Thursday, March 29, 2018

မုဒြာရဲ့ခေါ်သံ(သို့မဟုတ်) မြန်မာအကြောင်းပြောသောရုပ်ရှင်

Image may contain: 2 people, people smiling, people sitting and outdoor
ဆွေဇင်နေမင်း
ရုံတင်ရက်မရောက်ခင်ကတည်းက ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေသည့် ''မုဒြာရဲ့ခေါ်သံ'' (Mudras Calling) ရုပ်ရှင်ကို သွားကြည့်ဖြစ်ခဲ့သည်။နိုင်ငံတကာရုပ်ရှင်ပွဲတော်များတွင် ပြသခွင့်ရ ရုပ်ရှင်ဖြစ်သည့်အပြင် ဆုရမှတ်တမ်းများလည်းရှိနေသည်မို့ မကြည့်မဖြစ် စောင့်ကြည့်သင့်သော ရုပ်ရှင်ဇာတ်ကားတစ်ကားဟု ညွှန်းဆိုရပါမည်။ ရုံတင်ပြီးနောက်ပိုင်း ရက်အနည်းငယ်အတွင်း လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြခံရမှုအများဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်လာခဲ့ပြီး ကြည့်ရှုသူပရိသတ်များ၏ ချီးကျူးစကားသံများကို လက်ခံရရှိသောဇာတ်ကားလည်း ဖြစ်သည်။
''မုဒြာရဲ့ခေါ်သံ'' သည် ဒါရိုက်တာ ခရစ္စတီးနားခီ ၏ ပွဲဦးထွက်လက်ရာ ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ သို့သော်လည်း မြန်မာ့ရုပ်ရှင်ပိတ်ကားသို့ ဥပါယ်တံမျဉ် ရုပ်ရှင်အပြီး ဒုတိယတင်ဆက်မှုအနေဖြင့်သာ ရောက်ရှိခွင့်ရခဲ့သည်။ တစ်နည်းအားဖြင့် ပရိသတ်များ၏ ဝန်းရံမှုကြောင့် ရုံပေါ်သို့ ရောက်ရှိလာသော ရုပ်ရှင်ဇာတ်ကားဟု ဆိုရမည်။
ဇာတ်လမ်းကို အပိုင်းခွဲကြည့်သည့်အခါ အဓိကတည်နေရာ သုံးခုနှင့် ဇာတ်လမ်းအကြောင်းအရာ သုံးခုပါဝင်နေပြီး ဇာတ်လမ်းအပိုင်းတစ်ခုစီ တိုင်းတွင် ပရိသတ်အာရုံကိုဆွဲခေါ်နိုင်မည့် ဇာတ်တက်ပိုင်း (climax) တစ်ခုစီပါဝင်နေသည်ကို သတိထားမိခဲ့သည်။ ဇာတ်လမ်းအပိုင်းတစ်ခုနှင့် တစ်ခု၏ ဆက်စပ်မှုနောက်တွင် ဇာတ်လမ်း၏အကြောင်းအရာပါ ပိုမိုကျယ်ပြန့်လာပြီး ပရိသတ်၏စိတ်ဝင်စားမှုအရှိန်ကို ဖြည်းဖြည်းချင်း မြင့်တက် လာစေသည်။
ဇာတ်လမ်း၏ ပထမပိုင်းတွင် အဓိကဇာတ်ကောင်ဂျေဒန် (Jaden William)နှင့် နှင်းသူဇာတို့၏ တွေ့ဆုံမှုများကို ကြည့်ရှုခံစားရသည်။ ဘာသာတရားပေါ် သက်ဝင်ယုံကြည်မှုရှိသော မြန်မာမလေး နှင်းသူဇာနှင့် ဘာသာမဲ့တစ်ဦးဖြစ်သူ ဂျေဒန်တို့ကြားက နားလည်မှုအလွဲများသည် ပရိသတ်ကို ပြုံးရယ်စေသည်။
ဘာသာတရားနှင့် လူနေမှုစနစ်ကြားက ဆက်နွှယ်မှုများ၊ ပုဂံနံရံဆေးရေးပန်းချီများ၊ ပုဂံခေတ် ဂီတ၊ အကအလှများကို ဆက်စပ်ဖော်ပြထားသည့် ပုဂံဒေသ၏ ဇာတ်ဝင်ခန်းများတွင် ဇာတ်ဆောင် နှစ်ဦး၏ အတွေးများနှင့် ခံစားမှုများမှတစ်ဆင့် ပရိသတ်စိတ်ဝင်စားစေရန် ရိုက်ကူးတင်ပြထားသည်။
အထူးသဖြင့် သုဝဏ္ဏသာမဇာတ်ကို ပြောပြနေသည့် ဇာတ်ဝင်ခန်းတွင် ရုပ်သေးအနုပညာကိုအသုံးချ၍ ပရိသတ်စိတ်ကို ငြီးငွေ့မှုမဖြစ်စေရန် ရိုက်ကူးတင်ဆက်ထားခြင်းကြောင့် ဒါရိုက်တာ ခရစ္စတီးနားခီ၏ ဇာတ်လမ်းဖန်တီးမှုနှင့် တင်ဆက်ပြသမှု အရည်အသွေးကို ရုပ်ရှင်ကြည့်နေစဉ် အသိအမှတ်ပြု ချီးကျူးမိသည်။
ဇာတ်လမ်း၏ ဒုတိယအပိုင်းနှင့် တတိယအပိုင်းတွင် မန္တလေးဒေသပတ်ဝန်းကျင်နှင့် အင်းလေးဒေသပတ်ဝန်းကျင်များကို ကြည့်ရှုခံစားရပြီးဒေသတစ်ခုချင်းစီ၏ အထင်ကရပုံရိပ်များကို အလေးပေးထည့်သွင်းထားသည်။ သတိထားမိသည်က မန္တလေးဇာတ်ဝင်ခန်းများတွင် ဇာတ်ဆောင် နှစ်ဦး၏ သွားလာရေးအတွက် မန္တလေးပုံရိပ်တစ်ခုဖြစ်သော စက်ဘီးများကို အသုံးပြုရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ရုပ်ရှင်ကြည့်နေစဉ် သတိထားမိသော အချက်တချို့ရှိပါသည်။ ၎င်းတို့မှာ အကယ်ဒမီ ဆွေဇင်ထိုက် မိတ်ဆက်ပြောပြပေးသည့် မြန်မာမုန့်များ၏ အရသာအကြောင်း၊ ထန်းတောထဲတွင် မြင်ရသည့် ထန်းတက်သမားတို့၏ အလေ့အထမြင်ကွင်းနှင့် ဂျေဒန် မြည်းစမ်းခဲ့သော ထန်းရည်အချိုအကြောင်းများ ဖြစ်သည်။ ထို့ပြင် ဂျေဒန်သည် ကပြားဖြစ်သည်ဟု ဖော်ပြထားခြင်းကြောင့် မြန်မာပြည်တွင် လူမျိုးစုများရှိကြောင်း ရုပ်ရှင်က ဖော်ပြလိုဟန်ရှိသည်ဟု ချဲ့ကားတွေးတောမိခဲ့သည်။
ဇာတ်လမ်းကပေးထားသည့် အကြိုက်ဆုံးအချက်ကို ဆွဲထုတ်ဖော်ပြရလျှင် ''ယုံကြည်မှုတစ်ခုနှင့် သစ္စာတိုင်တည်သောအခါ ထိုသစ္စာတရား၏ အကျိုးကိုခံစားခွင့်ရရှိသည်'' ဟူသောဖော်ပြချက် ဖြစ်သည်။
ဇာတ်လမ်းအကြောင်းပြောပြီးသောအခါ ဇာတ်ဆောင်များအကြောင်း အနည်းငယ်ပြောကြည့်ချင်ပါသည်။ အဓိကဇာတ်ဆောင်အဖြစ် သရုပ် ဆောင် ဇဏ်ခီက ပါဝင်ထားပြီး မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ဂျေဒန်ဝီလျံအဖြစ် ဇာတ်ကား စ၊ လယ်၊ အဆုံးအထိ အင်္ဂလိပ်ဘာသာစကားဖြင့်သာ သရုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
