Saturday, March 3, 2018

မန္တလေးမြို့တွင် ရုံးပိတ်ရက်ရှည်ကာလများ၌ တန်ခိုးကြီးဘုရားများနှင့် အပန်းဖြေစခန်းနေရာများတွင် ပြည်တွင်းခရီးသွားများ အထူးစည်ကားနေ

Image may contain: one or more people, crowd, sky, outdoor and water
မန္တလေး မတ် ၂
မန္တလေးမြို့တွင် ရုံးပိတ်ရက်ရှည်ကာလ အတွင်း ကုသိုလ်ပြုဘုရားဖူးရန်နှင့် အပန်းဖြေ အနားယူရန် အနယ်နယ်အရပ်ရပ်မှ ပြည်တွင်း ခရီးသွားများ ဝင်ရောက်လာမှုကြောင့် တန်ခိုးကြီးဘုရားများနှင့် အပန်းဖြေစခန်းရှိရာ နေရာများတွင် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ရုံးပိတ်ရက်ရှည်ရရှိသဖြင့် လွတ်လပ် ပေါ့ပါးစွာ ထွက်ခွာလာကြသည့် ပြည်တွင်း ခရီးသွားများသည် မန္တလေးမြို့ရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားများဖြစ်သော မဟာမုနိ၊ မန္တလေးတောင်၊ ကျောက်တော်ကြီးနှင့် ကုသိုလ်တော်ဘုရားများသို့ အများဆုံး သွားရောက်ဖူးမြော်၍ ကုသိုလ်ပြုလှူဒါန်းမှုများ ပြုလုပ်ကြကြောင်း သိရသည်။
''ကုသိုလ်တော်ဘုရားကို ဘုရားဖူးတွေ ပုံမှန်လာကြပေမယ့် ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ဖြစ်တဲ့အတွက် နိုင်ငံခြားသားတွေပိုပြီး အလာများတယ်၊ ပြီးခဲ့တဲ့လကစပြီး ပိတ်ရက် တွေမှာ ပြည်တွင်းဘုရားဖူးတွေ ကားကြီး၊ ကားငယ်တွေနဲ့ လာရောက်ကြတာကို တွေ့ရ တယ်၊ ပြည်တွင်းက ဘုရားဖူးတွေအလာများတဲ့ အတွက် ကျွန်မတို့ပန်းတွေ ပိုပြီးရောင်းကောင်း တယ်'' ဟု ကုသိုလ်တော်ဘုရားမှ ကြာပန်း ရောင်းသူတစ်ဦးက ပြောသည်။
ယခုရုံးပိတ်ရက်ရှည်ကာလသည် မန္တလေး မြို့ ဒုဋ္ဌဝတီမြစ်ကမ်းနံဘေးတွင် တပေါင်းလပြည့် နေ့မှ စတင်ကျင်းပနေသည့် သမိုင်းဝင် ရွှေစာရံဘုရားပွဲတော် နှင့် တိုက်ဆိုင်နေသည့်အတွက် ပြည်တွင်းခရီးသွားများ ယင်းပွဲတော်သို့ စိတ်ဝင်တစား သွားရောက်နွှဲပျော်နေကြ သူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိကြောင်း အဆိုပါ ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးပြေငြိမ်းက ပြောသည်။
''ရွှေစာရံဘုရားပွဲတော်က တောင်ပေါ်မြေပြန့် တိုင်းရင်းသားပေါင်းစုံ နွှဲပျော်ကြတဲ့၊ ထူးခြားတဲ့ ပွဲတော် တစ်ခုဖြစ်တာကြောင့် နှစ်စဉ်စည်ကားနေပေမယ့် ဒီနှစ် တော့ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် စုံလို့လားမသိဘူး။ နေ့ရော၊ ညပါကြိတ်ကြိတ်တိုး စည်ကားနေလိုက်တာ လမ်းတွေမှာ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ပြည့်ကျပ် နေတယ်''ဟု ၎င်းက ပြောသည်။
အဆိုပါ ဘုရားပွဲတော်သို့ နောင်ချိုမြို့မှ လာရောက် ကြသည့် ကုမ္ပဏီဝန်ထမ်း သူငယ်ချင်းတစ်စုကလည်း ''ဒီဘုရားကို တည်ခဲ့တဲ့ မင်းသမီး စောမွန်လှ၏ သမိုင်း ကြောင်းကို စိတ်ဝင်စားသလို ဘုရားပွဲမှာ ရောင်းချတဲ့ ထန်းရွက် ပုတီးလေးတွေကိုလည်း နှစ်သက်လို့ လာခဲ့ကြ တာပါ။ အခု ဘုရားဖူးပြီးလို့ အိမ်အပြန် အမှတ်တရ အနေနဲ့ ထန်းရွက်ပုတီးလေးတွေ လည်မှာဆွဲပြီး ဦးပိန် တံတားကြီးမှာ သွားရောက်အပန်းဖြေမှာပါ''ဟု ပြောသည်။
ထို့အပြင် ရန်ကုန်မြို့မှ အပန်းဖြေအနားယူရန် ရည်ရွယ်ချက်ဖြင့် ခရီးထွက်လာကြသည့် သစ်တောဦးစီး ဌာနမှ ဝန်ထမ်းများကလည်း ''ဒီတစ်ခါ ရုံးပိတ်ရက်က လေးရက်ဆိုတော့ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေ တိုင်ပင်ပြီး လွတ်လွတ်လပ်လပ်အပန်းဖြေဖို့ ရောက်လာ ကြတာပါ။ အဓိကအနေနဲ့ ရာသီဥတုကောင်းပြီး သဘာဝစိမ့်စမ်းတွေပေါတဲ့ ပြင်ဦးလွင်က အပန်းဖြေ စခန်းတွေကိုလှည့်ပြီး လေ့လာအပန်းဖြေခဲ့ပါတယ်''ဟု ပြောသည်။
မန္တလေးမြို့သို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်းခရီးသွားများက ယခုလို ရုံးပိတ်ရက်ရှည်ကာလ များကို တန်ခိုးကြီးဘုရားများသို့ သွားရောက်ကုသိုလ်ပြု လှူဒါန်းကြခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသများနှင့် အပန်းဖြေစခန်းများသို့ သွားရောက်လေ့လာအနားယူခြင်း ဖြင့် အကျိုးရှိစွာ အသုံးချသင့်ကြောင်း အကြံပြုပြောကြား သည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment