Saturday, March 3, 2018

နိုင်ငံတကာမြင်ကွင်း

Image may contain: 3 people, people standing and suit
ရဲရင့်လင်းလက်
တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံက ပိုင်စိုး ပိုင်နင်းလုပ်နေတယ်ဆိုတဲ့ အတွေးအပေါ် အခြေခံပြီး ကာလရှည်ကြာ မြုံသလိုဖြစ်နေတဲ့ အမေရိကန်၊ ဂျပန်၊ သြစတြေးလျနဲ့ အိန္ဒိယနိုင်ငံတွေ လက်တွဲဆောင်ရွက်တဲ့ လေးပွင့်ဆိုင်မဟာမိတ်အဖွဲ့ဟာ ပြန်ရှင်သန်လာခဲ့ပါ တယ်။ တရုတ်နိုင်ငံရဲ့မဟာဗျူဟာပြိုင်ဘက် ဒီနိုင်ငံတွေရဲ့ လေးပွင့်ဆိုင်မဟာမိတ်အဖွဲ့ ပြန်ရှင်သန်လာခဲ့တာက လည်း အရှေ့တောင်အာရှနိုင်များအဖွဲ့ (အာဆီယံ)နဲ့ လည်း ဆက်စပ်နေပါတယ်။ အာဆီယံနိုင်ငံတွေက တွေ့ဆုံညှိနှိုင်းဆွေးနွေးတဲ့နည်းလမ်းနဲ့ တောင်တရုတ် ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့လုပ်ရပ်တွေကို မဟန့်တားနိုင်ခဲ့တဲ့အပေါ် လေးပွင့်ဆိုင်မဟာမိတ်အဖွဲ့ဝင် ဒီနိုင်ငံတွေက စိတ်ပျက်လက်ပျက်ဖြစ်နေတာပါ။
ဒီတော့ အာဆီယံရဲ့စွမ်းဆောင်ရည်အခန်းကဏ္ဍဟာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ရလဒ်ကတော့ ပါဝါချိန်ခွင်လျှာထိန်းညှိရေး တွက်ချက်မှုတွေဟာ အနာဂတ်အာရှ-ပစိဖိတ်မဟာဗျူဟာ ဟန်ချက်ညီရေး အတွက်ပဲဖြစ်ဖြစ်၊ အာရှ-ပစိဖိတ်မဟာဗျူဟာ ဟန်ချက် ပျက်ပြားမှုအတွက်ပဲဖြစ်ဖြစ် အရေးပါလိုအပ်လာပါတယ်။ လေးပွင့်ဆိုင်မဟာမိတ်ဖွဲ့စည်းမှုရဲ့ပြဿနာဟာ ဒီလို မဟာမိတ်ဖွဲ့စည်းမှုအပေါ် တရုတ်နိုင်ငံက ရန်စတယ်လို့ သတ်မှတ်ထားတာပါ။ ပြောရရင် လေးပွင့်ဆိုင်မဟာမိတ် ဖွဲ့စည်းမှုဟာ တောင်တရုတ်ပင်လယ်အတွင်း တရုတ် နိုင်ငံရဲ့ ရေပြင်စိုးမိုးရေး လုပ်ဆောင်ချက်တွေကို ထိန်းချုပ်နိုင်မယ့်အစား မီးထိုးတွန်းအားပေးသလိုပဲ ဖြစ်မှာပါ။
မကြာသေးခင်နှစ်တွေမှာ လေးပွင့်ဆိုင်မဟာမိတ် အဖွဲ့ဝင်လေးနိုင်ငံဟာ သူတို့နိုင်ငံအချင်းချင်းကြား ပူးတွဲရေကြောင်း စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်လုပ်လာ တာကို တွေ့ရပါတယ်။ အမျိုးမျိုးအဖုံဖုံသော ဒီအထင်ကရ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဟာ ပင်လယ်ရေကြောင်း လွတ်လပ်စွာသွားလာနိုင်မှုနဲ့ နိုင်ငံတကာရေပိုင်နက် အပေါ် လွတ်လပ်စွာ ပျံသန်းနိုင်မှုတို့ကို ကာကွယ်နိုင်ဖို့ ရည်ရွယ်တာပါ။ အိန္ဒိယနိုင်ငံဟာ အက်ဒမန် (Andaman)နဲ့ နီကိုဘာ (Nicobar) ကျွန်းတွေ ဝန်းကျင်မှာ ရှစ်ရက်ကြာ ပူးတွဲရေကြောင်းစစ်ရေး လေ့ကျင့်မှုဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်။ အက်ဒမန် နဲ့ နီကိုဘာကျွန်းစုတွေဟာ တောင်တရုတ်ပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာတို့ ဆုံစည်းရာမှာရှိတဲ့ ထိပ်တန်းမဟာဗျူဟာ မြောက်ကျွန်းစုတွေပါ။ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ စင်ကာပူနိုင်ငံအပါအဝင် နိုင်ငံ ၁၆ နိုင်ငံ ဟာ ဒီပူးတွဲရေကြောင်းစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်မှာပါ။
စိတ်ဝင်စားစရာကောင်းတာက ဒီ ၁၆ နိုင်ငံ ပူးတွဲ ရေကြောင်းစစ်ရေးလေ့ကျင့်မှုလုပ်မယ့် သတင်းထွက်ပေါ် လာတဲ့အချိန်ပါ။ တရုတ်နိုင်ငံနဲ့ အာဆီယံအဖွဲ့တို့က သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပူးတွဲစစ်ရေးလေ့ကျင့်မှု ကို ဒီနှစ်နှောင်းပိုင်းမှာ ပြုလုပ်မယ်ဆိုတဲ့သတင်း ထွက်ပေါ် ပြီးပြီးချင်းဆိုသလို ဒီ ၁၆ နိုင်ငံ ပူးတွဲရေကြောင်းစစ်ရေး လေ့ကျင့်မှုသတင်း ထွက်ပေါ်လာတာပါ။ မနှစ်ကဆိုရင် အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေဟာ မယ်လဘာ(Malabar) ဒေသဝန်းကျင်မှာ ပူးတွဲရေကြောင်း စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပါတယ်။ မယ်လဘာဒေသ ဆိုတာက အိန္ဒိယအနောက်ပိုင်း ဂတ်(Ghat)တောင်တန်း တွေနဲ့ အာရေးဗီးယားပင်လယ်ကြားက အိန္ဒိယနိုင်ငံ တောင်ပိုင်းဝန်းကျင်ဒေသကို ပြောတာပါ။ ဒီပူးတွဲစစ်ရေး လေ့ကျင့်မှုဟာ ရေငုပ်သင်္ဘောချေမှုန်းရေးအပေါ် အဓိက အာရုံစိုက် ဆောင်ရွက်ခဲ့တာပါ။ ပိုပြီးရှင်းအောင်ပြောရရင် တစ်နေ့ထက်တစ်နေ့ ပိုအားကောင်းလာတဲ့ တရုတ်နိုင်ငံ ရေတပ်ရဲ့ ပျော့ကွက်ကို ထိုးနှက်နိုင်ဖို့ အဓိကရည်ရွယ် ဆောင်ရွက်ခဲ့တာပါ။ လေးပွင့်ဆိုင်မဟာမိတ်အဖွဲ့ရဲ့ ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ သမိုင်းမှာ ဒုတိယအကြိမ် မြောက် ပြုလုပ်ခဲ့တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုပါ။ ရှေ့လာမယ့်နှစ်တွေမှာ ဒီလိုပူးတွဲစ
စ်ရေးလေ့ကျင့်မှုတွေ ကို နှစ်စဉ် ပုံမှန်ဆောင်ရွက်လာနိုင်ခြေရှိပါတယ်။
တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ ရေပြင်စိုးမိုးရေးကြိုးပမ်းမှုတွေအပေါ် တုံ့ပြန်နိုင်ဖို့ လေးပွင့် ဆိုင်မဟာမိတ်အဖွဲ့ဟာ စစ်ရေးအရ ပူးတွဲဆောင်ရွက်မှု တွေကို ပိုပြီးပြုလုပ်လာဖို့ရှိပါတယ်။ အမေရိကန်-ပစိဖိတ် ကွပ်ကဲရေးအကြီးအကဲ၊ ရေတပ်ဗိုလ်ချုပ်ကြီး ဟယ်ရီဟဲရစ် (Harry Harris)ကို သြစတြေးလျနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခန့်အပ်ဖို့ စီစဉ်ဆောင်ရွက်နေတာကလည်း ဒီလိုပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်ပြုလုပ်နိုင်ဖို့ ခတ်ကွင်းပြင်တဲ့သဘောပါ။ ရေတပ်ဗိုလ်ချုပ်ကြီး ဟယ်ရီဟဲရစ်ကို တရုတ်ဆန့်ကျင်ရေးသမားလို့ လူသိများ ကြတာပါ။ ရေတပ်ဗိုလ်ချုပ်ကြီး ဟယ်ရီဟဲရစ်ဟာ အမေရိကန်နိုင်ငံရဲ့ ကျယ်ပြန့်တဲ့ အင်ဒို-ပစိဖိတ် မဟာ ဗျူဟာကို အဓိကပုံဖော်ခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ ရေတပ်ဗိုလ်ချုပ်ကြီး ဟယ်ရီဟဲရစ်ဟာ ဂျပန်နွယ်ဖွား အမေရိကန်နိုင်ငံသားပါ။ အာရှဒေသမှာ ဒီမိုကရေစီနိုင်ငံတွေ ပိုပူးပေါင်းဆောင်ရွက် လာအောင်စည်းရုံးပြီး ဒေသတွင်းမှာ အမေရိကန်နိုင်ငံ ဦးဆောင်တဲ့ ဖက်ဒရယ်စနစ် တည်တံ့အောင်ပြုလုပ်ရမယ် လို့ ရေတပ်ဗိုလ်ချုပ်ကြီး ဟယ်ရီဟဲရစ်က စွဲစွဲမြဲမြဲ ယုံကြည် တာပါ။
အမေရိကန်နိုင်ငံဟာ ရေတပ်ဗိုလ်ချုပ်ကြီး ဟယ်ရီ ဟဲရစ်ရဲ့ ဦးဆောင်မှုအောက်မှာ သြစတြေးလျနိုင်ငံနဲ့ တခြား အဓိကမဟာမိတ်နိုင်ငံတွေက လွတ်လပ်စွာ ရေကြောင်းသွားလာနိုင်မှုပုံဖော်ရေး (Freedom of Navigation Operations-FONOPS)မှာ ပါဝင် ဆောင်ရွက်လာဖို့ နှိုးဆော်တွန်းအားပေးနေတာပါ။ ပြောရရင် ဒီပုံဖော်ဆောင်ရွက်မှုဟာ တောင်တရုတ်ပင်လယ် အတွင်း တရုတ်နိုင်ငံရဲ့ ပိုင်စိုးပိုင်နင်းလုပ်ရပ်တွေဆိုတာကို တုံ့ပြန်နိုင်ဖို့ ရည်ရွယ်ထားတာပါ။ ထိပ်တန်းသံတမန် ဖြစ်လာမယ့် ဟယ်ရီဟဲရစ်ဟာ လေးပွင့်ဆိုင် မဟာမိတ် အဖွဲ့တွေကြား စစ်ရေးပူးတွဲဆောင်ရွက်မှုတွေ ခိုင်မာလာဖို့ လေးလေးနက်နက် ကြိုးပမ်းဆောင်ရွက်မှာပါ။ ပြောရရင် ဟယ်ရီဟဲရစ်ရဲ့ အယူအဆဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး ဆုပ်ကိုင်ခဲ့တဲ့ ဒီမိုကရက်တစ် စိန်မဟာဗျူဟာ (Democratic Security Diamond)အပေါ် အခြေခံ ထားတာပါ။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ မဟာ ဗျူဟာက ဒီမိုကရစ်တစ်အာရှနိုင်ငံတွေ စုစည်းပြီး တရုတ် နိုင်ငံရဲ့ ရေကြောင်းပါဝါကို တုံ့ပြန်ဖို့ ရည်ရွယ်ချမှတ်ထား တာပါ။
