Friday, March 2, 2018

ရန်ကုန်မြို့ရှိ တန်ခိုးကြီးစေတီပုထိုးများ၊ အထင်ကရနေရာများ၌ ဒေသခံများနှင့်အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

Image may contain: 1 person, outdoor
ရန်ကုန် မတ် ၁
ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အလေးအမြတ်ထားရှိသည့် နေ့တစ်နေ့ဖြစ်သော တပေါင်းလပြည့် နေ့ထူးနေ့မြတ် အချိန်အခါသမယဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ တန်ခိုးကြီးစေတီပုထိုးများ၊ အထင်ကရနေရာများနှင့် အပန်းဖြေရာဥယျာဉ်များတွင် ရန်ကုန်မြို့နေ ဒေသခံ ပြည်သူများအပြင် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေအနားယူခြင်း၊ ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းတို့ဖြင့် စည်ကားလျက်ရှိသည်။
မတ် ၁ ရက်မှ ၄ ရက်အထိသည် စနေ၊ တနင်္ဂနွေ နေ့များအပြင် ဗုဒ္ဓဘာသာဝင်တို့၏ အလေးအမြတ်ထားရှိ သည့် နေ့တစ်နေ့ဖြစ်သော တပေါင်းလပြည့်နေ့နှင့်အတူ တောင်သူလယ်သမားနေ့နှင့်လည်း တိုက်ဆိုင်နေသည့် အတွက် ရုံးပိတ်ရက်လေးရက် တစ်ဆက်တည်းဖြစ်ခြင်း ကြောင့် ပြည်သူများအနေဖြင့် ယင်းကဲ့သို့ စိတ်အေးချမ်း သာစွာ အနားယူခြင်းများ၊ ကုသိုလ်ကောင်းမှုပြုလုပ်ခြင်း များနှင့် ဒေသန္တရ ဗဟုသုတ ရှာမှီးခြင်းများ ပြုလုပ်ကြခြင်း ဖြစ်သည်။
ထို့ကြောင့် ရန်ကုန်မြို့၏ အထင်ကရ လည်ပတ်စရာ နေရာများတွင် တစ်ခုအပါအဝင်ဖြစ်သည့် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)တွင်လည်း ဒေသခံများအပြင် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ပြည်သူများ လာရောက်လေ့လာ လည်ပတ်ကြသဖြင့် စည်ကားလျက်ရှိသည်။
မြင်းခြံမြို့မှ ဒေါ်စောငွေက''ရန်ကုန်ကိုရောက်တာ နှစ်ခေါက်ရှိပါပြီ၊ ပထမတစ်ခေါက်တုန်းက တိရစ္ဆာန် ဥယျာဉ်ကို မရောက်လိုက်ဘူး။ အဲဒါကြောင့် အခုတစ်ခေါက် မှာ မဖြစ်မနေ အရောက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာခဲ့တာပါ၊ ကလေးတွေကို လိုက်ပို့ချင်တာလည်း ပါတာ ပေါ့၊ သုံးညအိပ် လေးရက်ခရီးအနေနဲ့ မိသားစုလိုက် အတူ လာခဲ့ကြတာပါ၊ ဒီကနေပြန်ရင် ရေလယ်ကျောက်တန်း ဘုးရားကိုသွားမယ်၊ အပြန်ကျရင် ပဲခူးကိုဝင်ဖို့ စီစဉ်ထားပါ တယ်၊ အဓိကကတော့ ကလေးတွေ နွေရာသီ ကျောင်းပိတ်ရက်ဖြစ်တာကြောင့် အခုလိုလာရောက် လည်ပတ်ကြတာပါ၊ အရင်နှစ်တွေတုန်းကတော့ ကျိုက်ထီးရိုး ဘုရားသွားဖူးခဲ့ပါတယ်''ဟု ပြောသည်။
