Wednesday, March 28, 2018

နှစ်ကူးချိန်ခါသတိထားစရာ



မကြာမီအချိန်ကာလ အပိုင်းအခြားတွင် နှစ်တစ်နှစ်မှ
နှစ်တစ်နှစ်သို့ ကူးပြောင်းချေတော့မည်။ နှစ်တစ်နှစ်၏
ကောင်းကျိုးဆိုးကျိုးများကို ဖြတ်သန်းခဲ့သောဖြစ်စဉ်
များကိုကြည့်၍ မိမိဆက်လက်လုပ်သင့်သော၊ မလုပ်
သင့်သော၊ စွန့်ပယ်သင့်သော၊ ထပ်ပိုးသင့်သော
အကြောင်းတရားများကို ဆင်ခြင်သင့်သော အခါသမယ
လည်းဖြစ်ပေသည်။

ဇရာ၏လက္ခဏာ ဇရာပြယုဂ်အဖြစ် မိမိသည် တစ်နှစ်
တာအချိန်ကာလအတွင်း မည်မျှနာခဲ့ပြီလဲ၊ မည်မျှ
ရင့်ကျက်မှုရရှိပြီလဲဟု တရားသံဝေဂပိုင်းခြားရမည့်
အချိန်ကာလဖြစ်သည်။ မိမိသည်သူတစ်ပါးအပေါ်၊မိမိ မိသားစုအပေါ်၊ ရပ်ကျိုးရွာကျိုးအပေါ် မည်မျှကောင်း ကျိုးမည်မျှပြုနိုင်ခဲ့ပြီလဲဟုဆင်ခြင်ရမည့် ကာလပင်ဖြစ် သည်။မကောင်းမှုများ ပပျောက်အောင် မည်သို့မည်ပုံ ကြိုတင်တွေးတောကြံဆရမည့် အချိန်ကာလဖြစ်သည်။


ခွန်အားသစ်တို့ဖြင့် နှစ်သစ်ကိုကျော်ဖြတ်

နှစ်တစ်နှစ်ကို ဖြတ်ကျော်လာခြင်းသည် သေဘေး
လွတ်မြောက်လာသကဲ့သို့ သေရန်လည်း နီးကပ်လာ ခြင်းနှင့်တူလေသည်။ ရောက်ရှိလာမည့် နှစ်သက္ကရာဇ်
ကို အိုဟောင်းသွားသောနှစ်၏ အညစ်အကြေး၊ အဆိုး
အယုတ်၊ မကောင်းသော ကာယကံ၊ မကောင်းသော
မနောကံ၊ မကောင်းသော ဝစီကံတို့ကို ဆေးကြော
သန့်စင်ပြီး စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်တို့ဖြင့်
နှစ်သစ်ကို ကျော်ဖြတ်စေချင်ပါသည်။

နှစ်တစ်နှစ်၏ အကူးအပြောင်း၊ နှစ်တစ်နှစ်၏ မျှော်
လင့်ချက်ရောင်ခြည်တို့ကို မျှော်မှန်းရင်း အပြုံးများ၊
အပျော်များ၊ အရယ်များဖြင့် ဖြတ်သန်းချင်ကြပါလိမ့် မည်။ စာရေးသူကိုယ်တိုင်လည်း ကျော်ဖြတ်ခဲ့သော နှစ်ဟောင်း၏အဆုံးတွင် ဖြတ်သန်းလာခဲ့သော အမော
များကို အားရပါးရ ပျော်ရွှင်ခြင်းဖြင့် နှစ်သစ်၏ နှစ်ပတ်
လည်လုံး ပျော်ရွှင်စွာနေထိုင်နိုင်ရန် အောင်အတိတ်
အောင်နိမိတ်အဖြစ်ရည်ရွယ်ထားပါသည်။ သို့သော်
အပျော်သည် စည်းရှိဖို့လိုအပ်ကြောင်းကိုလည်း တင်ပြ
ချင်ပါသေးသည်။

မည်သည့်နှစ်သစ်ကူးမဆို ဘာသာမတူ၊ လူမျိုးမတူ သော်လည်း အပျော်ချင်းကတူနေကြသည်။ လူဆိုသည်
မှာ အပျော်များနှင့် ဆုံချင်သည်။ တစ်ခါတစ်ရံတွင် အပျော်လွန်က အပျက်ဖြစ်တတ်သည်ကိုလည်းသတိမူ
စေချင်သည်။ နှစ်သစ်ကူးအကြိုတွင် အပျော်များ
ပျော်ကြရန် ကြိုတင်စီစဉ်ကြသည်။ ကြိုတင်လူစုကြ
သည်။ စုပေါင်းဝိုင်းဖွဲ့ကာ အပျော်များဖန်တီးကြသည်။ထိုအပျော်တို့သည် မိမိကိုယ်ကို ဒုက္ခဖြစ်စေမည်လား၊ အခြားသူများကို အနှောင့်အယှက်ဖြစ်စေမည်လား စဉ်းစားဆင်ခြင်သင့်ပေသည်။

