Thursday, March 29, 2018

ကော့ကရိတ်မြို့တွင် ပထမအကြိမ် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

Image may contain: one or more people and indoor
ကော့ကရိတ် မတ် ၂၈
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ပထမအကြိမ် ပြည်သူ့ စကားဝိုင်း ''Public Talk'' ဆွေးနွေးပွဲကို ''လူငယ်နှင့် မူးယစ်ဆေး''ခေါင်းစဉ်ဖြင့် မတ် ၂၈ ရက် နံနက် ၁ဝ နာရီက ကော့ကရိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင် ပြန်/ဆက်ဦးစီးအရာရှိက မိမိတို့ဒေသတွင်း လူငယ်များ အကြား မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းပပျောက်စေရေး နှင့် ရောင်းဝယ်ဖောက်ကားမှု ကင်းစင်ပပျောက်သွားသည် အထိ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ပြည်သူ့စကားဝိုင်းကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ပြည်သူ့စကားဝိုင်း ဆောင်ရွက်ခြင်းသည် ပြည်သူနှင့်အစိုးရ ဆွေးနွေးတိုင်ပင်သော အလေ့အထ ကောင်းများဖြစ်လာစေရန်၊ ပြည်သူများ အတွေးအခေါ် မြင့်မားလာစေရန်၊ အသိပညာရှင်၊ အတတ်ပညာရှင်များက ပြည်သူများ သိသင့်သည့်အချက်အလက်များကို တစ်ထိုင် တည်း မျှဝေပေးနိုင်ခြင်း စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အမှတ်(၃၂) မူးယစ်တပ်ဖွဲ့စုမှ ဒုတိယ ရဲမှူး မင်းထွဋ်က မူးယစ်တပ်ဖွဲ့၏ ကာကွယ်တားဆီးရေး လုပ်ငန်းများကို ဥပဒေပုဒ်မများဖြင့် လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်မြမြစိုးက ဖေဖော်ဝါရီ ၁၄ ရက်တွင် မူးယစ်ဆေးဥပဒေပြင်ဆင်ချက်၌ ပါရှိသည့် သုံးစွဲသူအား ထောင်ချခြင်းမှပယ်ဖျက်ပြီး အပြုသဘောဖြင့် ပြုပြင်နိုင်ရန် ဆေးဝါးကုသပေးခြင်း၊ မူးယစ်ဆေးသုံးစွဲသူ အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင် စေခြင်း၊ လူမှုရေးပြစ်ဒဏ်ပေးခြင်း၊ ပုဒ်မ(၁၆)အရ မူးယစ်ဆေး လက်ဝယ်ထားရှိမှုနှင့်ပတ်သက်၍ ပြစ်မှုနှင့် ပြစ်ဒဏ်များကို လည်းကောင်း၊ ခရိုင်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝင်းချိုချိုအောင်က မူးယစ်ဆေးနှင့် ပတ်သက် သည့် ဆေးဝါးများအန္တရာယ်အကြောင်းကို လည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကိုခိုင်က မိမိတို့ ဒေသတွင်း မူးယစ်ဆေးသုံးစွဲသူများ၊ ရောင်းဝယ်သူများကို သိရှိပါက သက်ဆိုင်ရာသို့ သတင်းပေးစေလိုကြောင်း၊ ဒေသတွင်း မူးယစ်ဆေးလုံးဝကင်းစင်ပပျောက်သွားရန် ပြည်သူလူထုက ပူးပေါင်းပါဝင်စေလိုကြောင်း၊ ဥပဒေပြုရေး အပိုင်းနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် လွှတ်တော်တွင် တင်ပြဆွေးနွေးပေးနိုင်ကြောင်း၊ မူးယစ်ဆေးနှင့်ပတ်သက်၍ ကာကွယ်တားဆီးရေးလုပ်ငန်းသာမက အသိပညာပေး
လုပ်ငန်းကိုပါ တစ်ပြိုင်နက်တည်း ဆောင်ရွက်ကြရန်ကို လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက ပြည်သူလူထုအနေဖြင့် မိမိနယ်မြေအတွင်း မူးယစ်ဆေး သုံးစွဲသည်၊ ရောင်းဝယ်သည်ဟု သံသယရှိပါက သံသယ ရှိသူအား စောင့်ကြည့်လေ့လာရန်နှင့် သက်ဆိုင်ရာသို့ သတင်းပေးနိုင်ပါကြောင်း၊ မိမိတို့အနေဖြင့် မူးယစ်ဆေး နှင့်ပတ်သက်၍ ကျော်စောသတင်းရှိသူများအား ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ စောင့်ကြည့် လေ့လာပြီး သက်ဆိုင်ရာသို့သတင်းပေးပို့ပါက တာဝန်ရှိသူ များအနေဖြင့် လုပ်ထုံးလုပ်နည်းဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည် များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်စန္ဒာဆွေက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်းနှင့် အဆိုပါ ပြည်သူ့ စကားဝိုင်းသို့ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လူငယ်လူရွယ်များ နှင့် စိတ်ပါဝင်စားသည့် ဒေသခံပြည်သူများ စုစုပေါင်း ၃ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးထက်အောင်(ပြန်/ဆက်)

No comments:

Post a Comment