Friday, March 2, 2018

ရုံးပိတ်ရက် လေးရက် နေပြည်တော်တစ်ဝန်း လွတ်လပ်စွာ အပန်းဖြေအနားယူနေကြသူများ

Image may contain: 1 person, closeup
ရုံးပိတ်ရက် လေးရက်ဆက်တိုက်ရရှိသည့်အတွက် နေပြည်တော်တစ်ဝန်း စိတ်ရောကိုယ်ပါ လွတ်လပ်စွာ အပန်းဖြေအနားယူနေကြသူများကို မြင်တွေ့ရသည်။ ထိုသို့ လွတ်လပ်စွာ အပန်းဖြေအနားယူနေကြသူများနှင့် တွေ့ဆုံမေးမြန်းခဲ့ သည်များကို ရေးသားတင်ပြလိုက်ရပါသည်။
ကိုအာကာကိုကို
နေပြည်တော် ကြယ်စင်ဟိန်းယာဉ်လိုင်း
ကျွန်တော်တို့ ယာဉ်လိုင်းကတော့ ရန်ကုန်၊ မုံရွာနဲ့ လာရှိုးမြို့တွေကို ပြေးဆွဲ ပါတယ်။ နေပြည်တော်ဂိတ်အနေနဲ့ မနေ့က ညနေပိုင်းက ကားလက်မှတ်တွေ အားလုံး ရောင်းကုန်သွားပါတယ်။ ဒီနေ့လည်း လက်မှတ်တွေက စောစောကို ရောင်းကုန်သွားတယ်။ နေပြည်တော်က ဝန်ထမ်းမြို့တော်လို့ ပြောလို့ရတယ်။ ဒီတစ်ပတ် ရုံးပိတ်ရက် လေးရက်ဆက်တိုက်ဖြစ်နေတော့ ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့ ဇာတိ မိဘနေရပ်ကို ပြန်ကြတာများတယ်။ မိသားစု အပေါင်းအဖော် တွေနဲ့ ခရီးထွက်ကြတဲ့သူတွေလည်းပါတယ်။ ဒါကြောင့် ထူးထူးခြားခြားကို လက်မှတ်တွေ ရောင်းအားကောင်းနေတယ်လို့ ဆိုရပါမယ်။ ကျန်တဲ့ကားလိုင်း တွေ၊ ကားဂိတ်တွေမှာလည်း လက်မှတ်ထပ်ရောင်းစရာ မကျန်တဲ့အထိ ဖြစ်သွားတယ်လို့သိရတယ်။ ဒီတစ်ပတ် ခရီးသွားကြတာ တော်တော်လေး များပါတယ်။
ဒေါ်ယုယုမွန်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး
အခုကာလလေးက ရုံးပိတ်ရက် လေးရက်ဖြစ်လို့ ရန်ကုန်ကို ပြန်မှာ ဖြစ်ပါတယ်။ ရန်ကုန်မှာ မိဘဆွေမျိုးတွေ ရှိပါတယ်။ ခုလိုရုံးပိတ်ရက်ရှည်လေး ရလို့ မိဘဆွေမျိုးတွေဆီ အလည်အပတ်သွားရင်း၊ အပန်းဖြေသွားရင်း ပြန်ရတဲ့ အတွက် ပျော်တယ်။ အခြားဝန်ကြီးဌာနက ဝန်ထမ်းအများစုလည်း သူတို့ဇာတိ တွေဆီ ပြန်ကြတာတွေ့ရပါတယ်။ ရုံးပိတ်ရက် တာဝန်ကျတဲ့သူတချို့ကတော့ မပြန်နိုင်ကြဘူးပေါ့။ မနေ့ညနေကတည်းက ပြန်မလို့ပါပဲ။ ဒါပေမယ့် ကား လက်မှတ်က ဘယ်လိုမှ မရတော့တဲ့အတွက် ဒီနေ့မနက်မှ ပြန်ရတာပါ။ ဇာတိ ရပ်ရွာကို အကြောင်းအမျိုးမျိုးကြောင့် မပြန်ဖြစ်တဲ့ ဝန်ထမ်းတွေအနေနဲ့လည်း