''အခုမှ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ရောက်ဖူးတာပါ၊ အရင်တုန်းကတော့ မန္တလေးတိရစ္ဆာန်ဥယျာဉ်ကို ရောက်ဖူး ပါတယ်၊ ဒီနေ့မှာတော့ ဆင်တွေ၊ ဝက်ဝံတွေ ကတာ တွေ့ခဲ့ရတယ်၊ ကျားကိုတော့ ကြောက်လို့ ခပ်ဝေးဝေး ကနေပဲ ကြည့်ခဲ့တာပါ၊ ဆင်ကြီးတွေကိုတော့ ကြံတွေ ဝယ်ကျွေးခဲ့ပါတယ်၊ မြွေတွေ၊ မျောက်တွေလည်း တွေ့ခဲ့ တယ်၊ နောင်နှစ်တွေမှာလည်း လာလည်ချင်ပါသေးတယ်''ဟု မြင်းခြံမြို့မှ ဆဋ္ဌမတန်း ဖြေဆိုထားသူ မောင်ဝင်းအောင် က လာရောက်လည်ပတ်ခဲ့မှုအပေါ် သူ၏အတွေ့အကြုံကို ပြောသည်။
ယနေ့သည် တပေါင်းလပြည့် အများပြည်သူ ရုံးပိတ်ရက်ဖြစ်သည့်အားလျော်စွာ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)၌ အထူးဖျော်ဖြေရေး အစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ရာ တိရစ္ဆာန်အလိမ္မာလေးများ ဖြစ်ကြသော ဆင်မကြီး မျိုးမျိုး၏ ဘောလုံးကန်ခြင်း (ဂိုးသွင်းခြင်း)နှင့် မျောက်၊ ဝက်ဝံတို့၏ ကျွမ်းကျင်မှု အလိုက် ကကွက်များအပြင် အဆိပ်ပြင်းသော တောကြီး မြွေဟောက်(ငန်းမြွေ)၊ ငန်းစောင်း အစရှိသည့် မြွေကြီးများ နှင့် အန္တရာယ်များကြားမှ ကျွမ်းကျင်ပိုင်နိုင်စွာ ကစားပြ သော မြွေဆရာကြီး ဦးစိန်တင်နှင့် မြွေဆရာမလေး မစိုးစိုးဝင်းတို့၏ မြွေပြကွက်များ၊ မျက်လှည့်ပညာရှင် မှော်ဝိဇ္ဇာ သံမဏိ၏ ပညာသားပါပါ စိတ်ဝင်စားစရာ မျက်လှည့်ပြကွက်များကို လာရောက်လည်ပတ်ကြသည့် ပြည်သူများ အထူးစိတ်ဝင်တစား ကြည့်ရှုကြသည်ကို တွေ့ရသည်။
ဖျော်ဖြေရေးအစီအစဉ်နှင့်ပတ်သက်၍ မြွေဆရာကြီး ဦးစိန်တင်က ''ဒီမှာမြွေပြကွက်နဲ့ ဖျော်ဖြေခဲ့တာ နှစ်ပေါင်း သုံးဆယ်လောက်ရှိပါပြီ၊ ပြည်သူတွေစိတ်ဝင်စားအောင် တကယ့်ကို အဆိပ်ပြင်းတဲ့ တောကြီးမြွေဟောက်တွေနဲ့ ကစားပြခဲ့တာပါ၊ အခုလို ကစားပြနိုင်အောင်လည်း အများကြီးအချိန်ယူပြီး ကြိုးစားခဲ့ရတာပါ။ အနယ်နယ် အရပ်ရပ်က လာရောက်တဲ့ပရိသတ်ကို ကိုယ်တတ်တဲ့ ပညာနဲ့ ဖျော်ဖြေခွင့်ရတာကြောင့် ဝမ်းသာကျေနပ်ပါတယ်''ဟု ပြောသည်။
တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ လာရောက်လည်ပတ်သူ များအနေဖြင့် ဆင်၊ မြွေ၊ မျောက်၊ ကုလားအုတ် ပြကွက် နေရာများနှင့် ကျားလိုဏ်ဂူတို့ကို စိတ်ဝင်တစား လည်ပတ် ကြည့်ရှုခြင်း၊ ရေကမ္ဘာတွင် ပျော်ရွှင်စွာ ရေကစားခြင်းတို့ ပြုလုပ်ကြပြီး နားနေဆောင်များတွင်လည်း မိသားစုအလိုက် ပျော်ရွှင်စွာ ဝိုင်းဖွဲ့စားသောက်ကာ အပန်းဖြေအနားယူ ကြသည်ကိုလည်း တွေ့မြင်ရသည်။
