Saturday, March 3, 2018

သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှသည် ပြုပြင်ကြိတ်ခွဲ၊ ထုပ်ပိုးပြီး ဈေးကွက်တွင် ရောင်းချသည်အထိလုပ်ငန်းစဉ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်မှ လယ်ယာကဏ္ဍကြီး တိုးတက်လာမည်ဖြစ်

Image may contain: 4 people, people standing and crowd
တောင်သူလယ်သမားစကားဝိုင်းကို ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်တွင် ကျင်းပ
နေပြည်တော် မတ် ၂
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ဇီးကုန်းကျေးရွာအုပ်စု ဇီးဖြူကုန်း လမ်းဆုံတွင် ယနေ့နံနက် ၉ နာရီက တောင်သူလယ်သမားစကားဝိုင်းကို ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် နှင့် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးအောင်ဇော်နိုင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တောင်သူ လယ်သမားများ ရွေးချယ်တင်မြှောက်ထားသည့် တောင်သူလယ်သမား ကိုယ်စားလှယ်များ ဦးသိန်းအောင်၊ ဦးညိုဝင်း၊ ဦးသန်းထွန်း၊ ဦးစိုးအေး၊ ဦးသန်းဝင်းနှင့် ဦးသိန်းဇော်၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး မှ တောင်သူလယ်သမားများ စုစုပေါင်း ၁၅ဝဝဝ ကျော် တက်ရောက်ကြသည်။
အစီအစဉ်အရ တောင်သူလယ်သမားစကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြ သည့် တောင်သူလယ်သမားကိုယ်စားလှယ်များက တစ်ဦးချင်းမိတ်ဆက်စကားနှင့် ဆွေးနွေးချက်အကြောင်းအရာများအလိုက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက စိုက်ပျိုးရေးကို အခြေခံသည့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် တောင်သူ လယ်သမားများအပါအဝင် လယ်ယာကဏ္ဍတွင် ဆက်နွှယ်ပတ်သက်သူအားလုံး၏ တာဝန်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ် များကို ရေးဆွဲချမှတ်ထားပြီး ဖြစ်ပါကြောင်း။
ချမှတ်ထားသည့် မူဝါဒများထဲတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ထုတ်လုပ်မှုစွမ်းအားမြင့်မားလာရေး၊ လုပ်ကွက်ငယ်တောင်သူလယ်သမားများ ဝင်ငွေတိုးတက်စေရေး၊ ဘေးကင်းပြီး အာဟာရပြည့်ဝသည့် စားနပ်ရိက္ခာများ ထုတ်လုပ်ရေး၊ လယ်ယာထုတ်ကုန်များ ပြည်ပသို့ တိုးတက်တင်ပို့နိုင်ရေး၊ ကျေးလက်ဒေသ လူမှုစီးပွားဘဝတိုးတက်စေရေးတို့ ပါဝင် ပါကြောင်း။
တောင်သူလယ်သမားများ စိုက်ပျိုးစရိတ် အရင်းအနှီး အထောက်အကူဖြစ်စေရန်၊ လယ်ယာထွက်ကုန်များ မျှတ သည့်ဈေးနှုန်းဖြင့် ခိုင်မာသော ဈေးကွက်ရရှိစေရန်၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက် မှုများကို ကူညီထောက်ပံ့ပေးရန် ရည်ရွယ်ချက်များဖြင့် ''တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေနှင့်နည်းဥပဒေ''ကို ရေးဆွဲ ပြဋ္ဌာန်းပြီး ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် လုပ်ကွက်ငယ် တောင်သူ လယ်သမားများ အပါအဝင် စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူ များ၏ လူမှုစီးပွားဘဝမြင့်မားလာရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိရာတွင် မူဝါဒ၊ ဥပဒေ၊ လုပ်ငန်းစဉ်များနှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း။
သီးနှံစိုက်ပျိုးထုတ်လုပ်မှုတွင် အရည်အသွေးကောင်း သီးနှံများရရှိရန်အတွက် မျိုးကောင်းမျိုးသန့် သုံးစွဲရန် လိုအပ်ပါကြောင်း၊ လိုအပ်သည့် သီးနှံမျိုးစေ့များ လုံလုံ လောက်လောက်ရရှိနိုင်ရန် တောင်သူအစုအဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ မျိုးစေ့ထုတ်သမဝါယမအသင်း များနှင့် ဆောင်ရွက်လျက်ရှိရာတွင် ယခုနှစ်အတွင်း စပါး မျိုးစေ့ထုတ်ဧရိယာ ၇ဝဝဝဝ ခန့် စိုက်ပျိုးပြီး မျိုးစေ့ အထွက်တင်း ငါးသန်းကျော် ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ တစ်ဖက်တွင်လည်း ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် လယ်ယာသီးနှံများ အရည်အသွေးကောင်းမွန်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို ထုတ်ပြန်ပညာပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူလယ်သမားများ အနေဖြင့် ပိုမိုပူးပေါင်း ဆောင်ရွက်သွားရန်လည်း တိုက်တွန်း လိုပါကြောင်း။
