Saturday, March 3, 2018

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခွင့် ကညင်ချောင်းကျေးရွာအား ပေးအပ်

Image may contain: 14 people, people smiling, people standing, outdoor and nature
နေပြည်တော် မတ် ၂
ကညင်ချောင်းကျေးရွာ၏ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တော ၅ဝ၈ ဧကကို အသုံးပြုသူ အိမ်ထောင်စု ပေါင်း၂၆၉ ဦးအား ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောတည်ထောင် ခွင့်လက်မှတ်ပေးအပ်ခဲ့ကြောင်း သိရ သည်။
တနင်္သာရီတိုင်းဒေသကြီး ထား ဝယ်ခရိုင် သရက်ချောင်းမြို့နယ် အတွင်းရှိ ကညင်ချောင်းကျေးရွာသား များအား ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့်လက်မှတ် ကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ပေးအပ် ခဲ့ခြင်းဖြစ်သည်။
''CF (Community Foresty) ဆိုတာ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဖြစ်ပါတယ်၊ အစု အဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုတာ တစ်ဦးတစ်ယောက်တည်းက ပိုင်တာ မဟုတ်ပါဘူး၊ ဒီသစ်တော ပြုစုထိန်း သိမ်းရေးလုပ်ငန်းတွေကို စိတ်တူ ကိုယ်တူ ဆောင်ရွက်လိုတဲ့ အဖွဲ့ အစည်းအဖြစ် ဖွဲ့စည်းပြီး ဒီသစ် တောကို မိမိတို့ကိုယ်တိုင် ထိန်းသိမ်း ပါမယ်ဆိုတဲ့ အဖွဲ့အစည်း လုပ်ငန်း ဖြစ်ပါတယ်''ဟု တနင်္သာရီ တိုင်းဒေသ ကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေး မှူး ဦးကျော်ဇေယျက ပြောသည်။
အဆိုပါ သစ်တောတည်ထောင် ခွင့်ကို သစ်တောဦးစီးဌာနက ပေးအပ် ခဲ့ခြင်းဖြစ်ပြီး သားငှက်ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)က နည်းပညာအကူအညီများ ထောက် ပံ့ ဆောင်ရွက်လာခဲ့ရာ သုံးနှစ် နီးပါးအကြာတွင် သရက်ချောင်းမြို့ နယ်အတွင်းတွင် ပထမဦးဆုံး ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ် တောတည်ထောင်ခွင့်ကို အကောင် အထည်ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။
''ကျေးရွာသူ ကျေးရွာသား တစ်ယောက်တည်းအတွက် မဟုတ် ပါဘူး၊ အားလုံးအတွက် အကျိုးရှိလို့ အင်မတန်ဝမ်းသာတယ်၊ ကျွန်တော် ကတော့ အသက်ကြီးပြီ၊ ကျွန်တော့် အတွက် မဟုတ်ပါဘူး၊ သားစဉ်မြေး ဆက် နောင်လာနောက်သားတွေအတွက် CF လက်မှတ်ရသွားတဲ့ အကျိုး ကျေးဇူးနဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆက်လုပ်မယ်၊ သူတို့ကိုလည်း ပါဝင် လာအောင် ပြုစုပျိုးထောင်ပေးမယ်''ဟု ကညင်ချောင်းကျေးရွာမှ အသက် (၆၇) နှစ်အရွယ် ဦးစောဖိုးသူက ပြောသည်။
ကညင်ချောင်းကျေးရွာ၏ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တော လုပ်ငန်း၏ ဒီရေတောများမှာလည်း ကောင်းမွန်သော အဆင့်အတန်းတွင် တည်ရှိနေပြီး ယင်းကို ထိန်းသိမ်းထား ခြင်းအားဖြင့် ကျေးရွာအတွက် ထင်း၊ မျောတိုင် စသည့် လိုအပ်ချက်များ အတွက် ထုတ်ယူသုံးစွဲနိုင်သလို တစ် ဖက်တွင်လည်း ဒေသအခြေပြုခရီး သွားလုပ်ငန်း ဖော်ဆောင်နိုင် မည်ဖြစ်သည်။ ဒေသခံများအတွက် တခြားအကျိုးကျေးဇူးနှင့် အခွင့်အလမ်း များလည်း ခံစားရမည်ဖြစ်သည်။
ထားဝယ်ခရိုင်တွင် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောတည်ထောင် ထားမှု အစုအဖွဲ့ အိမ်ထောင်စု ပေါင်း ၆၅၉ ဦးရှိပြီး ဧရိယာ ၆ဝဝဝ ကျော် ရှိသည်။
ညီတူး

No comments:

Post a Comment