အလားတူ ရန်ကုန်မြို့၏ အထင်ကရနေရာ တစ်ခုဖြစ်သော ရွှေတိဂုံစေတီတော်မြတ်ကြီးတွင်လည်း တပေါင်းလပြည့် နေ့ထူးနေ့မြတ် အချိန်အခါသမယဖြစ်သည့် အားလျော်စွာ ယနေ့နံနက်ပိုင်းမှစတင်ကာ ရန်ကုန်မြို့နေ ဒေသခံများအပြင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများက ဗုဒ္ဓဘာသာဝင်များပီပီ စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကာ မိမိတို့၏ မွေးနံ ဂြိုဟ်ခွင်များတွင် ဝတ်ပြုဆုတောင်းခြင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်းများကြောင့် အထူးစည်ကားလျက်ရှိသည်။
မကွေးမြို့မှလာရောက်သူ ဒေါ်မြင့်ကြည်က ''ရန်ကုန် ကိုရောက်တာ ဒါဟာပထမဆုံးအကြိမ်ပါ၊ ကလေးတွေ အလုပ်နားလို့ လိုက်ပို့တာပါ၊ သားအကြီးက ကုမ္ပဏီမှာ လုပ်တာပါ၊ သူတို့ဇနီးမောင်နှံနဲ့အတူ ဘုရားဖူးကားနဲ့ လိုက်လာတာပါ၊ အဓိကကတော့ ရွှေတိဂုံဘုရားကိုဖူးချင်တာ ပါ၊ နောက်တစ်ခုကတော့ ရွှေတိဂုံဘုရားမှာရှိတဲ့ အံ့ဖွယ် ကိုးပါးကိုလည်း ကိုယ်တိုင်မြင်တွေ့ချင်တယ်၊ ဖူးချင်တယ်၊ ရောက်တုန်းရောက်ခိုက် စေတီတော်ကြီးအတွက် အလှူငွေ လည်း လှူသွားမယ်လို့ စိတ်ကူးထားပါတယ်''ဟု ပြောသည်။
အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူတို့ အနေဖြင့် ရွှေတိဂုံစေတီတော်ရင်ပြင်တော်ရှိ စောင်းတန်း များတွင် ဝတ်ပြုဆုတောင်းခြင်း၊ အဓိဋ္ဌာန်ပုတီးစိတ်ခြင်း၊ ဂုဏ်တော်များနှင့် ပရိတ်တရားတော်များကို ရွတ်ဖတ်ခြင်း တို့ကို ပြုလုပ်ကြသည့်အပြင် စေတီတော်ကြီး၏ အောင်မြေ နေရာတွင် မိမိတို့၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းဆောင်တာ များ အကောင်အထည်ပေါ် အောင်မြင်ပြီးမြောက်စေရန် အတွက် အဓိဋ္ဌာန်ပြုခြင်းတို့ ဆောင်ရွက်ကြသည်ကိုလည်း တွေ့ရသည်။
''အလုပ်ပိတ်ရက်တွေမှာ ရန်ကုန်ကို နေ့ချင်းပြန် ဘုရားဖူးထွက်လာတာပါ၊ မနက်ပိုင်းမှာ ဗိုလ်တထောင် ဘုရား၊ ကျိုက်ဝိုင်း၊ မယ်လမုဘုရားတွေကို ဖူးခဲ့ပြီးပါပြီး၊ မွန်းလွဲပိုင်းကနေ ညနေပိုင်းအထိ ရွှေတိဂုံဘုရားကို အချိန်ယူပြီး အေးအေးဆေးဆေးဖူးမယ်လို့ စိတ်ကူးထား တယ်၊ အချိန်ရရင်တော့ ကလေးတွေကို ကစားကွင်းတစ်ခုခု လိုက်ပို့ဖို့ စီစဉ်ထားပါတယ်၊ ရန်ကုန်ကို မကြာခဏ ဘုရားဖူးလာဖြစ်ပါတယ်။ လာတိုင်းလည်း ရွှေတိဂုံဘုရားကို အမြဲတမ်းဖူးဖြစ်ပါတယ်''ဟု ညောင်တုန်းမြို့နယ်မှ ဒေါ်မြင့်မြင့်ဌေးက ပြောသည်။
