Friday, March 30, 2018

ချစ်သူတွေဖြစ်နေကြောင်း ထုတ်ဖော်လာတဲ့အိုယွန်စိုး နဲ့ ကင်ဘမ်

Image may contain: 2 people, closeup and indoor
လတ်တလော တောင်ကိုရီးယားမီဒီယာတွေနဲ့ အာရှမီဒီယာတွေပေါ်မှာ နေရာယူထားတဲ့ သတင်းတစ်ပုဒ်ကတော့ တောင်ကိုရီးယားကြယ်ပွင့်တွေဖြစ်ကြတဲ့ အိုယွန်စိုးနဲ့ ကင်ဘမ်တို့ ချစ်သူတွေဖြစ်နေကြကြောင်း ထုတ်ဖော်ပြောကြားလာခဲ့တဲ့ သတင်းပဲ ဖြစ်ပါတယ်။ သူတို့ နှစ်ဦး ချစ်သူတွေဖြစ်နေကြကြောင်းကိုတော့ အေဂျင်စီတွေကနေတစ်ဆင့် တရားဝင်ထုတ်ဖော် လာခဲ့တာ ဖြစ်တယ်လို့ ကိုရီးယားဘိုးဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
လတ်တလောမှာ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသား ကင်ဘမ်နဲ့ ၃၁ နှစ် အရွယ် မင်းသမီး အိုယွန်စိုးတို့ဟာ လက်ရှိမှာတော့ ချစ်သူတွေအဖြစ် စတင်လက်တွဲကြတဲ့ ကာလ ဖြစ်တာကြောင့် တစ်ဦးနဲ့တစ်ဦး ပိုမိုနားလည်အောင် ကြိုးပမ်းနေဆဲအခြေအနေ ဖြစ်တယ်လို့ အေဂျင်စီတွေက တစ်ပါတည်း ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
အေဂျင်စီတွေရဲ့ အဆိုအရ ကင်ဘမ်နဲ့ အိုယွန်စိုးတို့ဟာ ''A Korean Odyssey'' ဇာတ်လမ်းတွဲ ရိုက်ကူးခဲ့ပြီးနောက် သူငယ်ချင်းတွေနဲ့ တွေ့ဆုံပွဲတစ်ခုအပြီးမှာ စတင်ဆုံတွေ့ ခဲ့ကြတာဖြစ်ပါတယ်။ တစ်လကျော်သာကြာမြင့်တဲ့အချိန်အတွင်းမှာပင် သူတို့နှစ်ဦး ချစ်သူတွေ ဖြစ်နေကြောင်း ယခုလို အသိပေးခဲ့တာဖြစ်ပါတယ်။ မြန်ဆန်လွန်းတဲ့ ကြယ်ပွင့်နှစ်ဦးရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ရင်းနှီးတဲ့အသိုင်းအဝိုင်းက သူတို့နှစ်ဦးမှာ တူညီတဲ့အချက်တွေ များလွန်းတာကြောင့် အချိန်တိုအတွင်း ရင်းနှီးခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၉ ရက်မှာတော့ အိုယွန်စိုးရဲ့ အေဂျင်စီဖြစ်တဲ့ စဲလ်ထရိန်းအန်တာတိန်းမန့် က ''အိုယွန်စိုးနဲ့ ကင်ဘမ်တို့ ချစ်သူတွေဖြစ်နေကြတယ်ဆိုတာအမှန်ပါပဲ၊ အိုယွန်စိုးက tvN ရုပ်သံလိုင်းက ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ သူ့ရဲ့ ဇာတ်လမ်းတွဲရုပ်ရှင်အပြီး ယခုလအစောပိုင်းမှာ ကင်ဘမ်နဲ့ တွဲခဲ့ကြတာဖြစ်ပါတယ်။ အခုမှ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို စတင်တည်ဆောက် နေဆဲဖြစ်တဲ့ ကြယ်ပွင့်စုံတွဲကို ပရိသတ်တွေအနေနဲ့ နွေးနွေးထွေးထွေးဆက်ဆံပေးဖို့ တောင်းဆိုပါတယ်''လို့ ပြောကြားခဲ့ပါတယ်။
ကင်ဘမ်ရဲ့ ဖျော်ဖြေရေးအေဂျင်စီဖြစ်တဲ့ စတားရှစ်အန်တာတိန်းမန့်ကလည်း အထက်ပါ ထုတ်ဖော်ပြောကြားချက်နဲ့အလားတူ ထုတ်ပြန်ခဲ့ပြီး ကြယ်ပွင့်နှစ်ဦးဟာ တစ်ဦးကို တစ်ဦး ပိုမိုနားလည်အောင် ကြိုးစားနေဆဲဖြစ်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
ကင်ဘမ်ဟာ တောင်ကိုရီးယားရဲ့ အလွန်ကိုကျော်ကြားခဲ့တဲ့ ဇာတ်လမ်းတွဲ ''Boy Over Flowers (F4)''မှာ ပါဝင်ခဲ့ရင်းက အာရှပရိသတ်တွေရဲ့ အသိအမှတ်ပြုခံခဲ့ရတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့တာ တွေ့ရပါတယ်။ အိုယွန်စိုးကတော့ ကေပေါ့ပ်ကြယ်ပွင့်တစ်ဦးအဖြစ် ၂ဝဝ၂ ခုနှစ်အတွင်း အနုပညာလောကကို စတင်ခြေချလာသူပါ။ အနုပညာခရီးကို စတင်လျှောက်လှမ်းခဲ့ပြီး နောက်နှစ်မှာပင် သူဟာ သရုပ်ဆောင်တစ်ဦးအဖြစ်ပါ လှုပ်ရှားလာခဲ့ရင်း လက်ရှိမှတော့ အောင်မြင်တဲ့ ဇာတ်ဆောင်တစ်ဦးအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ နောက်ဆုံး ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲကတော့ နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ လီဂျွန်ဂီနဲ့ တွဲဖက် ရိုက်ကူးခဲ့တဲ့ ''A Korean Odyssey'' ဖြစ်ပါတယ်။
အေးပြည့်

No comments:

Post a Comment