Saturday, March 3, 2018

လူရည်ချွန်သဇင်လှုပ်ရှားမှုအဖွဲ့မှ ကျောက်ဖြူဒေသခံပြည်သူများအား အခမဲ့ဆေးကုသပေး

Image may contain: 5 people, people standing and crowd
ကျောက်ဖြူ မတ် ၂
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် လူရည်ချွန် (၁၉၆၄-၈၈)အဖွဲ့၏ လူရည်ချွန်သဇင်လှုပ်ရှားမှုအဖွဲ့မှ ယနေ့နံနက်ပိုင်းမှ စတင်ကာ ကျောက်ဖြူဒေသခံ ပြည်သူ များအား ဆေးဝါးများအခမဲ့ကုသပေးခြင်း၊ ပညာရေး ဆိုင်ရာလှူဒါန်းမှုနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ ခဲ့သည်။
လူရည်ချွန်သဇင်လှုပ်ရှားမှုအဖွဲ့မှ လူရည်ချွန်အဖွဲ့ ဒုတိယဥက္ကဋ္ဌ နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင် ၁ဝဝဝ)ဆေးရုံအုပ်ကြီး ဒေါက်တာတင့်တင့်ကြည် ဦးဆောင်၍ သမားတော်၊ အရေပြားနှင့် ကာလသားရောဂါ အထူးကု၊ ကလေးအထူးကု၊ ခွဲစိတ်အထူးကု၊ သားဖွားနှင့် မီးယပ်ရောဂါ အထူးကု၊ စိတ်ရောဂါအထူးကု၊ မျက်စိအထူးကု၊ အထွေထွေ ရောဂါကုဆရာဝန်ကြီးများမှ ကျောက်ဖြူပြည်သူ့ ဆေးရုံကြီး(ခုတင် ၂ဝဝ)အဆောင်တွင် ယနေ့မွန်းလွဲပိုင်း အထိ ဆေးကုသမှုခံယူလျက်ရှိသော လူနာ ၂ဝဝ အား ကုသပေးလျက်ရှိသည်။
ဆက်လက်၍ တက္ကသိုလ်အသီးသီးမှ အငြိမ်းစား ပါမောက္ခများ၊ ဒေါက်တာများသည် ယနေ့ နံနက် ၉ နာရီ တွင် ကျောက်ဖြူ အထက(၁)တွင် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘများအားတွေ့ဆုံကာ ပညာရေးဆိုင်ရာလှူဒါန်းမှုနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ရာ ဒေါက်တာနှင်းနှင်းယုက အဖွင့်မိတ်ဆက် စကားနှင့် သဘာဝပတ်ဝန်းကျင်၊ ပင်လယ်ကြီးကိုပိုင်ဆိုင်သူဆိုသော ခေါင်းစဉ်ဖြင့် ဟောပြောကာ ကျောင်းသား ကျောင်းသူ များနှင့် အပြန်အလှန်ဆွေးနွေးခဲ့ပြီး ဒေါ်မြတ်မွန်(တောင်ငူ- ဓာတုဗေဒပါမောက္ခ)က လူငယ်နှင့်ဘဝ၊ မူးယစ်ဆေးနှင့် လူကုန်ကူးမှု သိကောင်းစရာများကို လည်းကောင်း၊ ဒေါက်တာမြင့်မြင့်သိန်းနှင့် ဒေါက်တာဝါဝါမြင့်တို့က ကျောင်းသား ကျောင်းသူများ၏ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို လည်းကောင်း အသီးသီးဟောပြောခဲ့ ရာ ဟောပြောပွဲကို ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမနှင့် မိဘ ၅ဝ ခန့် တက်ရောက်ကြသည်။
လူရည်ချွန် သဇင်လှုပ်ရှားမှုအဖွဲ့သည် ပထမဦးဆုံး ခရီးဖြစ်ပါကြောင်း၊ လူရည်ချွန်အဖွဲ့သည် မြန်မာနိုင်ငံ လူတန်းစား၊ အလွှာပေါင်းဆုံမှပါဝင်ရာ စုစုပေါင်း ၅ဝဝဝ ကျော်ရှိခဲ့ပါကြောင်း၊ ယခု ပြန်လည်ဖွဲ့စည်းသော လူရည်ချွန်များသည် ၁ဝဝဝ ကျော် စုစည်းမိခဲ့ပြီး နေရာ ဒေသအသီးသီးမှ လူရည်ချွန်များ ပါဝင်နိုင်ရန်အတွက် တိုက်တွန်းပါကြောင်း၊ ယခု မိမိတို့အဖွဲ့သည် အခမဲ့ ဆေးကုပေးခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာများပေးခြင်း၊ ကလေးသူငယ်များအတွက် သက်ငယ်မုဒိမ်းမှု အသိပညာပေးခြင်းများကို ထည့်သွင်း ဟောပြောသွားမည်ဖြစ်ကြောင်း၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန(ကျောက်ဖြူ)၊ စည်ပင်သာယာရေးအဖွဲ့၊ လူမှုအဖွဲ့များနှင့်ပူးပေါင်း၍ အိမ်မွေးတိရစ္ဆာန်များ စောင့်ရှောက်မှု၊ ခွေးရူးပြန်ကာကွယ်နည်းများကိုလည်း လက်တွေ့သရုပ်ပြဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း ဒေါက်တာနှင်းနှင်းက ပြောကြားသည်။
အဆိုပါဆေးဝါးများ အခမဲ့ကုသပေးခြင်း၊ ပညာ ရေးဆိုင်ရာ လှူဒါန်းမှုနှင့် အသိပညာပေးခြင်းလုပ်ငန်း များကို ကျောက်ဖြူဒေသခံ လူရည်ချွန် ဆရာ ဆရာမ များ စုစုပေါင်း ၃ဝ ဖြင့် ဆောင်ရွက်လျက်ရှိရာ ဗဟုသုတ စာအုပ်များအား ပညာရေးကောလိပ်နှင့် အထကကျောင်း များတွင် လှူဒါန်းသွားမည်ဖြစ်သည်။ ဒေါက်တာရီရီအေး (တောင်ငူ)က ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား ကျောင်းသူများအား ကျောပိုးအိတ် ၁ဝ လုံး၊ တီရှပ်အင်္ကျီ ၂ဝ၊ ဦးထုပ် ၅ဝ လှူဒါန်းခဲ့ရာ ခရိုင် လက်ထောက်ပညာရေးမှူး ဦးသန်းအောင်က လက်ခံခဲ့ပြီး ကျောက်ဖြူမြို့ရှိ ဒေသခံပြည်သူများအား ယနေ့တစ်ရက် တည်းသာ ဆေးကုသမှုများ ဆောင်ရွက်ပေးမည်ဖြစ် သည်။ မတ် ၃ ရက်တွင် ကျောက်ဖြူမြို့နယ် ဇင်ချောင်း ကျေးရွာတွင် အခမဲ့ ဆေးကုသမှုနှင့် အသိပညာပေး ဟောပြောပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
ဖြိုးဝေလင်း(ပြန်/ဆက်)

No comments:

Post a Comment