Saturday, March 31, 2018

ညောင်ချဉ်ဖူးသုပ်

Image may contain: food
ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကချင်ပြည်နယ်ဘက်တွေကို ခရီးထွက် ရတဲ့အခါ ဈေးတွေရောက်ရင် ဈေးကြိုဈေးကြားတွေထဲမှာ ညောင်ချဉ်ဖူးလေး တွေကို အပုံလေးတွေပုံပြီး ရောင်းနေတာကို တွေ့ရတတ်ပါတယ်။ အဲဒီ ညောင်ချဉ်ဖူးကို အောက်ဘက်အရပ်ဒေသတွေမှာ မတွေ့ရသလောက် ရှိပေမယ့် ညောင်ပင်အမျိုးအစား အများအပြားပေါက်ရောက်လေ့ရှိတဲ့ ပြည်နယ် ဘက်တွေမှာတော့ ညောင်ချဉ်ဖူးကို ရိုးရာအစားအစာအဖြစ် ကြိုက်နှစ်သက်စွာ စားသုံးလေ့ရှိကြတာကို တွေ့ရပါတယ်။ ညောင်ချဉ်ဖူးဆိုတာက အရွက် ဖြစ်မလာမီ ရွက်နုထိုးတဲ့အဖူးကလေးတွေ ဖြစ်ပါတယ်။
အဲဒီ ပြည်နယ်ဒေသတွေရဲ့ ဈေးနေ့တွေမှာဆိုရင် ညောင်ချဉ်ဖူးကို အစိမ်း အတိုင်းဖြစ်စေ၊ အချဉ်တည်ပြီးသားဖြစ်စေ ဖက်ကလေးတွေနဲ့ပုံပြီး ရောင်းကြ တာကို တွေ့ဖူးကြမှာပါ။ ဘယ်လိုစားရသလဲ မေးမြန်းတဲ့အခါ ဒေသခံတွေက ညောင်ချဉ်ဖူးကို ထောင်းစား၊ သုပ်စားကြပါသတဲ့။ ကိုယ်တွေမစားဖူးတဲ့ အထူး အဆန်း ဟင်းလျာဖြစ်တာမို့ သုပ်ပုံသုပ်နည်းကိုမေးမြန်းပြီး သုပ်စားကြည့်ရာမှာ အမှန်တကယ်လည်း လျှာရင်းမြက်စေတဲ့ ဟင်းလျာတစ်ခွက်ဖြစ်နေပါတယ်။
ညောင်ချဉ်ဖူးအစိမ်းအတိုင်းဆိုရင် ရေနွေးဖျောသုပ်ရမှာဖြစ်ပြီး အချဉ် တည်ပြီးသားဆိုရင်တော့ အနေတော်အရွယ်ကလေးတွေလှီးပြီး မြေပဲဆန် ထောင်း၊ ပုစွန်ခြောက်နိုင်နိုင်၊ ကြက်သွန်စိမ်းနဲ့ ငရုတ်သီးပါးပါးလှီးလို့ ဆား ထည့်ကာ ဆီချက်လောင်းသုပ်ရတာပါ။ ညောင်ချဉ်ဖူးမှာက ပင်ကိုသဘာဝ အချဉ်ဓာတ်ကလေးပါပြီးသားမို့ သံပရာရည်ကူစရာမလိုဘဲ သုပ်စားကြည့်ရင် ချဉ်ဖြုံးဖြုံးအရသာရှိတဲ့ ညောင်ချဉ်ဖူးသုပ်ကို လျှာလည်ကာ ခံတွင်းတွေ့ သွားကြမှာ အသေအချာပါလို့ ဆိုလိုက်ပါရစေ။
စံလွင်(ငါးဦးစီး)

No comments:

Post a Comment