Sunday, March 4, 2018

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း (၂၄)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်

Image may contain: 7 people, people standing
နေပြည်တော် မတ် ၃
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၃ ရက် အထိ စင်ကာပူနိုင်ငံ ရှန်ဂရီလာဟိုတယ်၌ ကျင်းပသည့် (၂၄)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်သည်။
အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ဆွေးနွေးဘက်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ဝန်ထမ်းများ စုစုပေါင်းကိုယ်စားလှယ် ၁ဝဝ ခန့် ပါဝင် တက်ရောက်ကြပြီး ယခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ စင်ကာပူနိုင်ငံ၏ အာဆီယံစီးပွားရေးဝန်ကြီး၊ ကုန်သွယ်ရေး နှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီးMr. Lim Hng Kiang က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်သည်။
ဖေဖော်ဝါရီ ၂၈ ရက် ည ၇ နာရီတွင် Dutch Pavilion ခန်းမ၌ ကျင်းပသည့် အလုပ်သဘောညစာ စားပွဲတွင် အာဆီယံစီးပွားရေးဝန်ကြီးများက ၂ဝ၁၈ ခုနှစ် အတွင်း ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များအတည်ပြုခြင်း၊ (၃၃)ကြိမ်မြောက် အာဆီယံ စီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ အစည်းအဝေးမှ စီးပွားရေးဝန်ကြီးများထံ တင်ပြသည့် အစီရင်ခံစာအပေါ် လမ်းညွှန်မှုပေးခြင်းနှင့် မှတ်တမ်း တင်ခြင်း၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တင်ပြသည့် အေအီးစီလုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှု အခြေအနေကို မှတ်တမ်းတင်ခြင်းများ ပြုလုပ်ကြသည်။
(၂၄)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးကိုTower Ballroom ၌ ကျင်းပရာ အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် အကောင် အထည်ဖော်မှု၊ အာဆီယံ ဝန်ဆောင်မှုဆိုင်ရာ မူဘောင် သဘောတူစာချုပ်၏ ဒသမအသုတ်အတွက် ဝန်ဆောင်မှု ကဏ္ဍများ ဖြေလျှော့မှုအခြေအနေ၊ အာဆီယံဝန်ဆောင်မှု ကုန်သွယ်ရေး သဘောတူစာချုပ်ချုပ်ဆိုရေး ဆွေးနွေး ညှိနှိုင်းမှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးကြသည်။
ပြည်ထောင်စုဝန်ကြီးသည် မတ် ၂ ရက်တွင်Tower Ballroom ၌ ကျင်းပသည့် (၁၆)ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများနှင့် အီးယူကုန်သွယ်မှုကော်မရှင်နာ အစည်းအဝေးတွင် အာဆီယံ-အီးယူ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းအစီအစဉ် (၂ဝ၁၇-၂ဝ၁၈)၏ အကောင် အထည်ဖော်မှုအခြေအနေများ၊ အာဆီယံ-အီးယူ လွတ်လပ် သောကုန်သွယ်မှုဒေသထူထောင်နိုင်ရေးအတွက် မူဘောင် ရေးဆွဲနေမှုအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မတ် ၃ ရက်တွင Island Ballroom၌ ကျင်းပသည့် အာဆီယံနှင့် လွတ်လပ်သော ကုန်သွယ်ဖက် နိုင်ငံများ ပါဝင်ညှိနှိုင်းလျက်ရှိသည့် (၄)ကြိမ်မြောက် အာဆီယံဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် ကြားဖြတ်ညှိနှိုင်းအစည်းအဝေးတွင် (၂၁)ကြိမ်မြောက် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီ အစည်းအဝေး မှ ဝန်ကြီးများထံတင်ပြသည့် အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment