Saturday, March 31, 2018

မကွေးအသင်း မထင်မှတ်ဘဲ ရှုံးပွဲတွေ့

Image may contain: 5 people, people playing sports and outdoor
ရန်ကုန် မတ် ၃ဝ
၂ဝ၁၈ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၉)ပထမနေ့ကို ယနေ့ ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပသည်။
GFA - တစ်ဂိုး
မကွေး - ဂိုးမရှိ
ရန်ကုန်၊ ရတနာပုံ၊ ဧရာဝတီနှင့် ဟံသာဝတီ စသည့် အသင်းကြီးများကို အနိုင်ကစားထားသည့် မကွေးအသင်းသည် ဇယားအောက်ပိုင်းမှGFA အသင်းကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့သည်။ ပြီးခဲ့သည့်ရာသီတွင် မကွေးအသင်းကို တစ်ပွဲနိုင်၊ တစ်ပွဲသရေ ကစားထားသည့် GFA အသင်းသည် ယခုရာသီ တွင်လည်း နိုင်ပွဲထပ်မံရယူနိုင်ခဲ့ခြင်းဖြစ်သည်။GFA အသင်းသည် ယခုပွဲ အနိုင်ရလဒ်ကြောင့် တန်းဆင်းဇုန်မှလွတ်ရန် မျှော်လင့်ချက်ရှိလာခဲ့သည်။
မကွေးအသင်းသည် ပွဲပယ်ခံထားရသည့် တိုက်စစ်မှူး အောင်မြင့်ထွန်းမှ လွဲ၍ လူစုံပါဝင်ခဲ့ပြီး GFA အသင်းတွင်လည်း နိုင်ငံခြားသားကစားသမားနှစ်ဦး နှင့် လူစုံခဲ့သည်။ မကွေးအသင်းသည် ခြေအသာဖြင့် ဖိကစားနိုင်ခဲ့သော်လည်းGFAအသင်း၏ ခံစစ်ကစားပုံကြောင့် ရုန်းကန်ခဲ့ရသလို အောင်မြင့်ထွန်းမပါသည့် တိုက်စစ်မှာလည်း အားနည်းခဲ့ သည်။ ထို့ကြောင့် ပထမပိုင်းတွင် မကွေးအသင်း ထိရောက်သည့် ဂိုးသွင်းခွင့် မရခဲ့ဘဲ ဂိုးမရှိသရေကျနေသည်။ ဒုတိယပိုင်းတွင်လည်း မကွေးအသင်းကသာ ဆက်လက်ဖိကစားနိုင်ခဲ့ပြီးGFAအသင်းက တန်ပြန်တိုက်စစ်ဖြင့်သာ ကစားခဲ့ သည်။ သို့သော်GFA အသင်း၏ တန်ပြန်တိုက်စစ်မှာ ထိရောက်ခဲ့ပြီး ဂိုးရလု အခြေအနေများ ပိုရခဲ့သည်။ မကွေးအသင်းသည် ဂိုးရရေးကြိုးပမ်းခဲ့သော်လည်းGFAနောက်တန်းကို မကျော်နိုင်ခြင်း၊ ကစားသမားများ အပြောင်းအလဲပြုလုပ်ခဲ့ သော်လည်း တိုက်စစ်အား တက်မလာခြင်းကြောင့် ဂိုးပေါက်ပျောက်ဆုံးခဲ့ရသည်။GFA အသင်းအတွက် အနိုင်ဂိုးကို ၈၁ မိနစ်တွင် မန်ထိပ်ပေါင်က သွင်းယူခဲ့ သည်။ မကွေးအသင်းသည် ယခုပွဲအရှုံးကြောင့် ထိပ်ဆုံးမှ ရန်ကုန်အသင်းကို ဆက်လက်ဖိအားပေးနိုင်ရန် ခက်ခဲသွားပြီဖြစ်သည်။
ပွဲစဉ် (၉) ဒုတိယနေ့ကို မတ် ၃၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်နှင့် ရခိုင်၊ သုဝဏ္ဏကွင်း၌ မြဝတီနှင့် ရန်ကုန်၊ မုံရွာကွင်း၌ စစ်ကိုင်းနှင့်Southern အသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-ဖိုးသော်ဇင်

No comments:

Post a Comment