ဒီနေပြည်တော်မှာ တပေါင်းပွဲကျင်းပတာတွေရှိပါတယ်။ အားလပ်ချိန်လေး မှာ ပျော်ပျော်ပါးပါး အပန်းဖြေရင်း ပါဝင်ဆင်နွှဲလို့ရတာပေါ့။ တချို့ကလည်း ဒီတပေါင်းပွဲတော်မှာ ပါဝင်နိုင်ဖို့ မပြန်ကြတာတွေလည်း ရှိပါတယ်။ ပိတ်ရက် မှာ အဖေအမေရယ်၊ ကျွန်မတို့ မိသားစုရယ် အားလပ်ရက် လေးရက်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ အပြည့်အဝ အနားယူအပန်းဖြေသွားမှာပါ။
ဒေါ်နွဲ့ယဉ်ထွန်း
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
အခုလို ရုံးပိတ်ရက်ဆက်တိုက် လေးရက်ရတဲ့အတွက် အမေနဲ့အဖေရှိတဲ့ ရန်ကုန်ကိုပြန်ပြီး အနားယူမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကားလက်မှတ်တွေ ကကျပ်တော့ ဒီနေ့မှ ပြန်ရတော့တာပါ။ နေပြည်တော် ပြန်လာရမယ့်အချိန် လည်းရှိသေးတော့ ရန်ကုန်မှာ နှစ်ရက်လောက်ပဲ ကောင်းကောင်းနေရမှာပါ။ ဘာပဲဖြစ်ဖြစ် ဒီလို ရုံးပိတ်ရက် လေးရက်ရလို့ ပျော်တယ်။ ရန်ကုန်ကနေ နေပြည်တော်ကို ရုံးဖွင့်ရက်အမီ ပြန်လာရမှာပါ။ ဒါပေမဲ့ ခုလိုရုံးပိတ်ရက် ကာလ ဘယ်နှရက်ပဲရရ မိဘဆွေမျိုးတွေဆီ အလွမ်းပြေ ပြန်ရတဲ့အတွက် ပျော်ပါတယ်။ မိဘတွေက အသက်လည်းကြီးပြီဆိုတော့ နေပြည်တော်မှာ လည်း လိုက်မနေနိုင်ဘူး။ ဒါကြောင့် မိဘတွေကို ပြုစုစောင့်ရှောက်ရင်း၊ အပန်း ဖြေရင်းပြန်ရတာပါ။ ခုလိုကာလလေးမှာ မိဘတွေဆီမှာ အေးအေးဆေးဆေး နေခွင့်ရတော့မှာမို့ အတိုင်းမသိ ပျော်ရပါတယ်။ နောက်လည်း ခုလို ပိတ်ရက် ရှည်ရရင် ကောင်းတာပေါ့။ ဒါက ကျွန်မဖြစ်ချင်တဲ့ဆန္ဒကို ပြောပြတာပါ။
မလှယဉ်အေး
မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း
ကျွန်မအနေနဲ့ ဒီရုံးပိတ်ရက် လေးရက်မှာ မိဘနေရပ်မပြန်ဖြစ်ပါဘူး။ ခုလိုရုံးပိတ်ရက်ရှည်ကာလမှာ သူငယ်ချင်းတွေနဲ့ နေပြည်တော်၊ ပျဉ်းမနားနဲ့ လယ်ဝေးမြို့တွေမှာရှိတဲ့ ဘုရားအစုံကို ဘုရားဖူးထွက်ပါမယ်။ ဒီနေ့ ရွှေလက်လှဘုရားနဲ့ ဥပ္ပါတသန္တိစေတီတော်ကြီးကို ဖူးမြော်ပြီးပါပြီ။ သူငယ်ချင်း တွေနဲ့ အပန်းဖြေအနားယူရင်း အစားအသောက်တွေ စားကြတယ်။ ဗဟုသုတ တွေ လေ့လာမယ်။ ပျော်ဖို့ကောင်းပါတယ်။ နောက်ရက်တွေမှာလည်း သူငယ်ချင်းတွေနဲ့ အပန်းဖြေရင်းဗဟုသုတတွေ ရှာမှီးဦးမှာပါ။ တနင်္ဂနွေနေ့ ရောက်ရင်တော့ ရုံးပြန်တက်ဖို့ ကြိုတင်ပြင်ဆင်ရင်း အဆောင်မှာ အနားယူမယ်။ စာဖတ်မယ်။ သူငယ်ချင်းတချို့ မိဘရပ်ထံကို ပြန်တယ်။ တချို့ကတော့ သူငယ်ချင်းတွေနဲ့ ဘုရားဖူးထွက်ကြတယ်။ ခုလို အားလပ်ရက်ရှည်ကာလမှာ သူငယ်ချင်းတွေ လွတ်လွတ်လပ်လပ် အပန်းဖြေနားနေရင်း ပျော်ရွှင်နေကြတာ တွေ့ရတော့ ပင်ပန်းသမျှတွေ ပျောက်သွားတဲ့အထိ သူတို့အပျော်တွေ ကျွန်မဆီ ကူးစက်လာတယ်လို့ ခံစားရတယ်။
ကိုကျော်သက်နိုင်ထွန်း
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ကျောင်းသား
ကျောင်းပိတ်ရက် လေးရက်ရတော့ သူငယ်ချင်းတွေနဲ့ ကျောင်းကနေ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးကို ဘုရားဖူးရင်း အလည်အပတ်လာတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ သူငယ်ချင်း ၁ဝ ယောက်ပါပါတယ်။ ကျောင်းမှာ သုတေသနလုပ်ငန်းတွေ လုပ်နေတဲ့အတွက် မအားတော့ မိဘတွေဆီ မပြန် ဖြစ်တော့ပါဘူး။ မိဘဆွေမျိုးတွေဆီ မပြန်ဖြစ်တဲ့သူငယ်ချင်းတွေကို အခုလို တပေါင်းလပြည့်နေ့ အခါကြီးရက်ကြီး ရုံးပိတ်ရက် လေးရက်ရတဲ့ကာလလေး မှာ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ဘုရားဖူးရင်း အပန်းဖြေ အလည်အပတ်သွားကြဖို့ တိုက်တွန်းပါတယ်။
မဝေရည်ဖူး
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ကျောင်းသူ
ဒီနေ့က တပေါင်းလပြည့်နေ့လည်းဖြစ်တယ်။ ကျောင်းပိတ်ရက်လည်း ဖြစ်တော့ သူငယ်ချင်းတွေစုပြီး ဘုရားလာဖူးတာပါ။ ဘုရားဖူးပြီးရင် တခြား နေရာတွေကို အပန်းဖြေရင်း လည်ပတ်ကြမှာပါ။ ကျွန်မတို့က ကျောင်းမှာResearchတွေ လုပ်နေရတယ်လေ။ ဒီတော့ တော်တော်များများ အချိန် ကာလတွေမှာ ဘယ်ကိုမှ လျှောက်မလည်ဖြစ်ဘူး။ ခုတော့ ကျောင်းလေးရက် ဆက်တိုက်ပိတ်တဲ့အတွက် သူငယ်ချင်းတွေနဲ့ အပန်းဖြေရင်း လည်ပတ်ရတာ ပျော်တယ်။ ဗဟုသုတရမယ့်နေရာတွေကိုလည်း သွားရောက်လေ့လာပါဦးမယ်။ ခုလို အားလပ်ရက်ရှည်ရတဲ့ကာလလေးကို ဘဝအတွက် အကျိုးရှိရှိ အပြည့်အဝ အသုံးချကြဖို့ ပြောချင်ပါတယ်။
သတင်း-မင်းမျိုး၊ ဓာတ်ပုံ-ဇော်သူ

No comments:

Post a Comment