ထိုသို့ ပျော်ရွှင်သူများတွင် လူငယ်လူရွယ်သာမဟုတ်
ပေ။ သက်ကြီးပိုင်း၊ သက်လတ်ပိုင်း၊ ပျိုပျိုအိုအိုအကုန်
ပျော်ကြသည်ကို မြင်တွေ့ခဲ့ဖူးသည်။ ပျော်သည်ကို
မပြောလိုပါ။ အပျော်ကဲခြင်းကို ဆိုလိုပါသည်။ အရက်
သေစာ သောက်စား၊ မူးယစ်ရမ်းကားကာ ခိုက်ရန်
ဖြစ်ပွားပြီး ဆေးရုံရောက်သူ၊ အချုပ်ရောက်သူများ ဒုနဲ့ ဒေးပင်။ လွန်လွန်ကျူးကျူး သောက်စားပျော်ပါးကြခြင်း
ဖြင့် မမှားသင့်သောအမှားများ ဆင့်ကဲဆင့်ကဲဖြစ်ပေါ်
နိုင်သည်ကို ကြိုတင်ဆင်ခြင်သင့်ပေသည်။ မိဘဆွေမျိုး
အသိုက်အဝန်းမှလည်း ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကူး
အချိန်ကာလ၌ စိတ်ကြည်လင်အေးချမ်းစွာ နှစ်သစ်ကို
ကျော်ဖြတ်နိုင်ရန်အတွက် မိမိသားသမီးများကို ကြိုတင်
ဆုံးမသတိပေးစီစဉ်ထားသင့်ပေသည်။

နှစ်သစ်ကူးအချိန်ကာလသည် သောက်စားမူးယစ်
ရမ်းကားသူများမောင်းနှင်သည့် ယာဉ်များကြောင့်
အပြစ်ကင်းသော ပြည်သူများ ထိခိုက်အနာတရ
ဖြစ်လာနိုင်သကဲ့သို့ မောင်းနှင်သူကိုယ်တိုင်လည်း အနာ
တရဖြစ်ကာ အသက်ဆုံးရှုံးမှုများ ဖြစ်လာနိုင်သည်။

သို့အတွက် အပျော်ကိုမင်သကဲ့သို့ ဖြစ်လာမည့်ဘေး
ကိုလည်း မြင်တတ်ဖို့လိုပေသည်။ တာဝန်ရှိသော လုံခြုံ
ရေးဝန်ထမ်းများသည်လည်း ရပ်ရွာအေးချမ်းသာယာ ရေးအတွက် အပျော်ကျူးနှစ်ကူးအချိန်တွင် အထူး အလေးထားဆောင်ရွက်သင့်ပါသည်။ ခိုက်ရန်ဖြစ်ခြင်း၊ ယာဉ်အန္တရာယ်ဖြစ်ခြင်းစသည်တို့သည် နိုင်ငံအတွက် တစ်နည်းအားဖြင့် ဆုံးရှုံးခြင်းလည်းမည်ပေသည်။


ထိန်းသိမ်းစောင့်ရှောက်

အမျိုးသမီးငယ်လေးများအနေဖြင့် အထူးဂရုပြုသင့် ချိန်ဖြစ်သည်။ အမှားများကျူးလွန်နိုင်သကဲ့သို့ မိမိ
ဘဝ လုံခြုံရေးအတွက် အလွန်စိုးရိမ်ဖွယ်ရာဖြစ်သည်။
ယုံကြည်မှုလေးစားမှုတို့ကို အခွင့်ကောင်းယူကာ ဘဝ
ဖျက်ဆီးတတ်ကြသူများလည်းရှိနိုင်သည်ကို သတိမူ
သင့်သည်။ ယခုရက်ပိုင်းအတွင်း ကြားသိနေရသော သတင်းသည်လည်း ယုံကြည်မှုကြောင့် သူများဆင်
သော ထောက်ချောက်ထဲသို့ ဝင်မိပြီး မီးရှို့အလောင်း
ဖျောက်ခံခဲ့ရခြင်းဖြစ်သည်။ မိဘများအနေဖြင့်လည်း မိမိသားသမီးများ အမှန်တကယ်ချစ်သည်ဆိုလျှင် ထိုရက်ထိုခါတွင် ထိန်းထိန်းသိမ်းသိမ်းစောင့်ရှောက်ကာ အရိပ်တကြည့်ကြည့်ရှိသင့်ပေသည်။

အချုပ်အားဖြင့်ဆိုသော် ပျော်ရွှင်ဖွယ်ကောင်းသော
နှစ်သစ်ကူးကာလတွင် မိမိတို့ပျော်ကြသကဲ့သို့ အခြား
သူများလည်း အနှောင့်အယှက်ကင်းကင်း ပျော်ခိုင်း သင့်ပါသည်။ ကိုယ့်ကြောင့်၊ ကိုယ့်သားသမီးကြောင့်၊
ကိုယ့်ဆွေမျိုး အသိုက်အဝန်းကြောင့် အကျည်းတန်သော
နှစ်သစ်လေးမဖြစ်စေချင်ပါ။ ပျော်ရွှင်သော နှစ်သစ်ကူး မှာ ကာယကံ၊ ဝစီကံ၊ မနောကံတို့ အပြစ်ကင်း၍ ကုသိုလ်
ကောင်းမှုများပြုလုပ်ပြီး စည်းကမ်းကအစလိုက်နာ
ကျင့်သုံးရင်း နှစ်သစ်မင်္ဂလာကို ဆင်နွှဲလိုက်ကြပါစို့။

No comments:

Post a Comment