Sunday, March 4, 2018

ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အအုံသစ်ဖွင့်ပွဲ ကျင်းပ

Image may contain: 1 person, standing, crowd and outdoor
စစ်တွေ မတ် ၃
ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါအဆောက်အအုံ သစ်ရှေ့၌ ကျင်းပသည်။
ရှေးဦးစွာ ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အအုံ သစ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ် ဦးကျောက်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ သည်။ ဆက်လက်၍ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ပြည်နယ်လွှတ်တော်အဆောက်အအုံ သစ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ နှင့် ဒုတိယဥက္ကဋ္ဌ ဦးမြသန်းတို့က အဆောက်အအုံသစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက် လာကြသော ဌာနဆိုင်ရာအကြီးအကဲများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ကြသည်။ ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က အဆောက်အအုံသစ်ရှေ့ မြက်ခင်းပြင်၌ အောင်သပြေ သစ်ပင်အား စိုက်ပျိုးပေးကြပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် တာဝန်ရှိသူများသည် ပြည်နယ်လွှတ်တော်အဆောက်အအုံသစ်အတွင်းရှိ လွှတ်တော် ရေးရာ ကော်မတီရုံးခန်းများနှင့် ပြည်နယ်လွှတ်တော် ကျင်းပရာခန်းမတို့အား လှည့်လည်ကြည့်ရှုရာ တာဝန်ရှိ သူများက လိုက်လံရှင်းလင်းပြသကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (စစ်တွေ) ဒေသကွပ်ကဲရေးမှူး၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် များ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်း- တင်ထွန်း(ပြန်/ဆက်)
ဓာတ်ပုံ- ဝင်းမင်းစိုး(ပြန်/ဆက်)

No comments:

Post a Comment