Friday, March 30, 2018

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု မြဝတီစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များနှင့် နည်းပြများအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

Image may contain: 1 person, crowd
နေပြည်တော် မတ် ၂၉
(၇၃)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ခဲ့သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုယ်စားပြု မြဝတီစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များနှင့် နည်းပြ များအား ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ယနေ့ညနေ ၆ နာရီခွဲတွင် အမှတ်(၁၈) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ မြက်ခင်းပြင်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နှစ်စဉ်ကျင်းပသည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု အမျိုးသားတပ်ခွဲအနေဖြင့် (၅၃)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်း အနားမှ ယခု(၇၃)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားထိ အကြိမ်၂ဝ ပါဝင်ချီတက်ခဲ့ပြီး အမျိုးသမီးတပ်ခွဲအနေဖြင့်လည်း နှစ်(၇ဝ)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှ (၇၃)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအထိ လေးကြိမ်ပါဝင် ချီတက်ခဲ့ကြောင်း၊ နှစ်(၇ဝ)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှ (၇၂)နှစ်မြောက် တပ်မတော်နေ့ စစ်ရေး ပြအခမ်းအနားအထိ အမျိုးသားစစ်ရေးပြတပ်ခွဲတစ်ခွဲနှင့် အမျိုးသမီးစစ်ရေးပြ တပ်ခွဲတစ်ခွဲတို့သာ ပါဝင်ချီတက်ခဲ့ရာမှ ယခု(၇၃)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုယ်စားပြုမြဝတီစစ်ကြောင်း အဖြစ် အလံအဖွဲ့၊ အမျိုးသားတပ်ခွဲသုံးခွဲ၊ အမျိုးသမီးတပ်ခွဲ နှစ်ခွဲနှင့် ရဲတီးဝိုင်း အဖွဲ့အပါအဝင် တပ်ဖွဲ့ဝင်အင်အား ၁၈၁၃ ဦးတို့ ပါဝင်ချီတက်ခဲ့ကြောင်း၊ တပ်မတော်စစ်ကြောင်းများနှင့် လက်တွဲကာ စစ်ရေးပြဆောင်ရွက်ရာတွင် စစ်ရေးပြအဆင့်အတန်းမြင့်မားအောင် ဆောင်ရွက်နိုင်ခဲ့ပြီး တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်နိုင်ရည်များကိုလည်း
ပြသနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ စခန်း ဝင်လေ့ကျင့်စဉ် ကာလတစ်လျှောက် စည်းကမ်းကောင်းမွန်မှု၊ စိတ်ဓာတ် ကောင်းမွန်မှု ပူးပေါင်းဆောင်ရွက်မှုကောင်းစွာဖြင့် ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကို မြှင့်တင်ဆောင်ရွက်နိုင်ခဲ့သည်ကို အသိအမှတ်ပြုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု မြဝတီစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်၍ ညစာအတူတကွ သုံးဆောင်ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းက ဂုဏ်ပြု ဖျော်ဖြေခဲ့ကာ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က ရဲတီးဝိုင်းနှင့် ဖျော်ဖြေရေးအဖွဲ့ မှ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဇနီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများနှင့် ဇနီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ခဲ့သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု မြဝတီစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များနှင့် နည်းပြများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား

No comments:

Post a Comment