Thursday, March 29, 2018

သီးနှံအာမခံစနစ်ပေးနိုင်ရေး Global Worldကုမ္ပဏီနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တွေ့ဆုံဆွေးနွေး

Image may contain: one or more people, people sitting and indoor
မကွေး မတ် ၂၈
Global World ကုမ္ပဏီမှ သီးနှံ အာမခံစမ်းသပ်လုပ်ကိုင်ခွင့်ကို စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ဇန်နဝါရီ ၃၁ ရက်နေ့ ခွင့်ပြုချက်အရ ရရှိထားပြီး မကွေးတိုင်းဒေသ ကြီးအတွင်းရှိ စိုက်ပျိုးတောင်သူများ အတွက် ရာသီဥတု၊ သဘာဝဘေး အန္တရာယ်ကြောင့် သီးနှံထွက်နှုန်း လျော့ကျဆုံးရှုံးမှုနှင့် ကြုံတွေ့ရပါက ဖြေလျှော့ပေးနိုင်မည့် သီးနှံအာမခံ စနစ်နှင့်ပတ်သက်၍ Global Worldအာမခံကုမ္ပဏီနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများသည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မတ် ၂၆ ရက် နံနက်ပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်နှင့် တောင်သူလယ်သမား များအတွက် အကျိုးရှိစေမည့် သီးနှံ အာမခံအား မြန်မာနိုင်ငံတွင် တစ်ခါမျှ မလုပ်ဖူးသေးသည့်အတွက် နိုင်ငံ တကာနည်းတူ စမ်းသပ်ကာလ နှစ်နှစ်သတ်မှတ်ပြီး လုပ်ကိုင် သွားမည်ဖြစ်ရာ စမ်းသပ်ကာလ အတွင်း စမ်းသပ်ဧရိယာအဖြစ် သီးနှံ အာမခံစနစ်ကို မကွေး၊ မန္တလေး၊ ဧရာဝတီနှင့် ရန်ကုန် စသည့် တိုင်းဒေသကြီး လေးခုတို့တွင် စတင် စမ်းသပ် လုပ်ကိုင်နိုင်ရန်အတွက် ဇန်နဝါရီ ၃၁ ရက်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အာမခံ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြု ချက် ရရှိထားပြီးဖြစ်ကြောင်း သိရ သည်။
သီးနှံအာမခံစနစ်သည် တစ်ဧက သီးနှံအထွက်နှုန်းပေါ်တွင် အခြေခံ၍ ရာသီဥတုအခြေအနေကြောင့် သီးနှံ ပျက်စီးမှု၊ အထွက်နှုန်းလျော့ကျမှုရှိပါက လျော့ကျသည့် သီးနှံအရေအတွက် အလိုက် အာမခံလုပ်ငန်းက သတ်မှတ် တန်ဖိုးကို ပေးလျော်သည့်စနစ်ဖြစ်ပြီး သီးနှံအာမခံ စမ်းသပ်ကျင့်သုံးသည့် ကာလတွင် သီးနှံအတွက် ပျမ်းမျှ ပရီမီယံနှုန်းကို နှစ်ရာခိုင်နှုန်း(သို့မဟုတ်) ၂ ဒသမ ၅ ရာခိုင်နှုန်း သတ်မှတ်ရန် စီစဉ်ထားကြောင်း သိရသည်။
''ဥပမာ ဒေသအလိုက် စပါးတစ်ဧက ပျမ်းမျှထွက်နှုန်း တင်း ၅ဝ ကို ကာလ ပေါက်ဈေးက တစ်တင်း ငွေကျပ် ၄၅ဝဝ လို့ဆိုခဲ့ရင် တစ်ဧက တန်ဖိုးက ကျပ် ၂၂၅ဝဝဝ ဖြစ်တာကြောင့် ပရီမီယံကြေးက နှစ်ရာခိုင်နှုန်းဖြစ်လို့ တစ်ဧကကို ငွေကျပ် ၄၅ဝဝ ပေးသွင်း ရမှာဖြစ်ပြီး သီးနှံမစိုက်မီ အနည်းဆုံး ရက်ပေါင်း ၃ဝ ကြိုတင်ပေးသွင်းရပါ မယ်၊ အာမခံသက်တမ်းက တစ်နှစ် ဖြစ်ပြီး အဲဒီတစ်နှစ်အတွင်း လျော်ကြေး တစ်ကြိမ်သာ ခံစားခွင့်ရှိမှာဖြစ်ပါ တယ်''ဟု ကုမ္ပဏီဒါရိုက်တာ ဦးစိုးဝင်းသန့်က ပြောသည်။
စမ်းသပ်လုပ်ငန်း အကောင် အထည်ဖော်မည်ဆိုပါက စမ်းသပ် ဧရိယာဒေသအတွက် သီးနှံအာမခံ အမျိုးအစားသစ် လုပ်ကိုင်ခြင်းကို အဆိုပြုသော အာမခံကုမ္ပဏီနှင့် မကွေးတိုင်းဒေသကြီး အစိုးရ၊ စိုက်ပျိုး ရေးဦးစီးဌာနတို့ဖြင့် နားလည်မှု သဘောတူစာချုပ် ချုပ်ဆိုရန် လိုအပ် မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် မြန်မာ့အာမခံလုပ်ငန်း အပါအဝင် အာမခံလုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းဌာနပေါင်း ၁၂ ခုရှိသည့် အနက် မြန်မာ့အာမခံမှ လုပ်ငန်း ၂၇ မျိုး၊ ပုဂ္ဂလိကကုမ္ပဏီ ၁၁ ခုမှ အသက် အာမခံအပါအဝင် အထွေထွေအာမခံ လုပ်ငန်း ၁၃ မျိုးကိုသာ လုပ်ကိုင်ကြ ခြင်းဖြစ်ပြီး သီးနှံအာမခံလုပ်ငန်း ပါဝင်မှုမရှိသေးကြောင်း သိရ သည်။
သန်းနိုင်ဦး(ငဖဲ)

No comments:

Post a Comment