Sunday, March 4, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေး ပြန်လည်လက်ခံရေးအတွက် သဘောတူညီချက်ပါအတိုင်း မြန်မာဘက်မှ ဇန်နဝါရီ ၂၃ ရက်ကတည်းက အဆင်သင့်ဖြစ်၎င်းတို့ဘက်မှ ပေးလိုက်သည့်လူစာရင်းကို မိမိတို့ပုံစံအတိုင်းဝင်အောင် ပြန်စိစစ်လျက်ရှိ

Image may contain: 2 people, people sitting and indoor
နေပြည်တော် မတ် ၃
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲ ကို မတ် ၂ ရက် ညနေ ၄ နာရီမှ ၄ နာရီ ၅၅ မိနစ်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်း နှစ်နိုင်ငံနယ်စပ် မှတ်တိုင်(၃၁/၁)ဂေါင်းဒုံ BGBစခန်း၌ ကျင်းပခဲ့ သည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး တရားမဝင်နေရပ်စွန့်ခွာနေထိုင် သူများနှင့်ပတ်သက်၍ ကိစ္စရပ်များ၊ နှစ်နိုင်ငံညှိနှိုင်း၍ လှည့်ကင်းဆောင်ရွက် မည့် အစီအမံများ၊ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်တွင် ဖြစ်ပေါ်လာသည့် ကိစ္စရပ် များအား အချိန်နှင့်တစ်ပြေးညီ သတင်းညှိနှိုင်းဖလှယ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ အမှတ်(၁)နယ်ခြားစောင့် ရဲတပ်ဖွဲ့ ခွဲမှူး ဒုတိယရဲမှူးကြီး စောဇေယျာလင်းနှင့် အဖွဲ့ဝင်ကိုးဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမှတ်(၃၄) BGB တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မောန်ဇူရုပ်ဟာဆာန်ခါန်းနှင့် အဖွဲ့ဝင် ခြောက်ဦး တက်ရောက်ကြသည်။
နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက ''မနေ့ညနေပိုင်းက နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့တာရှိပါ တယ်။ နယ်စပ်မှာတော့ ပုံမှန်ပါပဲ။ ဒီနေ့လည်း ထူးခြားမှု အခြေအနေသတင်း ပို့လာတာတော့ မရှိသေးပါဘူး။ နယ်နိမိတ်မျဉ်းမှာ ရောက်နေတဲ့သူ အရေအတွက်က ၁ဝဝဝ ကျော်လောက် ကျန်နေသေးတယ်လို့ သိရပါတယ်။''
''ကျွန်တော်တို့ဘက်က နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံဖို့ ဆောင်ရွက်ထားတာ ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းကပါ။ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားတုန်းက သူတို့ဘက်က ပထမ အသုတ် လွှဲပြောင်းပေးမယ်ဆိုတဲ့ အိမ်ထောင်စု ၁၆ဝဝ ကျော်၊ လူဦးရေ ၈ဝဝဝ ကျော် စာရင်းပေးလိုက်တာ ရှိပါတယ်။ ဒါပေမယ့် သူတို့ပေးလိုက်တဲ့ စာရင်းက သူတို့ စိတ်ကြိုက်၊ သူတို့ဖြည့်ချင်သလို ဖြည့်စွက်ထားတဲ့ ပုံစံ ဖြစ်ပြီး ကျွန်တော်တို့ဘက်က ပေးထားတဲ့ပုံစံအတိုင်း မဟုတ်လို့ အခု လဝကကို ကိုယ့်ပုံစံအတိုင်းဝင်အောင် ပြန်လုပ်ခိုင်း၊ စိစစ်ခိုင်းထားပါတယ်။ နှစ်နိုင်ငံသဘောတူညီ ချက်ပါအတိုင်း ကျွန်တော်တို့ဘက်ကတော့ ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက ပြန်လည်လက်ခံရေးအတွက် အဆင်သင့်ဖြစ်အောင် ဆောင်ရွက်ထားပြီးဖြစ်ပါတယ်''ဟု ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လည် လက်ခံရေးအတွက် လှဖိုးခေါင်ကြားစခန်း၊ တောင်ပြိုလက်ဝဲနှင့် ငါးခူရ လက်ခံရေးစခန်းတို့ကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်ကတည်းက ပြင်ဆင်ဆောင်ရွက် ထားပြီးဖြစ်ကြောင်း၊ ပြန်လည်လက်ခံမည့်သူများ တည်းခို နေထိုင်ရေး၊ စားသောက်ရေ၊ သောက်သုံးရေ၊ လျှပ်စစ်မီး ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး စီစဉ် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ထိုသို့ ပြင်ဆင်ဆောင်ရွက် ထားမှုနှင့်ပတ်သက်၍ သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပသတင်းထောက်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက် ရေးကော်မတီ အကြံပေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး စသဖြင့် သွားရောက်ကြည့်ရှု လေ့လာခဲ့ကြပြီးဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်

No comments:

Post a Comment