Friday, March 30, 2018

ချွာဂျီဝူး တိတ်တဆိတ်လက်ထပ်ထားကြောင်း အေဂျင်စီ အတည်ပြု

Image may contain: 1 person
တောင်ကိုရီးယားရဲ့ နာမည်ကျော်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ''ဟေမန်ဆောင်း ရဲ့ ချစ်သံဇဉ်'' ဇာတ်လမ်းတွဲနဲ့ အာရှပရိသတ်တွေကို အထူးစွဲဆောင်နိုင်ခဲ့တဲ့ မင်းသမီး ချွာဂျီဝူးဟာ အများကို ထုတ်ဖော်အသိပေးခဲ့ခြင်းမရှိခဲ့ဘဲ သူ့ရဲ့ ချစ်သူနဲ့ တိတ်တဆိတ်လက်ထပ်ထားတာဖြစ်ကြောင်း သတင်းတွေ ပေါ်ထွက် လာခဲ့ရာ ကြယ်ပွင့်ရဲ့ အေဂျင်စီကလည်း အဆိုပါသတင်းတွေဟာ မှန်ကန် ကြောင်း လတ်တလောမှာ အတည်ပြုပေးခဲ့ပြီဖြစ်တယ်လို့ အေ့စ်ရှိုးဘစ်ဇ် ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ဒီလိုလက်ထပ်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့သူကတော့ ချွာဂျီဝူး ကိုယ်တိုင်ဖြစ်ပါတယ်။ မင်းသမီးက ပြီးခဲ့တဲ့ မတ် ၂၉ ရက်မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သူဟာ အနုပညာအသိုင်းအဝိုင်းက မဟုတ်တဲ့ သူနဲ့ လက်ထပ်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ချွာဂျီဝူးဟာ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ နည်းပါးသွား ခဲ့ပေမယ့် လတ်တလော သူဖော်ပြခဲ့တဲ့သတင်းကတော့ ပရိသတ်တွေရဲ့အာရုံကို အတော်လေး ဖမ်းစားထားနိုင်ခဲ့တာ တွေ့ရပါတယ်။
လတ်တလောမှာ အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ချွာဂျီဝူးက မင်္ဂလာဝတ်စုံဝတ်ထားတဲ့ သူ့ရဲ့ဓာတ်ပုံနဲ့အတူ လက်ရေးနဲ့ ရေးသားထားတဲ့ စာတစ်စောင်ကိုဖော်ပြခဲ့ပြီး လက်ထပ်ပြီးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့တာဖြစ်ပါတယ်။
ယင်းစာမှာ ချွာဂျီဝူးက သူနဲ့ လက်ထပ်ခဲ့သူဟာ အနုပညာအသိုင်း အဝိုင်းမှ မဟုတ်ကြောင်း၊ စိုးရိမ်စိတ်နဲ့စာကို ရေးသားခဲ့ရတာဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ မတ် ၂၉ ရက်မှာ လက်ထပ်ခဲ့တာဖြစ်ကြောင်း၊ သူတို့နှစ်ဦးကို ဆုတောင်းပေးစေလိုကြောင်း စသည်ဖြင့် ထည့်သွင်းရေးသားဖော်ပြခဲ့တာ တွေ့ရပါတယ်။ ချွာဂျီဝူးရဲ့ အေဂျင်စီဖြစ်တဲ့ ဝိုင်ဂျီအန်တာတိန်းမန့်ကလည်း ချွာဂျီဝူး လက်ထပ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုထုတ်ပြန် ပေးခဲ့ပါ တယ်။
ချွာဂျီဝူးဟာ ချစ်သူရှိနေကြောင်း ကောလာဟလတွေ မထွက်ခဲ့တဲ့ အတွက်လည်း သူ့ရဲ့မင်္ဂလာသတင်းဟာ ပရိသတ်ကို အတော်လေး အံ့အား သင့်စေခဲ့ပါတယ်။ လက်ရှိအချိန်အထိတော့ ချွာဂျီဝူးရဲ့ ခင်ပွန်းဖြစ်သူနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာသိရှိထားတာမရှိသေးကြောင်းလည်း သိရပါ တယ်။
အေးပြည့်

No comments:

Post a Comment