Friday, March 2, 2018

၂ဝ၁၈ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

Image may contain: 4 people, people sitting
နေပြည်တော် မတ် ၁
၂ဝ၁၈ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် များ ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်ရှိ သာသနာ့ မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက် ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပြီး ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။
ရှေးဦးစွာ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲကို ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ တေးသံရှင် စန္ဒာလင်းက ထူးမခြားနားသီချင်းခံကို မြန်မာ့ရိုးရာစောင်းသံ ဖြင့် သီဆိုတီးခတ်ပူဇော်သည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသထံမှ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပရိသတ် များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်အပူဇော်ခံယူတော်မူမည့် နိုင်ငံတော် သြဝါဒါ စရိယ ရွှေကျင်နိကာယဥက္ကဋ္ဌ ရွှေကျင်သာသနာပိုင် ဆရာတော် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၉)ရပ်ကွက် ဝိဇ္ဇောတာရုံစာသင်တိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တဝိဇ္ဇောတက သမ္မောဒနီယ သြဝါဒကထာကို မြွတ်ကြားချီးမြှင့်တော်မူပြီး သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက သာသနာရေးဆိုင်ရာများကို လျှောက်ထား သည်။
ထို့နောက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် များကို ဆက်ကပ်ပူဇော်ကြရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၉) ရပ်ကွက် ဝိဇ္ဇောတာရုံစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ဝိဇ္ဇောတအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်တို့ကို ဆက်ကပ်ပူဇော်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ အိုးဘိုရပ်ကွက် ရွှေတောင်ပါဠိတက္ကသိုလ် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ သောဘနအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်တို့ကို ဆက်ကပ်ပူဇော်သည်။
ဆက်လက်၍ ဒုတိယသမ္မတ ဦးမြင့်ဆွေက အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ နေပြည်တော် တပ်ကုန်းမြို့ ဆရာစံရပ်ကွက် မဟာသီဟနာဒကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ အာစိဏ္ဏအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင် တို့ကို ဆက်ကပ်ပူဇော်သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့ တာကလေးရပ်ကွက် မိုးကောင်း စာသင်တိုက်ဆရာတော် ဘဒ္ဒန္တ သုဓမ္မာစာရာ ဘိဝံသအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်တို့ကို လည်းကောင်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ မကွေးတိုင်း ဒေသကြီး ကံမမြို့နယ် အင်ဘက်တောကျေးရွာ အင်ဘက် တောကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ စိတြဥာဏအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်တို့ကို လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ရခိုင်ပြည်နယ် စစ်တွေမြို့ ကုန်တန်းရပ်ကွက် သဒ္ဓမ္မဂရု (ပုသိမ်)ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်တို့ကို လည်းကောင်း ဆက်ကပ်ပူဇော်ကြသည်။
ထို့အတူ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်က အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ရှမ်းပြည်နယ် နမ့်ခမ်းမြို့ အောင်ချမ်း သာရပ်ကွက် ဒက္ခိဏာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ နန္ဒာစရိယအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင် တို့ကိုလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့ ဗိုလ်အောင်ဇေယျရပ်ကွက် မိုးကောင်းစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဥတ္တမဥာဏာ ဘိဝံသအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်တို့ကို လည်းကောင်း၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ် တော်ရ ရခိုင်ပြည်နယ် မင်းပြားမြို့ မြို့မမြောက်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဃောသိတာရမ္ဘအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်တို့ကိုလည်းကောင်း ဆက်ကပ်ပူဇော် ကြသည်။
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် က အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အောင်ဆန်းရပ်ကွက် ဒီပင်္ကရာပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ စန္ဒဝံသ နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာဒိုး ကျေးရွာ ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ အာစိဏ္ဏတို့အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်တို့ကိုလည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ရ ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီး စံပြ ကျေးရွာ တိပိဋကစိန်ရွှေဖူးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဣန္ဒာစရိယအား ဘွဲ့တံဆိပ်တော်နှင့် အဆောင် အယောင်တို့ကို လည်းကောင်း ဆက်ကပ်ပူဇော်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဒုတိယဝန်ကြီးများက အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မ ကထိကဗဟုဇန ဟိတဓရ၊ ဓမ္မကထိကဗဟုဇန ဟိတဓရ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ ဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ မဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ သဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ မဟာကမ္မဋ္ဌာနာစရိယနှင့် ကမ္မဋ္ဌာနာ စရိယ ဘွဲတံဆိပ်တော်ရ ပြည်တွင်း ပြည်ပ ဆရာတော်ကြီး များ၊ ပြည်တွင်း ပြည်ပ သီလရှင်ဆရာကြီးများအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ် ပူဇော်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင်က မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီးတစ်ပါးနှင့် ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ် တော်ရ သီလရှင်ဆရာကြီးနှစ်ပါးအား လည်းကောင်း၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ ဇနီး ဒေါ်ခင်သက်ဌေးက ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး တစ်ပါး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ သီလရှင် ဆရာကြီးနှစ်ပါးအားလည်းကောင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ဇနီး ဒေါ်ချိုချိုက သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီးသုံးပါးအား လည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်ကြသည်။
