Thursday, March 29, 2018

မြောက်ကိုရီးယားမှာ သွားရောက်ဖျော်ဖြေမယ့် ဆိုးဟွန်

Image may contain: 1 person
ကျော်ကြားတဲ့ ကေပေါ့ပ်တေးသံရှင်တစ်ဦး ဖြစ်ပြီး သရုပ်ဆောင်တစ်ဦးအဖြစ်လည်း အောင်မြင်နေတဲ့ ဆိုးဟွန်ဟာ မြောက်ကို ရီးယားမှာ ကျင်းပသွားမယ့် ဖျော်ဖြေပွဲ မှာတော့ တောင်ကိုရီးယားတေးသံရှင် တစ်ဦးအဖြစ် သွားရောက်ဖျော်ဖြေမှာ ဖြစ်ပါတယ်။ တောင်ကိုရီးယား အနုပညာရှင်အဖွဲ့နဲ့အတူ သွားရောက် ဖျော်ဖြေမှာဖြစ်ပြီး ဆိုးဟွန်နဲ့အတူ ''Red Velvet''တေးဂီတအဖွဲ့လည်း လိုက်ပါဖျော်ဖြေမှာ ဖြစ်ကြောင်း ကိုရီးယားဘိုးဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။
''Girls' Generation''ရဲ့ အဖွဲ့ဝင် တစ်ဦးအဖြစ် အနုပညာခရီးစတင်လာခဲ့တဲ့ ဆိုးဟွန်ဟာ လက်ရှိမှာတော့ အဖွဲ့ကနေ နုတ်ထွက်လိုက်ပြီး တစ်ကိုယ်တော်တေးသံရှင်တစ်ဦးအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ အဓိက ဇာတ်ဆောင်မင်းသမီးအဖြစ်လည်း ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်ခွင့်ရခဲ့ပြီး ထူးချွန်ဆုတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒေသတွင်းမှာသာမက အာရှမှာ အလွန်ကျော်ကြားတဲ့ ဆိုးဟွန်ဟာ မြောက်ကိုရီးယားဖျော်ဖြေပွဲမှာ ပါဝင် ဖျော်ဖြေရုံသာမက အစီအစဉ်တင်ဆက်သူအဖြစ်လည်း ပါဝင်သွားမှာ ဖြစ်ပါ တယ်။ ဆိုးဟွန်ဟာ တောင်ကိုရီးယားရော မြောက်ကိုရီးယားမှာပါ ပရိသတ်တွေ အထူးနှစ်သက်အားပေးတဲ့ ကြယ်ပွင့်တစ်ဦးဖြစ်တာကြောင့် ယခုလို ပါဝင်ခွင့် ရခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီလိုဖျော်ဖြေခွင့်ရခဲ့တာနဲ့ပတ်သက်ပြီး ဆိုးဟွန်က မကြာသေးမီက ပြုလုပ် ခဲ့တဲ့ ရုပ်သံအင်တာဗျူးတစ်ခုမှာ သူ့ရဲ့ခံစားချက်တွေကို ရင်ဖွင့်ခဲ့ပါတယ်။ ဆိုးဟွန်က ''ဒီဖျော်ဖြေပွဲရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ တကယ့်ကိုအရည်အချင်းရှိတဲ့ အနုပညာရှင်ကြီးတွေနဲ့ တွဲဖက် ဖျော်ဖြေရမှာဖြစ်တဲ့အတွက်လည်း အလွန်ကို စိတ်လှုပ်ရှားမိပါတယ်''လို့ ဖြေကြားခဲ့ပါတယ်။ ဆိုးဟွန်ဟာ အဆိုပါဖျော်ဖြေပွဲမှာ မြောက်ကိုရီးယား တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ ''Blue Willow Tree''ကို သီဆိုဖျော်ဖြေသွားဖို့ရာ စီစဉ်ထားကြောင်းလည်း သိရပါတယ်။ ဆက်လက်ပြီး ဆိုးဟွန်က သူ့အနေနဲ့ တာဝန်ကြီးကြောင်းနဲ့ အကောင်းဆုံးလုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း ဆိုပါတယ်။ ဒါ့အပြင် သူဟာ အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်သွားမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ဒါဟာ ဆိုးဟွန်အတွက်တော့ မြောက်ကိုရီးယား အနုပညာရှင်တွေအကြား ပထမဆုံးတွဲဖက်ဖျော်ဖြေခဲ့ရတာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပခဲ့တဲ့ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ လာရောက် ဖျော်ဖြေခဲ့တဲ့ မြောက်ကိုရီးယားတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဆမ်ဂျီယွန်းတေးဂီတ အဖွဲ့နဲ့ တွဲဖက်ဖျော်ဖြေခဲ့ဖူးပါတယ်။ ဒီလိုဖျော်ဖြေခဲ့ရာမှာတော့ ဆိုးဟွန်က ''Let’s Meet Again''နဲ့ ''Our Wish''တေးသီချင်းတွေကို သီဆိုခဲ့ပြီး အဆိုပါ တေးဂီတအဖွဲ့နဲ့ မြောက်ကိုရီးယား ဖျော်ဖြေပွဲမှာ ပြန်လည်တွေ့ဆုံဦးမှာလည်း ဖြစ်ပါတယ်။ ကေပေါ့ပ်ကြယ်ပွင့်တွေရဲ့ မြောက်ကိုရီးယားဖျော်ဖြေပွဲကိုတော့ ဧပြီ ၁ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး နှစ်နာရီကြာ ဖျော်ဖြေတင်ဆက်သွား မှာဖြစ်တယ်လို့လည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment