Friday, March 30, 2018

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

Image may contain: one or more people and hat
နေပြည်တော် မတ် ၂၉
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၃၃ ရက် မြောက်နေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့်အရေးကော်မတီ၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာကော်မတီ၊ အစိုးရမဟုတ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီနှင့် ပြည်တွင်းပြည်ပ အလုပ်သမား ဆိုင်ရာ ကော်မတီတို့၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာတို့ကို သက်ဆိုင်ရာ ကော်မတီအလိုက် သဘောတူလက်ခံရန် အဆိုတင်သွင်းကြပြီး လွှတ်တော်၏ အတည်ပြုချက်ရယူသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီ၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီ၊ တိုင်းရင်းသားရေးရာကော်မတီနှင့် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီတို့၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာတို့ကို သက်ဆိုင်ရာ ကော်မတီအလိုက် အဆိုတင်သွင်းကြပြီး လွှတ်တော်၏ အတည်ပြုချက်ရယူသည်။
ထို့နောက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများ နှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် တင်သွင်းမေးမြန်းခဲ့သည့်အဆိုများ၊ မေးခွန်းများ နှင့် စပ်လျဉ်းသည့်အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ကြသည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်းက ကော်မတီ၏ လုပ်ဆောင်ချက်များသည် မည်သည့်အခြေအနေအထိ ထိရောက်သည်ကို ပြန်လည်သုံးသပ်ရန် လိုအပ်ပါကြောင်း၊ ပဉ္စမပုံမှန်အစည်းအဝေး ငါးကြိမ်အတွင်း ကော်မတီ၏ အစီရင်ခံစာများတွင် အဆိုပေါင်း ခြောက်ခုမှ တစ်ခုသာပြီးမြောက်ပြီး ငါးခု ကျန်ရှိနေပါကြောင်း၊ ကြယ်ပွင့်ပြမေးခွန်းပေါင်း ၃၆၂ ခုတွင် ၁၇ ခုသာ ပြီးပြတ်ပြီး ၃၄၅ ခုကျန်နေပါကြောင်း၊ ကြယ်ပွင့်မပြ မေးခွန်းပေါင်း ၂၇၅ ခုတွင် ၁၈ခုပြီးမြောက်ပြီး ၂၅၇ ခု ကျန်ရှိနေပါကြောင်း၊ သက်ဆိုင်ရာအစိုးရဝန်ကြီးဌာန များ၏ ဆောင်ရွက်မှုကိစ္စပြီးစီးမှုရာခိုင်နှုန်း အဆို ၁၆ ဒသမ ၆ ရာခိုင်နှုန်း၊ ကြယ်ပွင့်ပြမေးခွန်း ၄ ဒသမ ၇ ရာခိုင်နှုန်း၊ ကြယ်ပွင့်မပြမေးခွန်း ၆ ဒသမ ၅ ရာခိုင်နှုန်းသာ အောင်မြင်သည်ဟု ဆိုနိုင်ပါကြောင်း၊ ကော်မတီအနေဖြင့် လည်း မကြာခဏအဖွဲ့အစည်းများဖွဲ့၍ ကွင်းဆင်းစစ်ဆေးလိုပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များကလည်း မိမိတို့ဒေသရောက်ရှိပါက ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်က အဆို နှင့်စပ်လျဉ်း၍ ကော်မတီ၏ဆောင်ရွက်မှုများကို ကျေးဇူးတင်ပါကြောင်း၊ ယင်း အဆိုသည် မိမိတို့အတွက် များစွာအရေးကြီးပါကြောင်း၊ အကြံပြုလိုသည်မှာ စီမံကိန်းများအတွက် ကုမ္ပဏီများနှင့် နှစ်ဦးနှစ်ဖက် စာချုပ်ချုပ်ဆိုရာတွင် ပုဂ္ဂလိကကုမ္ပဏီများကိုလည်း မျှတမှုရှိစေရန်၊ နိုင်ငံတော်၏သဘာဝပတ်ဝန်းကျင် ဆိုင်ရာပျက်စီးမှုနှင့် အလုပ်သမားများ၊ ဝန်ထမ်းများ၏ နစ်နာမှုစသည့် ဆုံးရှုံးနိုင်ခြေရှိသည့် အခြေအနေများကို ထည့်သွင်းချုပ်ဆို၍ အဆိုပါ အခြေ အနေများကို မည်သို့ အစားထိုးဆောင်ရွက်မည်ဆိုသည်ကို စာချုပ်များတွင် တည်ဆဲဥပဒေများနှင့်အညီ ရေးဆွဲသွားမည်ဆိုပါက မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်ပါကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပြဿနာ ဖြစ်ပေါ်ပါက မည်သို့ ပြစ်ဒဏ်များချမှတ်မည်ဆိုသည်ကို ထည့်သွင်းရေးဆွဲရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။
အဆိုပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးအောင်သိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇) မှ ဦးဇော်ဟိန်း၊ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး(ခ)သန်းစိုး (ဘောဂဗေဒ)တို့က ဆက်လက်ဆွေးနွေးကြသည်။
ယင်းနောက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများ နှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက အဆိုပါ အစီရင်ခံစာကို သဘောတူလက်ခံရန်အဆိုတင်သွင်း၍ လွှတ်တော်၏အတည်ပြု ချက်ရယူသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက နှုတ်ဆက် စကားပြောကြားရာတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သတ္တမပုံမှန် အစည်းအဝေးကာလအတွင်း မေးခွန်းများမေးမြန်းခြင်း၊ အဆိုများတင်သွင်း ဆွေးနွေးခြင်း၊ ဥပဒေကြမ်းများ အသစ်ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်း၊ ရုပ်သိမ်းခြင်း တို့အပြင် ၂ဝ၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ နိုင်ငံတော်၏ အမျိုးသား စီမံကိန်း၊ ဘတ်ဂျက်နှင့်အခွန်အကောက်ဆိုင်ရာ ဆွေးနွေးစိစစ်ခြင်းနှင့် နိုင်ငံတော် သမ္မတ ရွေးချယ်ရေးကိစ္စရပ်များကိုလည်း ဆောင်ရွက်ခဲ့ကြရပြီး ဖြစ်ပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေဖြင့် အစည်းအဝေးပြီးဆုံးပြီး မိမိတို့၏ မဲဆန္ဒနယ်မြေအသီးသီးကို ပြန်ရတော့မည်ဖြစ်ပါကြောင်း၊ မိမိတို့ မဲဆန္ဒနယ်မြေများကို ပြန်လည်ရောက်ရှိသည့်အခါ မိမိတို့နယ်မြေဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များ၊ ပြည်သူလူထု၏ မျှော်လင့်ချက်များ၊ ဆန္ဒများကို အကောင်အထည် ဖော်နိုင်ရန်အတွက် မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံပြီး ဆက်လက်ဆောင်ရွက် ကြရဦးမည်ဖြစ်ပါကြောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ နိုင်ငံတော် ၏အကျိုး၊ မဲဆန္ဒရှင်ပြည်သူများ၏အကျိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ ကြောင်းနှင့် မိမိတို့နေရပ်ဒေသသို့ ဘေးမသီရန်မခဘဲ ချောမောစွာရောက်ရှိကြ ပါစေကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသား လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာသည်။
အောင်ရဲသွင်(သတင်းစဉ်)

No comments:

Post a Comment