ရန်ကုန်မြို့၏ တန်ခိုးကြီးစေတီပုထိုးများ၌ ဘုရားဖူး များဖြင့် စည်ကားလျက်ရှိသည့်အပြင် ရန်ကုန်မြို့၏ အထင်ကရနေရာများဖြစ်သော မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီးပန်းခြံ၊ မြေပဒေသာကျွန်း၊ ပြည်သူ့ရင်ပြင်အပါအဝင် ကလေးကစားကွင်းများတွင် လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်ကြ သူများ၊ အပန်းဖြေအနားယူကြသူများဖြင့် စည်ကားလျက် ရှိသည်။
''ကျွန်တော်တို့ကတော့ ဒီကနေ့ ဆူးလေဘက်မှာ ဈေးဝယ်စရာရှိတာကြောင့် တခြားနေရာတွေကို မသွားဖြစ်ပါဘူး၊ ဆူးလေဘုရားအနီးမှာရှိတဲ့ မဟာဗန္ဓုလ ပန်းခြံမှာပဲ သူငယ်ချင်းတွေနဲ့အတူ အနားယူလိုက်တယ်၊ နောက်ရက်တွေကျရင်တော့ အလုပ်တွေပြန်မဖွင့်ခင် တစ်နေရာရာကို နေ့ချင်းပြန် ဘုရားဖူးသွားတာမျိုး လုပ်ဖို့တော့ စီစဉ်ထားတာရှိပါတယ်''ဟု ကမာရွတ်မြို့နယ်မှ ကိုသီဟအောင်က ပြောသည်။
ရုံးပိတ်ရက် လေးရက်တာကာလနှင့်အညီ ရန်ကုန် မြို့နေ ပြည်သူများအနေဖြင့်လည်း မြန်မာပြည်တစ်ဝန်းရှိ စေတီပုထိုးများနှင့် အပန်းဖြေနေရာများကို သွားရောက် လည်ပတ်ကြရာ ပြည်တွင်းခရီးသွားလုပ်ငန်းများ အများစု တည်ရှိရာ ရန်ကုန်ဘူတာကြီးရှေ့(အောင်ဆန်း အားကစား ကွင်းတိုက်တန်းရှေ့)၌ ယမန်နေ့ညပိုင်းက ဘုရားဖူးယာဉ် ဖြင့် ခရီးထွက်ကြသည့် ရန်ကုန်မြို့နေပြည်သူများလည်း အများအပြားရှိခဲ့သည်။
''ပထမတုန်းက ကော့သောင်းဘက်ကိုသွားမယ်လို့စီစဉ်ထားတာ၊ အနားနီးမှ ကားလက်မှတ်မရတာကြောင့် ချောင်းသာပဲသွားဖို့ စီစဉ်လိုက်ရတာပါ၊ ရုံးကသူငယ်ချင်း တွေနဲ့ အတူသွားတာဆိုတော့ ပျော်စရာကောင်းမှာပါ၊ အရင်တုန်းကတော့ မိဘတွေနဲ့အတူ ချောင်းသာကို နှစ်ခေါက်ရောက်ဖူးပါတယ်၊ အခုကတော့ ရုံးကသူငယ်ချင်း တွေနဲ့ဆိုတော့ အမှတ်တရတွေပိုဖြစ်လိမ့်မယ်လို့ ထင်ပါ တယ်၊ နောက်တစ်ခါ ခရီးထွက်ရင်တော့ ငပလီကိုသွားချင် တယ်''ဟု မင်္ဂလာတောင်ညွန့်မြို့နယ်မှ မစိုးယုခိုင်က ပြောသည်။
အလားတူစမ်းချောင်းမြို့နယ်မှ ကိုအောင်ဝင်းက ''ပုဂံ-ညောင်ဦး၊ ပုပ္ပါး၊ ရွှေစက်တော်ကို သွားမယ်၊ မြန်မာ နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ ရိုးရာအမွေအနှစ်တွေကို လေ့လာ ချင်လို့ပါ၊ အရင်တုန်းကတော့ အလုပ်ကိစ္စနဲ့ နှစ်ခေါက် လောက်ရောက်ဖူးပါတယ်၊ ဒီတစ်ခါတော့ ရုံးပိတ်ရက်လည်း ဖြစ်တဲ့အတွက် မိသားစုတွေပျော်ပျော် ပါးပါးသွားကြတာပါ၊ ပုဂံဆိုရင်တော့ စွယ်တော်လေးဆူကို အဓိကထားပြီးသွားမှာ ပါ၊ အလည်ခရီးဖြစ်လို့ နေရာစုံအောင်လည်မယ်လို့တော့ စိတ်ကူးထားပါတယ်၊ ဒေသန္တရ ဗဟုသုတလည်းရမယ်၊ သွားသင့်တယ်လို့ ထင်တာကြောင့်လည်း အခုလို ပုဂံ-ညောင်ဦးကိုရွေးချယ်ခဲ့တာပါ''ဟု သူ၏ခရီးစဉ်အပေါ် ပြောကြားသည်။