ယင်းနောက် သာသနာနုဂ္ဂဟဘွဲ့နှင့် သာသနာပြု ဘွဲ့တံဆိပ်တော်ရရှိကြသူများအား ဘွဲ့တံဆိပ်များချီးမြှင့် ပေးအပ်ကြရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အဂ္ဂ မဟာ သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ ဦးကျော်ဝင်း နှင့် ဦးရှိန်ဝင်း၊ သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ ဦးဇေယျသူရမွန်တို့အား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင် တို့ကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဒုတိယသမ္မတ ဦးမြင့်ဆွေက သီဟ သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်အမျိုးသား သုံးဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သီဟ သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်အမျိုးသား နှစ်ဦးနှင့် သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် အမျိုးသားတစ်ဦး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်အမျိုးသားသုံးဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သုဓမ္မမဏိ ဇောတဓရ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်အမျိုးသား သုံးဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်က သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် အမျိုးသား သုံးဦးတို့အား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင် များကို ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း က သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်အမျိုးသား သုံးဦး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် အမျိုးသားနှစ်ဦးနှင့် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်အမျိုးသားတစ်ဦးနှင့် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်အမျိုးသား တစ်ဦးတို့အား ဘွဲ့တံဆိပ် နှင့် အဆောင်အယောင်များကို ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်ရ ဒေါ်စန္ဒာဝင်း၊ သီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရ ဒေါ်ရွှေဥနှင့် ဒေါ်စမ်းစမ်းတို့အား ဘွဲ့တံဆိပ်နှင့် အဆောင် အယောင်တို့ကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်စုစုလွင်က သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်ရ ဒေါ်ခင်ရီ၊ ဒေါ်သန်းသန်းအေး နှင့် ဒေါ်ဌေးဌေးသိန်းတို့အား ဘွဲ့တံဆိပ်နှင့် အဆောင် အယောင်တို့ကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဒုတိယသမ္မတ၏ဇနီး ဒေါ်ခင်သက်ဌေး က သီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်အမျိုးသမီး တစ်ဦး၊ သီဟသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်အမျိုးသမီး နှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ဇနီး ဒေါ်ချိုချိုက သီဟသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်အမျိုးသမီး သုံးဦး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ဇနီး ဒေါ်နန့်ကြင်ကြည်က သီဟသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်အမျိုးသမီး နှစ်ဦး၊ သုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်အမျိုးသမီး တစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှက သုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်အမျိုးသမီး သုံးဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၏ဇနီး ဒေါ်ဌေးရည်က သုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် အမျိုးသမီး သုံးဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၏ဇနီး ဒေါ်အေးသီတာက သုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်အမျိုးသမီးသုံးဦး၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်သန်းသန်းနွယ်က သုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်အမျိုးသမီးသုံးဦး၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ၏ဇနီး ဒေါ်သိန်းယဉ်က သုဓမ္မ သိင်္ဂီဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်အမျိုးသမီး သုံးဦး၊ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ၏ဇနီး ဒေါ်ခင်လေးသက်က သုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် အမျိုးသမီး နှစ်ဦးတို့အား ဘွဲ့တံဆိပ်နှင့် အဆောင် အယောင်များကို ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ စန္ဒိမာ ဘိဝံသထံမှ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပရိသတ်များက အနုမောဒနာ တရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေကြသည်။
ညနေပိုင်းတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်အတူ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ လွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ မြန်မာနိုင်ငံတော် ဗဟို ဘဏ်နှင့် နေပြည်တော်ကောင်စီတို့မှ အကြီးအကဲများနှင့် ဝန်ထမ်း မိသားစုများ၊ သာသနာနုဂ္ဂဟဘွဲ့ရ လူပုဂ္ဂိုလ်များ၊ ဘွဲ့ခံဆရာတော်များ၏ ဒါယကာ ဒါယိကာမများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များမှ ဘာသာရေးနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကုမ္ပဏီများ နှင့် အလှူရှင်ပြည်သူများက ဘွဲ့တံဆိပ်တော်ရ ဆရာတော် ကြီးများနှင့် သီလရှင်ဆရာကြီးများအား ဥပ္ပါတသန္တိ စေတီတော် အဝင်လမ်းနှင့် စေတီတော်ပတ်လမ်း တစ်လျှောက်တို့၌ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများကို သဒ္ဓါကြည်ဖြူစြွာ
ဖင့် လောင်းလှူပူဇော်ကြသည်။
ယနေ့ကျင်းပသည့် ၂ဝ၁၈ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲအခမ်းအနားတွင် ရဟန်းတော် ၁၉၉ ပါး၊ သာသနာနွယ်ဝင် သီလရှင် ဆရာကြီး ကိုးပါး၊ လူပုဂ္ဂိုလ်အမျိုးသား ၂၇ ဦးနှင့် အမျိုးသမီး ၃၃ ဦးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်ပေးအပ်ချီးမြှင့်ခဲ့ သည်။
သတင်းစဉ်

No comments:

Post a Comment