Thursday, March 29, 2018

ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းများ ကူညီထောက်ပံ့ပေးရန် မောင်တောဒေသသို့ ဂျာမန်အဖွဲ့အစည်း လာရောက်လေ့လာ

Image may contain: 13 people, people smiling, people sitting, child and indoor
မောင်တော မတ် ၂၈
ရခိုင်ပြည်နယ် မောင်တောဒေသ၌ ပညာရေးနှင့်ကျန်းမာ ရေးအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေ ရေးအတွက် ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးရန် ဂျာမနီ နိုင်ငံStiftunglife မှMr. JzirgenGessner နှင့် စီမံကိန်း မန်နေဂျာ ကိုမင်းမင်းထွန်းတို့သည် ဘူးသီးတောင်၊ မောင်တော မြို့ပေါ်တို့ရှိ ဆေးရုံများနှင့် စာသင်ကျောင်းများအား လာရောက်ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါအဖွဲ့သည် မောင်တောခရိုင် ပြည်သူ့ဆေးရုံ ကြီး၌ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်မောင်သိန်း နှင့်တွေ့ဆုံစဉ် အခြေခံကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကွင်းဆင်းလုပ်ဆောင်နေမှုအပေါ် မေးမြန်း ဆွေးနွေးပြီး လိုက်ဖ်ဖောင်ဒေးရှင်းမှ ကူညီထောက်ပံ့ပေးနိုင် မည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မောင်တောပြည်သူ့ဆေးရုံကြီးရှိ လူနာဆောင်များ၊ သားဖွားခန်းများနှင့် ပြင်ပလူနာဌာနများသို့ လှည့်လည် ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ရပ်မိရပ်ဖများ၊ အစ္စလာမ်ဘာသာ ဝင်များ၊ ဟိန္ဒူဘာသာဝင်များနှင့် ရခိုင်တိုင်းရင်းသား များအား ရင်းရင်းနှီးနှီး တွေ့ဆုံကာ အခြေခံပညာရေးစနစ်၊ အခြေခံကျန်းမာရေးစနစ်၊ မောင်တောဒေသအခြေအနေ များကို မေးမြန်းဆွေးနွေးကြသည်။
အဆိုပါ ဂျာမန်ဖောင်ဒေးရှင်းအဖွဲ့သည် မောင်တော မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်နှင့်အတူ မောင်တော မြို့နယ် စေတီပြင်ကျေးရွာရှိ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)သို့ သွားရောက်ပြီး ကျောင်းအဆောက်အအုံ များ တည်ဆောက်ထားမှု၊ စာသင်ခန်း၊ စာသင်ခုံနှင့် ကျောင်းအသုံးအဆောင်ပစ္စည်းများကို အသေးစိတ် လိုက်လံကြည့်ရှုကာ ကျေးရွာအုပ်ချုပ်ရေးမှူးများအား သိရှိလိုသည်များကို မေးမြန်းသည်။
စေတီပြင်ကျေးရွာရှိ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)၌ ကျောင်းသား ကျောင်းသူဦးရေ ၁ဝဝဝ ကျော် တက်ရောက်ပညာသင်ကြားလျက်ရှိပြီး ကျောင်း အဆောက်အအုံလိုအပ်ချက်များ ရှိနေသောကြောင့် ဂျာမန်ဖောင်ဒေးရှင်းအနေဖြင့် ကူညီထောက်ပံ့ပေးနိုင်ရေး ရပ်မိရပ်ဖများနှင့် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မောင်တောမြို့ပေါ်ရှိ မြို့မ မြောက်ရပ်ကွက် အမှတ်(၃)အခြေခံပညာမူလတန်းလွန် ကျောင်း၌ ကျောင်းအဆောက်အအုံများ တည်ဆောက် ထားမှုနှင့် စာသင်ခန်းများဖွဲ့စည်းထားမှုကို သွားရောက် ကြည့်ရှုခဲ့ပြီး ဘူးသီးတောင်မြို့နယ်ရှိ ဆေးရုံဆေးခန်းများနှင့် စာသင်ကျောင်းများသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ ကြောင်း သိရသည်။
ဂျာမနီနိုင်ငံလိုက်ဖ်ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံရှိ ပုဂံ၊ ညောင်ဦး၊ ပခုက္ကူနှင့် ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာများတွင် စာသင်ဆောင်များ ဆောက်လုပ်ပေးခြင်း၊ ကျောင်းဆောင်သစ်များနှင့် မူကြိုကျောင်းများဆောက်လုပ် လိုသည့်ကျေးရွာများအား ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ကျော်သူဝင်း၊ အေးမင်းသူ

No comments:

Post a Comment