ပြီးခဲ့တဲ့လတွေအတွင်း သမ္မတ ဒေါ်နယ်ထရန့်အစိုးရ အဖွဲ့ရဲ့ အရာရှိတွေ အာရှဒေသကို လာရောက်တဲ့အခါ ''အာရှပစိဖိတ်''ဆိုတဲ့ဝေါဟာရအစား ''အင်ဒိုပစိဖိတ်''ဆိုတဲ့ဝေါဟာရကိုပဲ တညီတညွတ်သုံးစွဲခဲ့ကြပါတယ်။ ဒါက အာဘေး-ဟဲရစ်ရဲ့ ပထဝီနိုင်ငံရေးအတွေးအခေါ်ကို အမေရိကန်အစိုးရအဖွဲ့ရဲ့ ထိပ်ပိုင်းက လက်ခံတာကို ဖော်ပြလိုက်တာပါ။ ပြောရရင် လေးပွင့်ဆိုင်မဟာမိတ်အဖွဲ့ ပြန်အသက်သွင်းရေးကို တွန်းအားပေးခဲ့တာက တရုတ် တစ်နိုင်ငံတည်းမဟုတ်ပါဘူး။ အာဆီယံအဖွဲ့က တောင် တရုတ်ပင်လယ်ပြင်လို အငြင်းပွားစရာကိစ္စတွေမှာ တရုတ် နိုင်ငံရဲ့မူဝါဒအတိုင်း လိုက်နာဆောင်ရွက်လာတာကလည်း အမေရိကန်နိုင်ငံနဲ့ သူ့ရဲ့ အဓိကမဟာမိတ်နိုင်ငံတွေအဖို့ စိတ်ပျက်ဒေါသထွက်စရာ ဖြစ်ခဲ့ရတာပါ။
ပြောရရင် အတိတ်ကာလက ဒေသတွင်းမှာ သြဇာ ကြီးတဲ့ နိုင်ငံကြီးတွေကြား သတိကြီးကြီးထားပြီး ပြောဆိုခဲ့ တယ်ဆိုပေမယ့် အကောင်းမြင်သဘောထားတစ်ရပ်တော့ ရှိခဲ့တာပါ။ ဒါကဘာလဲဆိုတော့ အရှေ့တောင်အာရှနိုင်ငံ တွေဟာ စုစုစည်းစည်းနဲ့ တရုတ်နိုင်ငံကို ရင်ဆိုင်နိုင်စွမ်းရှိပြီး တရုတ်နိုင်ငံက နိုင်ငံပေါင်းစုံ လက်တွဲဆောင်ရွက်ရေး လမ်းကြောင်းပေါ် ပိုရောက်လာအောင်၊ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် ပိုရောက်လာအောင် ဆောင်ရွက်နိုင်စွမ်း ရှိမယ်လို့ တွက်ဆထားတာပါ။ ဒါပေမယ့် အမေရိကန်လို အနောက်နိုင်ငံကြီးတွေရဲ့အမြင်မှာ တရုတ်နိုင်ငံဟာ အာဆီယံအဖွဲ့ကို မဟာဗျူဟာပြိုင်ဘက်နိုင်ငံကြီးတွေနဲ့ ဆက်ဆံရာမှာ အကာအကွယ်ဒိုင်းသဖွယ် အသုံးချလာ တာပါ။ ဖိလစ်ပိုင် သမ္မတ ဒူတာတေးက အာဆီယံအဖွဲ့ရဲ့ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့တဲ့ မနှစ်ကဆိုရင် ဒီအချက်က ပိုသိသာထင်ရှားလာပါတယ်။ ဖိလစ်ပိုင် သမ္မတ ဒူတာတေး က အမေရိကန်နိုင်ငံနဲ့ အနောက်နိုင်ငံကြီးတွေကို တရုတ် နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေကြား ဆက်ဆံရေးမှာ လက်ရှောင်ဖို့ သတိပေးခဲ့တာပါ။ ဒါဟာ တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေကြား နှစ်နိုင်ငံချင်း ညှိနှိုင်းရမယ့်ကိစ္စ ရပ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောဆိုခဲ့တာပါ။