တောင်သူလယ်သမားကြီးများ အနေဖြင့်လည်း ဘေးကင်းပြီး အရည်အသွေးကောင်းသည့် သီးနှံများကို ရရှိရန်အတွက် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးစသည့် ဓာတုဆေးဝါးများ အသုံးပြုရာတွင် ဥပဒေနှင့်အညီ စနစ် တကျ မှတ်ပုံတင်ရောင်းချသည့် ဆေးဝါးများကို ပါရှိသည့် အညွှန်းများအတိုင်း လိုက်နာသုံးစွဲကြရန် တိုက်တွန်းလိုပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အန္တရာယ်ရှိသည့်၊ အရည်အသွေးမပြည့်မီသည့် ဓာတုဆေးဝါးများ ရောင်းချ ဖြန့်ဖြူးမှုများကို ပိုးသတ်ဆေးဥပဒေ၊ မြေသြဇာဥပဒေများ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း။
လက်ရှိ ရင်ဆိုင်နေကြရသည့် လယ်ယာလုပ်သား ရှားပါးလာမှု၊ လုပ်ခမြင့်တက်လာမှုများကြောင့် လယ်ယာ လုပ်ငန်းခွင် မထိခိုက်စေရန် စက်ကိရိယာများကို ပိုမိုသုံးစွဲ ရန် ဝန်ကြီးဌာနအနေဖြင့် တွန်းအားပေးဆောင်ရွက်လျက်ရှိ ပါကြောင်း၊ တောင်သူများ သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် သုံးနှစ် ခြောက်ရစ်ပြန်ဆပ်သည့်စနစ်ဖြင့် လယ်ယာသုံး စက်ကိရိယာများ ဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိရာ တွင် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလကုန်အထိ ထွန်စက်ကြီး အစီး ၁၃၂ဝ၊ ရိတ်သိမ်ြးေ>ွခလှေ့စက် ၅၇ စီးကို တောင်သူ များထံသို့ ရောင်းချပေးခဲ့ပြီး တောင်သူများ စက်ကိရိယာ များကို ကိုယ်တိုင်မောင်းနှင် ပြင်ဆင်ထိန်းသိမ်းနိုင်စေရန် သင်တန်းများကိုလည်း ပို့ချပေးလျက်ရှိပါကြောင်း။
ဒေသအသီးသီးတွင် စိုက်ပျိုးထုတ်လုပ်နေကြသည့် တောင်သူလယ်သမားများအနေဖြင့် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုကြောင့် ထိခိုက်ဆုံးရှုံးရမှုများ လျော့နည်းစေ ရေးအတွက် လိုက်လျောညီထွေဖြစ်မည့် သီးနှံနှင့် သီးနှံပုံစံ၊ စိုက်စနစ်များကို ပြောင်းလဲဆောင်ရွက်သွားနိုင်ရေး အတွက် တောင်သူပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း။
သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှသည် ပြုပြင်ကြိတ်ခွဲ၊ ထုပ်ပိုးပြီး ဈေးကွက်တွင် ရောင်းချသည်အထိ လုပ်ငန်းစဉ် တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်မှ လယ်ယာကဏ္ဍကြီး တိုးတက် လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများ ဆွေးနွေးစကား ပြောကြားသည်။
ဆွေးနွေးစကားဝိုင်းတွင် တောင်သူလယ်သမား ကိုယ်စားလှယ်များက အတိုးနည်း နှစ်ရှည်ချေးငွေရရှိရေးနှင့် လိုအပ်မှုအကြောင်းအရာများကို လည်းကောင်း၊ စိုက်ပျိုး ရေး သွင်းအားစုမြေသြဇာ၊ စက်ယန္တရားများ၏ အရည် အသွေးကို လယ်သမားကိုယ်စားလှယ်များက စစ်ဆေးခွင့် နှင့်ပတ်သက်၍လည်းကောင်း၊ လယ်ယာမြေ အငြင်းပွား မှုနှင့် မြေလွတ်၊ မြေရိုင်း၊ မြေနု ခွဲဝေခြင်းများကို ဥပဒေ နှင့်အညီ လုပ်ဆောင်ပေးခြင်းဆိုင်ရာများကို လည်းကောင်း၊ လယ်သမားများ၏ ကိုယ်စားလှယ်များက တင်ပြလာမှုကို သက်ဆိုင်ရာအစိုးရမှ အသိအမှတ်ပြုပေးခြင်းဆိုင်ရာများ ကို လည်းကောင်း၊ လယ်ယာထွက်ကုန်များကို ပြည်တွင်း ပြည်ပ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်ရရှိရေးနှင့် ပတ်သက်၍လည်းကောင်း၊ လယ်ယာလုပ်ငန်းခွင် အခက် အခဲများ ဖြေရှင်းပေးနိုင်သည့် ကာကွယ်ရေးဥပဒေ ပေါ်ပေါက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း တင်ပြဆွေးနွေးကြသည်။
ထို့နောက် တောင်သူလယ်သမားစကားဝိုင်း ဆွေးနွေးချက်များကို အဆိုတင်သွင်းရာ အခမ်းအနား တက်ရောက်လာကြသူများက ထောက်ခံခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက် လာကြသူများသည် တောင်သူများအား အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည့် ကုမ္ပဏီများမှ ခင်းကျင်းပြသထားသော လယ်ယာသုံးစက်ကိရိယာများကို လှည့်လည်ကြည့်ရှု အားပေးကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment