Saturday, March 3, 2018

ကုသိုလ်ယူသူနှင့် အပန်းဖြေအနားယူသူများ၏ ပျော်ရွှင်ဖွယ် ရင်တွင်းစကားသံများ

Image may contain: 1 person, outdoor
တပေါင်းလပြည့်နေ့မှစပြီး ရုံးပိတ်ရက် လေးရက်ရသည့်အတွက် မိသားစုအလိုက် သော်လည်းကောင်း၊ မိတ်ဆွေအပေါင်းအသင်းအုပ်စုအလိုက် သော်လည်းကောင်း ပြည်ပသို့ သွားရောက်အပန်းဖြေမှုများနှင့် တစ်နိုင်ငံလုံးရှိ အပန်းဖြေရာ နေရာအသီးသီးသို့ သွားရောက်အပန်းဖြေနေကြသည့် သတင်း၊ ဓာတ်ပုံများကို သတင်းမီဒီယာများတွင် ယခုရက်များအတွင်း ဆက်တိုက်နီးပါး တွေ့မြင်နေရသည်။ နေပြည်တော်မှ အဝေးသို့သွားရောက်လည်ပတ် အပန်းဖြေကြသူများရှိသလို မိမိနေထိုင်ရာ အနီးဝန်းကျင်၌ အပန်းဖြေသူများဖြင့်လည်း နေပြည်တော် ဗုဒ္ဓဂယာ၊ ဥပ္ပါတသန္တိစေတီတော်၊ ရေပန်းဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ ငလိုက်အပန်းဖြေစခန်း၊ ငလိုက်သာဆင်စခန်းတို့ အပါအဝင် အပန်းဖြေရာနေရာများတွင် ကုသိုလ်ယူသူ၊ အပန်းဖြေအနားယူသူများကို မြင်တွေ့နေရသည်။ ပိတ်ရက်များ ဆက်တိုက်ရသည့်အတွက် စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းမှုများ ပြေပျောက်စေရန်အတွက် အပန်းဖြေကြသူများ၏ ပျော်ရွှင်ဖွယ် ရင်တွင်းစကားသံများကို ပြန်လည်ဖော်ပြအပ်ပါသည်။
ဒေါ်နုဝါလှိုင်(ခရေအိမ်ရာ၊ နေပြည်တော်)
ကျွန်မတို့က နေပြည်တော်မှာနေတာပါ။ အဒေါ် တွေက ရန်ကုန်ကနေရောက်နေကြတော့ သူတို့လည်း ဒီငလိုက်သာဆင်စခန်းကို ရောက်ဖူးချင်ကြတယ်လေ။ ဒါကြောင့် သူတို့ကို လိုက်ပို့ရင်းနဲ့ ရောက်ဖြစ်တာပါ။တစ်ခါ မှ မရောက်ဖူးပါဘူး။ ရုပ်မြင်သံကြားမှာတော့ ကြည့်ဖူး ပါတယ်။ ဒီဆင်စခန်းကိုရောက်တော့ တောလမ်းသဘာဝ လေးအတိုင်း ဝင်လာရတော့ စိတ်ထဲမှာ အေးချမ်းသွား တယ်။ အမေနဲ့သားလည်း ပါတဲ့အတွက် အလွန်ပျော်မိ တယ်။ ကျွန်မတို့လို မိသားစုရှိတဲ့သူတွေ သားသမီးတွေရဲ့ ကျောင်းပိတ်ရက်တွေမှာ ဒီကိုလာရောက်လည်ပတ်စေ ချင်တယ်။ ပျော်ရွှင်အေးချမ်းမှုရမယ်လို့ ပြောချင်ပါတယ်။
ဒေါ်တင်တင်ထွေး(အငြိမ်းစားကျောင်းဆရာမ၊ အင်းစိန်မြို့နယ်)
အန်တီ့ညီမက ပုဗ္ဗသီရိမြို့နယ်မှာ နေတာပါ။ သူက ငလိုက်သာဆင်စခန်းကို တီဗွီကနေ ကြည့်ပြီးတော့ သာယာတယ်ဆိုပြီး အန်တီ့ကို အတင်းခေါ်တာပါ။ သူငယ်ချင်းလည်းရှိတော့ အန်တီလည်း ဒီကိုလာဖြစ်သွား တာပါ။ အန်တီတို့က နှစ် ၃ဝ လုံးလုံး နိုင်ငံ့ဝန်ထမ်း လုပ်ခဲ့တာပါ။ တခြားသူငယ်ချင်းတွေကို ပြောခဲ့တယ်။ ငါရှေ့ပြေးသွားလိုက်မယ်လို့ပြောပြီး ရောက်လာတာပါ။ တခြားသူငယ်ချင်းတွေက နေပြည်တော်မှာ လည်စရာ သိပ်မရှိဘူးလို့ ထင်ကြတယ်။ အန်တီကတော့ ဆင်စခန်း အပြင် ဘုရားတွေအများကြီးလည်း ဖူးပြီးပြီ။ နောက်တစ်ခါ သူငယ်ချင်းတွေကိုခေါ်ပြီး ထပ်လာဦးမှာပါ။
ဒေါ်ခင်အေးမြင့်(ပုဗ္ဗသီရိမြို့နယ်)
ဒီငလိုက်သာဆင်စခန်းကို နယ်ကသူငယ်ချင်းတွေ ရောက်လာတော့ သွားပြီးလေ့လာ အပန်းဖြေကြမယ်ဆိုပြီး ရောက်လာတာပါ။ တစ်ခါမှလည်း မရောက်ဖူးပါဘူး။ ဒီရောက်တော့ သာယာတာတွေ့တော့ ကျန်တဲ့သူငယ်ချင်း တွေကို ဖုန်းဆက်ပြီး လာဖို့လှမ်းပြောနေတာပါ။ ဒီမှာ တောရိပ်တောင်ရိပ်တွေနဲ့ဆိုတော့ တော်တော်သာယာ တယ်။ ကမ်းခြေလေးလည်းရှိတော့ အပန်းဖြေရတာ တော်တော်လေးစိတ်ချမ်းသာမှုရပါတယ်။ အခြားသူတွေကို လည်း လာရောက်အပန်းဖြေကြဖို့ သတင်းစကားပါးဖြစ်မှာ ပါ။
မဝါဝါလွင်(ဝန်ထမ်း)
သမီးက ဇာတိက မုံရွာကပါ။ နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေပါတယ်။ ပို့ဆောင်ရေးနဲ့ ဆက်သွယ် ရေးဝန်ကြီးဌာနက ဖြစ်ပါတယ်။ ရုံးပိတ်ရက် ရက်ရှည်ဆို ပေမယ့် အိမ်မပြန်ဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရင် ကတည်းက ငလိုက်သာဆင်စခန်းကို လာမယ်ဆိုပြီး အားခဲ ထားတာရှိတယ်။ တစ်ခေါက်မှလည်း မရောက်ဖူးဘူးလေ။ ဒီရောက်တော့ အလွန်ပျော်သွားတယ်။ ဆင်လည်းစီးတယ်။ ဆင်တွေကိုလည်း အစာကျွေးတယ်။ ဒီရောက်တော့ သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး လာလည်ကြဖို့ ပြောလိုက် တယ်။ နေပြည်တော်မှာ လည်စရာတွေအများကြီးရှိတယ်။ လာကြပါလို့လည်း ဖိတ်ခေါ်ချင်ပါတယ်။
မနုနုအောင်(တောင်ငူ)
သမီးက ပထမ ဘားအံကို သွားဖို့ပါ။ နောက်တော့ အလုပ်ကိစ္စလေးရှိတာကြောင့် မသွားဖြစ်တော့ဘူးလေ။ အစက နေပြည်တော် ငလိုက်သာဆင်စခန်းမှာ ဒီလောက် ပျော်စရာကောင်းပြီး သာယာမယ်လို့မထင်ဘူး။ ဒီရောက် တော့ အတော်ပျော်သွားတယ်။ လာလည်ဖြစ်တာ မှန်သွား တယ်လို့ ပြောလို့ရပါတယ်။ ပိတ်ရက်ရှည်တွေ ရောက်တိုင်း လည်ပတ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက်ကဆိုရင် ပြင်ဦးလွင် ရောက်ပါတယ်။ ဒီတစ်ခေါက် ဆင်စခန်းရောက်တာပါ။
ဦးမင်းစိုး(ယာဉ်မောင်း-၄၊ နေပြည်တော် တောင်ပိုင်း သစ်ထုတ်လုပ်ရေးဒေသ၊ ငလိုက်သာဆင်စခန်း)
ငလိုက်သာဆင်စခန်းကို လာတဲ့သူတွေကို တစ်ယောက် ဝင်ကြေး ၁ဝဝဝ ကျပ် ကောက်ခံပါတယ်။ ကားပါကင်ကြေးရယ်လို့တော့ ကောက်ခံတာမရှိပါဘူး။ ငလိုက်သာဆင်စခန်းကိုရောက်ရင် အမောပြေ၊ အပန်းပြေ အနေနဲ့ ဆင်စီးလို့ရပါတယ်။ ဆင်စီးတာကိုတော့ တစ်ယောက်ကို ငွေကျပ် ၃ဝဝဝ ယူပါတယ်။ တောထဲတစ်ပတ် ပတ်ပေးပါတယ်။ ဒီနေ့ဆိုရင် တောင်သူလယ်သမားနေ့ ဖြစ်လို့ လူဝင်များပါတယ်။ မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်း လာရောက်အပန်းဖြေသူများပါတယ်။ ကြားရက်တွေမှာ တော့ လူဝင်နည်းပါတယ်။ ဆင်စခန်းကို မနက် ၆ နာရီက နေ ညနေ ၆ နာရီအထိတော့ ဖွင့်ပေးထားပါတယ်။ မနက် ၆ နာရီဆိုရင် ဆင်တွေကိုကောက်တယ်။ လာတဲ့သူတွေက ဆင်စာကျွေးကြတယ်။ အပန်းဖြေတဲ့သူတွေ စားသောက် လို့ရအောင် စားသောက်ဆိုင်လေးလည်း ဖွင့်ပေးထားပါ တယ်။ ငလိုက်အပန်းဖြေဟိုတယ်နဲ့ ဆင်စခန်းနဲ့က ရေခြားနေပါတယ်။ ဟိုတယ်မှာ တည်းတဲ့သူတွေလည်း စက်လှေစီးပြီးတော့ ဒီဆင်စခန်းကို လာရောက်လည်ပတ်ကြ ပါတယ်။ အနယ်နယ်အရပ်ရပ်လူတွေလည်း ငလိုက်သာ ဆင်စခန်းကို လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်ချင်ပါ တယ်။
သတင်း-မီမီဖြိုး၊ ဓာတ်ပုံ-အေးသန်း

No comments:

Post a Comment