အာရှနဂါးခရီးသွားလုပ်ငန်းမှ ယာဉ်မောင်းကိုဖုန်းက ''အခုရုံးပိတ်ရက်မှာဆိုရင် အများစုကတော့ ငွေဆောင်နဲ့ ချောင်းသာကို သွားကြတာများပါတယ်၊ အရင်တုန်းကတော့ ကျိုက်ထီးရိုးဘုရားနဲ့ မြဝတီဘက်ကို သွားလည်ကြတာတွေ များပါတယ်၊ ကျွန်တော်တို့ကတော့ ဘုရားဖူးယာဉ် မောင်းတာဆိုတော့ ရန်ကုန်မြို့နေတဲ့ လူတော်တော်များများ က ရုံးပတ်ရက်များလေ ခရီးထွက်ကြတာများလေပါပဲ၊ ခရီးသွားလာမှု အခြေအနေကတော့ အရင်နှစ်တွေထက် ခရီးထွက်လူတွေ ပိုများလာတယ်လို့ထင်ပါတယ်''ဟု သူ၏ အမြင်ကို ပြောသည်။
ယခုရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်မြို့နေ ပြည်သူများအနေဖြင့် ဘုရားဖူးခရီးနှင့် အပန်းဖြေခရီးစဉ် များအဖြစ် မန္တလေး၊ ပြင်ဦးလွင်၊ ပုဂံ-ညောင်ဦး၊ ပုပ္ပါး စသည့်ဒေသများကို အများဆုံးသွားလာလျက်ရှိကြောင်း ရန်ကုန်မြို့ အောင်ဆန်းကွင်းရှိ ရွှေခရီးသွားဝန်ဆောင်မှု လုပ်ငန်းမှ(လက်မှတ်အရောင်းစာရေး)မဇင်မာသက်က ဆိုသည်။
ထိုခရီးစဉ်များကြောင့် ရန်ကုန်မြို့တွင်းလမ်းများ ဖြစ်သော ပြည်လမ်း(မြေနီကုန်းမှတ်တိုင်အနီး)၊ ကမာ ရွတ်မြို့နယ်(စိုက်ပျိုးရေးမှတ်တိုင်အနီး)၊ မရမ်းကုန်းမြို့နယ် (သမိုင်းလမ်းဆုံအနီး)တို့၌ ညပိုင်းအချိန်များတွင် ဘုရားဖူး ယာဉ်များကို စောင့်ဆိုင်းနေသည့် ရန်ကုန်မြို့နေပြည်သူများ ကို အစုအဖွဲ့အလိုက် တွေ့မြင်နေရသည်။
ယှဉ်ပြိုင်မှုများနှင့် တည်ဆောက်ထားသည့် ယနေ့ ကမ္ဘာတွင် အဆိုပါ အများပြည်သူရုံးပိတ်ရက် လေးရက်မှာ နိုင်ငံ့ဝန်ထမ်းများနှင့် ကုမ္ပဏီဝန်ထမ်းများမှာမူ မိမိအတွက် သာမက မိသားစုဘဝအတွက်ပါ တန်ဖိုးကြီးမားကြမည် ဖြစ်ပြီး အချို့ကလည်း ရုံးပိတ်ရက်ကာလနှင့်အညီ မိမိတို့ ကြိုတင်စီစဉ်ထားသော ရပ်ဝေး၊ ရပ်နီး ဘုရားဖူးခရီးစဉ် များ၊ အပန်းဖြေခရီးထွက်ခြင်းများ ပြုလုပ်ကာ ဒေသန္တရ ဗဟုသုတများကို ရှာဖွေကြခြင်းဖြင့်ဘဝအမောများကို တစ်ဖက် တစ်လမ်းမှ ပြေပျောက်စေနိုင်လိမ့်မည်ဖြစ်သည်။
သတင်း- ဇော်ကြီး၊ ဓာတ်ပုံ- ဖေဇော်

No comments:

Post a Comment