ဇဏ်ခီသည် ပထမဇာတ်ကားဖြစ်သော ဥပါယ်တံမျဉ်ရုပ်ရှင်မှ မင်းထက် ဇာတ်ကောင်စရိုက်ထက် ဂျေဒန် ဇာတ်ကောင်စရိုက်နှင့် ပိုမိုလိုက်ဖက်မှု ရှိသည်ကို တွေ့ရသည်။ မင်းထက်ဇာတ်ဆောင်စရိုက်ကို ပုံဖော်စဉ်က မြန်မာစကား လေယူ၊ လေသိမ်း၊ အတက်၊ အကျများတွင် လိုအပ်ချက် ရှိသည်ဟု ထင်မြင်မိပြီး တချို့ဇာတ်ဝင်ခန်းများ၌ စကားပြောဟန်သည် မျဉ်းဖြောင့်တစ်ကြောင်းကဲ့သို့ တန်းနေသည်ဟု ခံစားမိခဲ့သည်။
ထိုရုပ်ရှင်ထဲတွင် အဓိကဇာတ်ကောင် နှင်းသူဇာအဖြစ် သရုပ်ဆောင်ပေးသော လှယဉ်ကျေးအကြောင်း ဆက်ပြောကြည့်ချင်သည်။ မျက်နှာသစ် သရုပ်ဆောင်တစ်ဦး ဖြစ်သော်လည်း ပရိသတ်အာရုံကို ဖမ်းယူနိုင်ခဲ့သော သရုပ်ဆောင်ကောင်းတစ်ဦးအဖြစ် ရှုမြင်မိသည်။ ပျော့ပျောင်းနူးညံ့သော ကဟန်များ၊ မြန်မာမိန်းကလေးတစ်ဦး၏ ဣနြေ္ဒရှိသောအလှနှင့် ဆင်ခြင်တုံတရား၊ ပညာတတ်မိန်းကလေးတစ်ဦး၏ လိမ္မာပါးနပ်မှုများကို ပီပြင်အောင် သရုပ်ဆောင် ပြသနိုင်ခဲ့သည်။ ထို့ကြောင့် မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ကိုကြည့်ပြီးသောအခါ ဒါရိုက်တာ ခရစ္စတီးနားခီ၏ ဇာတ်ဆောင်ရွေးချယ်မှု အတတ် ပညာကို ချီးကျူးလေးစားမိခဲ့သည်။
ထို့ပြင် ဇာတ်လမ်းတွင် ပါဝင်သူ ဇာတ်ကောင်တိုင်းသည် ဇာတ်လမ်း၏အရွေ့ကို သယ်ဆောင်ပေးနိုင်ကြသည်။ ယင်းကြောင့် ဇာတ်ဆောင်တစ်ဦး ချင်းစီတိုင်းသည် ဇာတ်လမ်း၏ အရေးပါသောဇာတ်ကောင်များဖြစ်လာပြီး ပါဝင်သရုပ်ဆောင်သူ ဇာတ်ပို့အားလုံးအတွက် ပရိသတ်တစ်ဦးအနေဖြင့် ရုပ်ရှင်ကြည့်ရင်း ကျေနပ်ပီတီဖြစ်ခဲ့ရသည်။
နိဂုံးချုပ်ဆိုရလျှင် မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားသည် နိုင်ငံတကာရုပ်ရှင်ဇာတ်ကားများနှင့် နှိုင်းယှဉ်ပါက အကောင်းဆုံးအရည်အသွေးဖြင့် ပွဲထွက်လာသော ရုပ်ရှင်တစ်ကားမဟုတ်သော်လည်း နိုင်ငံတကာရုပ်ရှင်နယ်ပယ်တွင် စတင်ခြေချခွင့်ရခဲ့သော မြန်မာ့ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ တစ်နည်းဆိုရလျှင် နိုင်ငံတကာအသိုင်းအဝိုင်းတွင် မြန်မာအကြောင်းပြောပြသော မြန်မာ့ရုပ်ရှင်ဇာတ်ကားဖြစ်သည်ဟု ဆိုချင်ပါသည်။

No comments:

Post a Comment