေကို လွှဲပြောင်းပေးပါတယ်''ဟု ပြည်နယ် လူမှုရေးဝန်ကြီးက ပြောသည်။
ထို့ပြင် ကြိုတင်ကာကွယ်မှုအနေဖြင့် ငှက်ဖျားရောဂါ မဖြစ်ပွားအောင် ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေခြင်း၊ လူထုကို ကျန်းမာရေးပညာပေးခြင်း၊ စောစီးစွာ ရောဂါရှာဖွေ သွေးဖောက်စစ်ဆေးပြီး ပိုးတွေ့ရှိပါက ချက်ချင်းဆေးပေးကုသခြင်း၊ ကျန်းမာရေးဌာနက လက်လှမ်းမမီသည့် မြို့နယ်များတွင် သင်တန်းပေးထား သည့် စေတနာဝန်ထမ်းများ ထားရှိကာ အချိန်မီ ကုသမှု ပေးသည့်အတွက် ငှက်ဖျားရောဂါဖြစ်ပွားမှုနှင့် ငှက်ဖျား ကြောင့် သေဆုံးမှု သိသိသာသာ ကျဆင်းသွားသလို ရေကြောင့်ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါ၊ ကာလဝမ်း ရောဂါ၊ ဝမ်းပျက် ဝမ်းလျှောရောဂါများ မဖြစ်ပွားအောင် ယင်လုံအိမ်သာ စီမံချက်များ၊ ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများကို လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
တီဘီရောဂါ၊ HIV အေအိုင်ဒီအက်စ်များကို လိုအပ် သည့် ဆေးဝါးခုထုံးများဖြင့် ကုသမှုပေးနေသလို ခွေးရူး ရောဂါ၊ ကလေးများတွင် ခြင်ကြောင့်ဖြစ်ပွားလေ့ရှိသော ဂျပန်ဦးနှောက်ရောင် ရောဂါများအတွက် ကာကွယ် ဆေးထိုးလုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးလျက်ရှိ သည်။
''ပြည်သူ့ကျန်းမာရေးလုပ်ငန်းမှာ အဓိကကတော့ ကာကွယ်ဆေးထိုးလုပ်ငန်းဖြစ်တယ်၊ ကာကွယ်ဆေးထိုး လုပ်ငန်းမှာ မွေးစကနေ အသက်ငါးနှစ်အထိ လအလိုက်၊ နှစ်အလိုက် ကာကွယ်ဆေးထိုးပေးပါတယ်၊ အထူးသဖြင့် ကာကွယ်ဆေးကို ခုချိန်ထိ ၁၁ မျိုးထိုးနေပါတယ်၊ ဂျပန် ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးကို နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ နှစ်လ ထိုးပေးပါတယ်၊ ထိုးတဲ့အခါမှာ ကျောင်းအခြေပြုနဲ့ ရပ်ရွာအခြေပြုဆိုပြီး ထိုးပေးပါတယ်၊ ကျွန်တော်တို့ဆီမှာ အသက် ၁၅ နှစ်အောက် ကလေး တွေကို အကုန်လုံး ထိုးပေးနိုင်ခဲ့ပါတယ်၊ ထိုးတဲ့အခါမှာ ရာခိုင်နှုန်းအားဖြင့် ကိုးဆယ်ရာခိုင်နှုန်းလောက် ထိုးပေး နိုင်ခဲ့ပါတယ်''ဟု ဒေါက်တာချမ်းသာက ပြောသည်။
အကြမ်းဖက်မှုဖြစ်ပွားခဲ့သည့် မောင်တောဒေသတွင် လုံခြုံရေးအနေအထားကြောင့် ဆေးခန်းမဖွင့်နိုင်သည့် ကျေးရွာများရှိသော်လည်း ကျန်သည့်ဒေသ မြို့နယ်များ အားလုံးတွင် ဆေးခန်းများ တစ်ပတ်လျှင် သုံးရက်ခန့်နှင့် ကျန်သည့်အချိန်များတွင် ဆရာမများက နယ်မြေအတွင်း ကွင်းဆင်းကာ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက် ရှိသည်။
''တစ်ဖက်နိုင်ငံက ပြန်လည်ဝင်ရောက်လာမယ့်သူတွေ အတွက်လည်း လက်ခံရေးစခန်းတွေမှာ ကျန်းမာရေး အဖွဲ့တွေ တာဝန်ချထားတယ်၊ အဲဒီလူတွေမှာ ကျန်းမာရေး ချို့တဲ့သူတွေ ပါလာရင်လည်း ကုသပေးမယ်၊ ရောဂါရှိတဲ့ သူတွေတွေ့ရင် ဆေးရုံတွေကို လွှဲပြောင်းပြီး ကုသပေး မယ်၊ ဒါ့အပြင် အသက်ငါးနှစ်အောက် ကလေးတွေကို လည်း ကာကွယ်ဆေးတွေ ထိုးနှံပေးသွားမယ်၊ တစ်ဖက် နိုင်ငံက ပြန်ဝင်လာတဲ့သူတွေမှာ ရောဂါရှိတဲ့သူတွေလည်း ပါလာနိုင်တဲ့အတွက် ကျွန်တော်တို့ နိုင်ငံထဲကို ရောက်တဲ့ အခါ ကုသပေးနိုင်အောင်လည်း စီစဉ်ထားပါတယ်၊ တစ်ရက် ၁၅ဝ ပဲလက်ခံမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဆေးကုသရေးအဖွဲ့တွေက နိုင်နိုင်နင်းနင်း ဆောင်ရွက် နိုင်မှာ ဖြစ်ပါတယ်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ် ဆေးရုံတွေမှာလည်း အထူးကုဆရာဝန်တွေရှိတဲ့အတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အပြည့် အဝပေးနိုင်မှာဖြစ်ပါတယ်''ဟု ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောသည်။
သူရဇော်

No comments:

Post a Comment