Saturday, March 3, 2018

ကမာဝက်မြို့၏ ဂုဏ်ထူးဆောင်ဆရာတော်များနှင့်လူပုဂ္ဂိုလ်တစ်ဦးအား ဂုဏ်ပြုပွဲကျင်းပ

Image may contain: one or more people, table and indoor
ရန်ကုန် မတ် ၂
ကမာဝက်မြို့ ဂုဏ်ထူးဆောင် ဆရာတော်များနှင့် လူပုဂ္ဂိုလ် တစ်ဦးအား မဟာဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ ချီးကျူးဂုဏ်ပြု ပူဇော်ပွဲနှင့် ကမာဝက်မြို့အသင်း(ရန်ကုန်)၏ တစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိM3 Food Centre၌ ကျင်းပရာ အခမ်းအနားသို့ ဂုဏ်ပြုခံပုဂ္ဂိုလ် မွန်ပြည်သစ်ပါတီ(NMSP)ဥက္ကဋ္ဌ နိုင်ထောမွန် တက်ရောက်၍ နှုတ်ခွန်းဆက် အမှာစကား ပြောကြား သည်။
အခမ်းအနားတွင် ဂုဏ်ပြုခံဆရာတော်နှစ်ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးတို့၏ အတ္ထုပ္ပတ္တိအကျဉ်းအား ဖတ်ကြား ခြင်းနှင့် ကမာဝက်မြို့ ဓာတ်တော်ကျောင်း ပဓာနနာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ဥူးပါလိတနှင့် ခြင်္သေ့ ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒကုမာရ(ဓမ္မာစရိယ)တို့က သြဝါဒကထာများ ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ဂုဏ်ပြုခံပုဂ္ဂိုလ် မွန်ပြည်သစ်ပါတီ (NMSP)ဥက္ကဋ္ဌက နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာ ''ဒီကနေ့ ဂုဏ်ပြုထိုက်သူများကို အသိ အမှတ်ပြု ဂုဏ်ပြုပူဇော်တာ အလွန်ဝမ်းသာမိပါတယ်၊ ကမာဝက်အသင်းလိုမျိုး အခြားအသင်းတွေလည်း ဖွဲ့စည်း နိုင်ပြီး ညီညွတ်တဲ့အမျိုးသားရေးကိုတန်ဖိုးထားပြီး ကြိုးစား ဆောင်ရွက်နိုင်ကြဖို့ ဆန္ဒပြုပါတယ်၊ နိုင်ငံငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ကာလမှာ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ကူညီအားပေးကြပြီး တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းချင် ပါတယ်''ဟု ပြောသည်။
ယင်းနောက် ဂုဏ်ပြုခံဆရာတော်များနှင့် လူပုဂ္ဂိုလ် အား အလှူတော်ငွေများနှင့် ဝတ္ထုပစ္စည်းများကို ဆက်ကပ်ပူဇော်လှူဒါန်းပြီး အခမ်းအနားကျင်းပရေး ကော်မတီဥက္ကဋ္ဌ မင်းဇေယျက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
အေးမင်းသူ

No comments:

Post a Comment