တောင်တရုတ်ပင်လယ်အတွင်းမှာ ဘယ်လိုပဲ ပြဿနာတွေရှိရှိ ဒေသတွင်းအခြေအနေဟာ ယေဘုယျ အားဖြင့် တည်ငြိမ်နေတယ်လို့ စင်ကာပူနဲ့ အင်ဒိုနီးရှားလို အရေးကြီးတဲ့ အာဆီယံနိုင်ငံတွေက ခံယူထားတာပါ။ ဒီသဘောထားဟာ တရုတ်နိုင်ငံရဲ့သဘောထားနဲ့ တစ်ထပ်တည်းပါ။ တစ်ဖက်မှာ ဒေသတွင်းလုံခြုံရေး အပေါ် အမေရိကန်နိုင်ငံရဲ့ တာဝန်ယူမှုက မရေမရာဖြစ်နေ သလို တစ်ဖက်မှာလည်း တရုတ်နိုင်ငံကလည်း စီးပွားရေး မက်လုံးတွေပေး အကြီးအကျယ်စည်းရုံးနေတာမို့လို့ အာဆီယံနိုင်ငံတွေဟာ တရုတ်နိုင်ငံနဲ့ အဆင်ပြေပြေနေ နိုင်ရေးကိုပဲ ပိုလိုလားနေကြတာပါ။ ပြောရရင် လေးပွင့်ဆိုင် မဟာမိတ်အဖွဲ့က တရုတ်နိုင်ငံအပေါ် ဘယ်လောက် တုံ့ပြန်နိုင်စွမ်းရှိမလဲဆိုတာကလည်း မသေချာပါဘူး။ လေးပွင့်ဆိုင်မဟာမိတ်အဖွဲ့ကို ၂ဝဝဝ ပြည့်နှစ် အစော ပိုင်းကာလတွေကတည်းက ဖွဲ့စည်းဖို့ကြိုးစားခဲ့ပေမယ့် လက်တွဲဆောင်ရွက်မယ့် နိုင်ငံတွေကြား သဘောထား အမြင်အမျိုးမျိုးအဖုံဖုံ ကွဲပြားနေတာနဲ့ တရုတ်နိုင်ငံမှ ရမယ့် စီးပွားရေးအကျိုးအမြတ်တွေ ဆုံးရှုံးမှာကို စိုးရိမ် တဲ့စိတ်တွေကြောင့် လေးပွင့်ဆိုင်မဟာမိတ်အဖွဲ့ရဲ့ အနေအထားဟာ မရေမရာဖြစ်ခဲ့တာပါ။
သုံးသပ်ကြည့်မယ်ဆိုရင် အိန္ဒိယနိုင်ငံက အမေရိကန်နိုင်ငံရဲ့ တပည့်ဆိုတာမျိုး ဘယ်လိုမှအဖြစ် မခံနိုင်ပါဘူး။ သြစတြေးလျနိုင်ငံက တရုတ်နိုင်ငံနဲ့ ခိုင်မာတဲ့စီးပွားရေး မဟာမိတ်ဖွဲ့စည်းမှုကို အဆုံးအရှုံးမခံ နိုင်ပါဘူး။ အမေရိကန်နိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ကလည်း ပြည်တွင်းနိုင်ငံရေး အကောင်းအဆိုး အလှည့်အပြောင်းရဲ့ ဖိအားအောက်မှာ မလှုပ်နိုင်၊ မရှားနိုင် ခြေချုပ်မိသလို ဖြစ်နေကြတာပါ။ တရုတ်နိုင်ငံကတော့ လေးပွင့်ဆိုင် မဟာမိတ်အဖွဲ့ဟာ သူ့နိုင်ငံအပေါ် ပိတ်ဆို့ထိန်းချုပ်ရေး မဟာဗျူဟာပဲလို့ ဗြောင်ပဲပြောဆိုခဲ့တာပါ။ ပြောရရင် လေးပွင့်ဆိုင်မဟာမိတ်အဖွဲ့ဟာ တရုတ်နိုင်ငံကို တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့ အကြောင်းပြချက်ကောင်းတစ်ခုလို ဖြစ်နေတာပါ။ ဒေသတွင်း လုံခြုံရေးဖော်ဆောင်ရေးမှာ လေးပွင့်ဆိုင်မဟာမိတ်အဖွဲ့နဲ့ တရုတ်နိုင်ငံကြား ပြိုင်ဆိုင်မှုဟာ ဒေသတွင်း လုံခြုံရေးကိစ္စရပ်နဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ရဲ့ အခန်းကဏ္ဍကို အားနည်းစေမှာပါ။ ဒီလိုအနေအထားမျိုးမှာ အရှေ့တောင်အာရှနိုင်ငံတွေဟာ ရင်ဆိုင်ရတဲ့အခြေအနေတွေကို ကိုင်တွယ်နိုင်စွမ်း ရှိအောင် ပြင်ဆင်ဆောင်ရွက်မလား(ဒါမှမဟုတ်) အင်အားကြီးနိုင်ငံတွေရဲ့ ဒေသတွင်း မဟာဗျူဟာပြိုင်ပွဲ မှာ ဘေးကနေ လက်ပိုက်ကြည့်နေမလားဆိုတာကို ဆုံးဖြတ်ကြရတော့မှာပါ။ ။

No comments:

Post a Comment