Sunday, March 4, 2018

ရှေးဟောင်းသမိုင်းဝင် ဘော်ကြိုဘုရားကြီး ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် အထူးစည်ကား

Image may contain: 3 people, crowd and outdoor
သီပေါ မတ် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ဘော်ကြိုကျေးရွာတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝဝဝ ကျော်က သီရိဓမ္မာသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်းသမိုင်းဝင် ဘော်ကြိုဘုရားကြီး ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကို ၁၃၇၉ ခုနှစ် တပေါင်းလဆန်း ၁ဝ ရက်မှ တပေါင်းလပြည့်နေ့အထိ ခြိမ့်ခြိမ့်သဲ စည်ကားစွာ ကျင်းပခဲ့ကြောင်း သိရသည်။
ဒေသခံရှမ်းပလောင်တိုင်းရင်းသားများသည် တစ်နှစ်ပတ်လုံး မိရိုးဖလာ လုပ်ငန်းဖြစ်သည့် မိမိတို့လက်ဖက်ခြံမြေအတွင်း လက်ဖက်စိုက်ပျိုးခူးဆွတ် နေလှန်းပေါင်းသင် စသည့်အခြေခံလုပ်ငန်းမှအစ လက်ဖက်စို၊ လက်ဖက်ခြောက် အဖြစ် ရောက်သည်အထိ ကြိုးပမ်းအားထုတ်ပြီး တစ်နှစ်တစ်ကြိမ် ဘော်ကြို ဘုရားကြီးကို ဖူးမြော်ကြည်ညိုလှူဒါန်းနိုင်ရန် အားခဲရည်မှန်းထားခြင်း ဖြစ်သည်။
ရှမ်းပလောင်တိုင်းရင်းသားများသည် ဘော်ကြိုဘုရားကြီးကို ဖူးမြော်ရန် အဖိတ်နေ့တွင် တောင်ပေါ်ဒေသအသီးသီးမှထွက်ခွာကြပြီး လပြည့်နေ့တွင် ဘုရားကြီးသို့ အရောက်လှမ်းကြသည်။ ဘော်ကြိုဘုရားကြီး မုခ်လေးမုခ်မှ ဗုဒ္ဓ ဆင်းတုတော်များအား ရွှေသင်္ကန်းကပ်လှူကြပြီး တပေါင်းလပြည့်နေ့ နံနက် ၄ နာရီမှစတင်ကာ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများကို သဒ္ဓါကြည်ညို စိတ်အား ထက်သန်စွာဖြင့် ကပ်လှူပူဇော်ကြသည်။ တစ်မူးရလို့ တစ်ပဲလှူ တို့ရှမ်း တောင်သူ တူနိုင်ရိုးလား ဆိုစကားနှင့်အညီ အလှူဒါနပြုရာတွင် ရက်ရော လှကြောင်း တွေ့မြင်ရသည်။
ပွဲတော်ရက်များတွင် ဘော်ကြိုဘုရားကြီး ရင်ပြင်တော်ပေါ်၌ အသံမစဲ မဟာပဋ္ဌာန်းပွဲ၊ ဆွမ်းတော်ကြီးတင်လှူပွဲနှင့် ပျော်ပွဲရွှင်ပွဲများ၊ ရှမ်း၊ မြန်မာဇာတ်၊ စင်တင်တေးဂီတ၊ ရိုးရာယဉ်ကျေးမှုအကများ၊ အခြားပျော်ပွဲရွှင်ပွဲများအပြင် ဒေသထွက်ကုန် အရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ အလှကုန်နှင့် ရှမ်း ရိုးရာ အဝတ်အထည်ဆိုင်များကို ရောင်းချလျက်ရှိသည်။
ပွဲတော်လာ ဘုရားဖူးများ အခက်အခဲမရှိစေရေးအတွက် ပွဲတော်ကျင်းပ ရေးဦးစီးကော်မတီနာယက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ၊ ဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းစိုင်းသာညွန့်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက တည်းခိုဆောင် နှစ်ဆောင် စီစဉ်ထားရှိပေးခြင်း၊ ပို့ဆောင်ရေးအနေဖြင့် ဘုရားကြီးပွဲရှေ့တွင် မြန်မာ့မီးရထားက ယာယီဘူတာ ဖွင့်လှစ်ပေးသည့်အပြင် မော်တော်ယာဉ်ကြီး၊ ယာဉ်ငယ်၊ သုံးဘီးဆိုင်ကယ်မှအစ ဈေးနှုန်းချိုသာစွာ ပို့ဆောင်ပေးသဖြင့် ဘုရားဖူးများ အဆင်ပြေစိတ်ချမ်းသာ ကြကြောင်း သိရသည်။
စိုင်း(သီပေါ)

No comments:

Post a Comment