Sunday, March 4, 2018

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ပြုံယမ်းအရေးဆွေးနွေးရန် အမေရိကန်သို့ သွားရောက်မည်

Image may contain: 3 people, eyeglasses
ကျိုတို မတ် ၃
ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရို ကိုနိုသည် မြောက်ကိုရီးယားအရေးကိစ္စရပ်များ နှင့်ပတ်သက်ပြီး အမေရိကန်ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံဆွေးနွေးရန် အမေရိကန်နိုင်ငံသို့ မတ် ၁၆ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း ယနေ့ သတင်းများအရ သိရသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုနိုက အမေရိကန်ပြည်ထောင်စုသို့ သုံးရက်ကြာ သွားရောက်မည်ဖြစ်သည်။ ခရီးစဉ်အတွင်း ဝန်ကြီးကိုနိုသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မတ်တစ်တို့အား သွားရောက်တွေ့ဆုံကာ ပြုံယမ်းအရေးနှင့်ပတ်သက်ပြီး ဆွေးနွေးနိုင်ဖွယ်ရှိသည်။
အမေရိကန်ထိပ်တန်းအရာရှိကြီးများနှင့်တွေ့ဆုံရာတွင် ပြုံယမ်းအား ဖိအားပေးသည့်အနေဖြင့် အမေရိကန်နှင့် တောင်ကိုရီးယားနှစ်နိုင်ငံ နှစ်စဉ် ကျင်းပမြဲဖြစ်သည့် ပူးတွဲစစ်ဆင်ရေးကို ပြုံချမ်းပါရာလံပစ် အားကစားပြိုင်ပွဲ ကျင်းပပြီးနောက် စတင်ပြုလုပ်ရန် ဝန်ကြီးကိုနိုက တိုက်တွန်းပြောကြားမည် ဖြစ်ကြောင်း သိရသည်။ ပြုံချမ်းပါရာလံပစ် အားကစားပြိုင်ပွဲသည် မတ် ၁၈ ရက်တွင်ပြီးဆုံးမည်ဖြစ်သည်။
ထို့ပြင် ဝန်ကြီးကိုနိုသည် မြောက်ကိုရီးယားနိုင်ငံနှင့်ပတ်သက်ပြီး ဆက်ဆံရေးတိုးတက်လာမှုများကိုလည်း အမေရိကန်အရာရှိကြီးများနှင့် ဆွေးနွေးပြောကြားနိုင်ဖွယ်ရှိကြောင်း သိရသည်။
ပြုံချမ်းပါရာလံပစ်အားကစားပြိုင်ပွဲပြီးနောက် မြောက်ကိုရီးယားအရေးနှင့်ပတ်သက်သည့် မည်သည့်လုပ်ဆောင်ချက်တွင်မဆို ဂျပန်နိုင်ငံအနေဖြင့် ပူးပေါင်းရန် ဆန္ဒရှိကြောင်း ဖွင့်ဟပြောကြားမည် ဖြစ်သည့်အပြင် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ ပူးပေါင်းကာ ပြုံယမ်းအရေးကို ကိုင်တွယ် ဖြေရှင်းကြရန် အတည်ပြုပြောကြားနိုင်ဖွယ်ရှိကြောင်း သိရသည်။
ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်စေရန် တောင်ကိုရီးယား နိုင်ငံက ပြုံယမ်းသို့ အထူးကိုယ်စားလှယ်တစ်ဦးကို စေလွှတ်ရန် စီစဉ်လျက် ရှိသည်။ ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးသည် မကြာသေးမီက ကျင်းပခဲ့သည့် ပြုံချမ်း ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲတွင် မြောက်ကိုရီးယား အားကစားသမားများနှင့် တောင်ကိုရီးယားအားကစားသမားများ ပူးပေါင်းပါဝင် ယှဉ်ပြိုင်ခဲ့ကြခြင်းကြောင့် ကိုရီးယားနှစ်နိုင်ငံအကြား တင်းမာမှုများလျော့ကျပြီး ဆက်ဆံရေးတိုးတက်ကောင်းမွန်လာခြင်းဖြစ်သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment