Sunday, March 4, 2018

သီးနှံအာမခံလုပ်ငန်းများကို ဆောလျင်စွာ အကောင်အထည်ဖော်ပေးရေး သဘောထားအမြင်

Image may contain: one or more people, cloud, sky, outdoor and nature
နေပြည်တော် မတ် ၃
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်း အဝေး (၁၂) ရက်မြောက်နေ့ဖြစ်သည့် ၂ဝ၁၇ ခုနှစ် ဇွန်လ ၁၂ ရက်တွင် လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးမျိုးဇော်ဦးက လွှတ်တော်သို့ အဆိုတစ်ခု တင်သွင်း ခဲ့ပြီး နိုင်ငံတစ်ဝန်း သဘာဝဘေးအန္တရာယ်များနှင့် အင်းဆက်ပိုးမွှားများကြောင့် နစ်နာဆုံးရှုံးနေကြသော တောင်သူလယ်သမားများ၏ အကျိုးစီးပွားအတွက် အာမခံချက်ရှိစေမည့် သီးနှံအာမခံလုပ်ငန်းများကို ဆောလျင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးရေး ပြည်ထောင်စုအစိုးရကို တိုက်တွန်းသည့်အဆို တင်သွင်းခဲ့ ခြင်းဖြစ်သည်။ အဆိုပါ စိုက်ပျိုးရေးကဏ္ဍအတွက် အရေးပါသည့် အဆိုတစ်ခု မတင်သွင်းမီကပင် ပုဂ္ဂလိက အာမခံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံပိုင်အာမခံ လုပ်ငန်းအနေဖြင့် ပုဂ္ဂလိကကဏ္ဍမှ တင်ပြလာသည့် အာမခံအမျိုးအစားအသစ်များကို စိစစ်ခွင့်ပြုပေးနေသော ကာလဖြစ်သည့်အတွက် အဆိုပါ သီးနှံအာမခံကိုGlobal World Insurance ကုမ္ပဏီက အာမခံအမျိုးအစားအသစ် အနေဖြင့် တင်ပြလာခဲ့သည်။ ယခုအခါ အဆိုပါအာမခံကို စမ်းသပ်ကာလစီမံကိန်းအနေဖြင့် Pilot Project ဆောင် ရွက်ရန် နိုင်ငံတော်ကခွင့်ပြုပေးလိုက်ပြီး ယခုနှစ် စိုက်ပျိုးရာသီတွင် စိုက်ပျိုးရေး အဓိကဆောင်ရွက်နေသည့် တိုင်းဒေသကြီး လေးခုတွင် စတင်ဆောင်ရွက်တော့မည်ဖြစ်ရာ ယင်းအာမခံအမျိုးအစားသစ်နှင့် ပတ်သက်၍ Global World Insurance ကုမ္ပဏီ ဒါရိုက်တာ ဦးစိုးဝင်းသန့်အား မေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
မေး။ ။Pilot Project အနေနဲ့ စတင်ဆောင်ရွက်တော့ မယ့် သီးနှံအာမခံ Crop Insurance မြန်မာနိုင်ငံမှာ စတင်တော့မယ့်အကြောင်းလေး သိပါရစေ။
ဖြေ။ ။နိုင်ငံအတွက်ရော စိုက်ပျိုးသူ တောင်သူတွေ အတွက်ရော အကျိုးရှိနိုင်မယ့်၊ တစ်နည်းအားဖြင့် ဆုံးရှုံးမှု တွေကို ဖြေလျှော့ပေးနိုင်မယ့် သီးနှံအာမခံကို စမ်းသပ် လုပ်ကိုင်ဖို့ ၂ဝ၁၈ ဇန်နဝါရီ ၃၁ ရက်မှာ ဝန်ကြီးဌာနက ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြောချင်တာက တော့ သီးနှံအာမခံစလုပ်ကိုင်ခွင့်ရမယ်လို့ မဟုတ်ပါဘူး။ သုတေသနပြု စမ်းသပ်လုပ်ကိုင်သွားမှာသာ ဖြစ်ပါတယ်။
မေး။ ။သုတေသနပြု စမ်းသပ်လုပ်ကိုင်သွားဖို့အတွက် စမ်းသပ်ကာလအနေနဲ့ ဘယ်လောက်ကြာမလဲ။ ဘယ်လို စမ်းသပ်သွားမှာပါလဲ။
ဖြေ။ ။စမ်းသပ်ကာလ Pilot Projectအနေနဲ့က တော့အနည်းဆုံး နှစ်နှစ်လုပ်မယ်လို့ တင်ပြထားပြီး ရန်ကုန်၊ ဧရာဝတီ၊ မကွေး၊ မန္တလေး စတဲ့ အဓိက တိုင်းဒေသကြီး လေးနေရာမှာ Pilot Area တွေ သတ်မှတ်ရွေးချယ်ပြီး လုပ်မယ်။ တချို့ဒေသကPilotလာလုပ်ဖို့ တောင်းဆိုလာရင်လည်းသွားလုပ်ပေးပါမယ်။ သီးနှံအမျိုးမျိုးဖြစ်တဲ့ ဆီထွက်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံ၊ ဥယျာဉ်ခြံသီးနှံ စတာတွေထဲကမှ အခု စမ်းသပ်ကာလမှာ စပါးတစ်မျိုးကိုပဲ ရွေးချယ်စမ်းသပ် လုပ်ကိုင်သွားပါမယ်။
မေး။ ။သီးနှံအာမခံကို ဘယ်လိုပုံစံနဲ့ စတင်မှာပါလဲ။ ဘာကြာင့် ဒီအာမခံအသစ်ကို ပြုလုပ်ရပါသလဲ။
ဖြေ။ ။တကယ်တမ်းကျတော့ နိုင်ငံပိုင် အာမခံအဖွဲ့ အစည်းဟာ ၁၉၅၂ ခုနှစ်ကတည်းက စခဲ့ပြီး အာမခံအမျိုး ပေါင်း ၂၇ မျိုးလုပ်ကိုင်နေတယ်။ အဲဒီထဲမှာ သီးနှံအာမခံပဲ ဖြစ်ဖြစ် စိုက်ပျိုးရေး အာမခံပဲ ခေါ်ခေါ် မပါဘူး မလုပ်ဖြစ် သေးဘူး။ အခု ဒီအာမခံက မြန်မာနိုင်ငံ အာမခံလောက အတွက် စိန်ခေါ်မှု တစ်ခုပါပဲ။ စပြီးတော့ ၂ဝ၁၆ ခုနှစ် မှာ ဒီဇိုင်းလုပ်တော့ ကျွန်တော့်ရုံးက မြန်မာ့အာမခံ ပင်စင်စားကြီးတွေက မလုပ်နဲ့ ရှုံးလိမ့်မယ် ပြောကြတယ်။ ကျွန်တော်ကတော့ နိုင်ငံတကာမှာတောင် လုပ်နေသေး တာပဲ။ တို့က ဘာလို့လုပ်လို့မရတာလဲဆိုပြီး Proposal ရေးတင်လိုက်တယ်။ ကျွန်တော် သီးနှံအာမခံ စလုပ်မယ့် စနစ်က ထွက်နှုန်းပေါ် အခြေခံပြီး လျော်တဲ့စနစ်ပါ။ ရာသီဥတု ဖောက်ပြန်လို့ နှစ်ဖက် သဘောတူထားတဲ့ ထွက်နှုန်းလျော့နည်းတဲ့ အရေအတွက်ကို တန်ဖိုးသင့်ပြီး ပေးလျော်တာပါ။ အလွန်ရိုးရှင်းတဲ့ စနစ်လေးပါ။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့ဆို ဒီအာမခံစနစ်နဲ့ တောင်သူတွေကို ဝန်ဆောင်မှုပေးနေတာ ၁၉၇ဝ လောက်ကတည်းကပါ။ အခု ကျွန်တော်တို့ စလုပ် ရင်တောင် နှစ်ပေါင်း ၅ဝ လောက် နောက်ကျနေပြီ။ ဒါကြောင့် ပြည်သူလူထုအတွက် အကျိုးဖြစ်နိုင်မယ့် အာမခံစနစ်တစ်ခုကို တီထွင်လိုက်တာ ဖြစ်ပါတယ်။
မေး။ ။သီးနှံအာမခံ အမျိုးအစားသစ် ဖြစ်တဲ့အတွက် အခက်အခဲတွေ ရှိရင် သိပါရစေ။
ဖြေ။ ။အစောပိုင်းက ပြောသလိုပဲ ဘယ်သူမှ အား မပေး၊ ကုမ္ပဏီတွေဘက်ကလည်း ရှုံးဖို့များတယ် စဉ်းစားပြီး ဘယ်သူမှ ဦးမဆောင်ကြဘဲ မေ့မေ့ပျောက်ပျောက် ထားလိုက်ကြပြီး ၂ဝ၁၆ ကတင်လိုက်တာ ၂ဝ၁၈ မှ Pilot Project လုပ်ဖို့ ခွင့်ပြုတာပါ။ ပြီးခဲ့တဲ့ ၂ဝ၁၇ ခြောက်လ ပိုင်းမှာလည်း တောင်သူတွေ အကျိုးစီးပွားအတွက် ပြည်သူ့လွှတ်တော်မှာသီးနှံအာမခံနဲ့ပတ်သက်လို့ အကောင် အထည်ဖော်ဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုတင်တာ တွေ့လိုက်ရပါတယ်။ နောက် အခက်အခဲ တစ်ခုက ပရီမီယံနှုန်း သတ်မှတ်ခြင်း ကိစ္စပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာက အဲဒီလို အာမခံသင်္ချာပညာရှင် မရှိတော့ လက်ရှိသီးနှံအာမခံ လုပ်ကိုင်အောင်မြင်နေတဲ့ နိုင်ငံတွေ က ပရီမီယံနှုန်းတွေကို မှီငြမ်း ကိုးကားတွက်ချက်ရတာပေါ့။ ဥပမာ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့မှာ ဘယ်လို ကောက်လဲပေါ့။ ပျမ်းမျှထွက်နှုန်းတစ်ခုကို ပေါက် ဈေးနဲ့သင့်ရင် အာမခံထားနိုင်သော တန်ဖိုးSum insured amount ပေါ့လေ။ အဲဒီSI ကို Risk factor နဲ့ဖြစ်နိုင်ချေ၊ ဆုံးရှုံးနိုင်ချေတွက်ပြီး ပရီမီယံ rating ဆိုတာ ဖြစ်လာတာ ပါပဲ။ ဒီတော့ ကျွန်တော်အခု သတ်မှတ်ထားတဲ့ ပရီမီယံက ဥပမာ တစ်ဧက ကို ၅ဝဝဝ ကျပ် ဆိုပါတော့၊ လက်တွေ့ကျ တော့ အဆင်ပြေလား၊ မပြေလား မသိသေးဘူး။ ရွေးချယ် တဲ့ မျိုး၊ စိုက်တဲ့သီးနှံ၊ စိုက်ရာသီ၊ ဒေသတွေအပေါ် မူတည် ပြီး ပရီမီယံက မျိုးစုံဖြစ်သွားနိုင်တယ်။ ဒါကြောင့် စမ်းသပ် ကာလလို့ ခေါ်တယ်။ တချို့နိုင်ငံတွေမှာ ၁ဝ နှစ်လောက် သုတေသနပြု ဆောင်ရွက်ခဲ့ရတာကို လေ့လာမိပါတယ်။
မေး။ ။ဒါဆို စမ်းသပ်ကာလ ဆောင်ရွက်မယ့် သီးနှံ အာမခံစနစ် အောင်မြင်မယ်လို့ ယုံကြည်ပါလား။
ဖြေ။ ။ယုံကြည်ပါတယ်။ ဒါပေမဲ့ တာဝန်ရှိသူအားလုံး က ဝိုင်းပြီး ပါဝင်ဖို့ လိုတယ်။ အကျိုးအမြတ်လုပ်ငန်းတစ်ခု မဟုတ်ဘဲ အမျိုးသားရေးတာဝန်လို့ ခံယူနိုင်ကြရင် မြန်မြန် ခရီးရောက် အောင်မြင်မှာပဲ။ အခု ကျွန်တော် တီထွင်ထား တဲ့ စနစ်က လူတစ်ဦးနဲ့ တစ်ဦးကြား ယုံကြည်မှုနဲ့ လုပ်ရမယ့် ပုံစံဖြစ်နေတော့ အာမခံထားသူ၊ အာမခံလက်ခံသူနဲ့ ကြား အဖွဲ့အစည်းတွေဖြစ်တဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက စိတ်ပါလက်ပါ မှန်ကန်စွာ ဆောင်ရွက်ပေးရင် ဒီစနစ်ကြီး အောင်မြင်မှာ သေချာပါတယ်။
မေး။ ။နောက်ဆုံးအနေနဲ့ ဒီသီးနှံအာမခံ Pilot Project ကို ဘယ်တော့စမလဲ။ ဘယ်လို ဆက်လက် ဆောင်ရွက်မလဲ သိပါရစေ။
ဖြေ။ ။စမ်းသပ်ကာလကို ဒီနှစ်ထဲမှာ အနီးဆုံး စပါးစိုက်ရာသီကနေ စတင်ဖို့ လုပ်ပါ့မယ်။ ပြည်သူ့ လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကလည်း အမြန်စတင်ဖို့ တိုက်တွန်းပါတယ်။ သက်ဆိုင်တဲ့ ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပေးဖို့လည်း စီစဉ်နေပါတယ်။ ဥပမာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နဲ့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနတို့ပေါ့။ Pilot Project လုပ်မယ့် တိုင်းဒေသကြီး အစိုးရ ကိုယ်စားလှယ်တွေနဲ့ အသေးစိတ် ဆွေးနွေးကြ ရမယ်။ Working Committee တွေဖွဲ့ပြီး လုပ်ကြရမှာ ပေါ့။ တကယ်တော့ သီးနှံအာမခံ စနစ်သစ်ကြီးဟာ တစ်သီး ပုဂ္ဂလအဖွဲ့အစည်းတစ်ခုရဲ့ စီးပွားရေးကိစ္စ မဟုတ်ပါဘူး။ နိုင်ငံတော်နဲ့ တောင်သူလယ်သမားများရဲ့ အကျိုးစီးပွားသာ လျှင် ဖြစ်ပါတယ်။ လက်တွေ့ ကျင့်သုံးအကောင်အထည်ဖော် ရမှာကလည်း နိုင်ငံတော် အစိုးရသာဖြစ်လို့ အားလုံးက ဟန်ချက်ညီညီ မိမိအကျိုးစီးပွားကဲ့သို့သဘောထား ပါဝင် ဆောင်ရွက်ကြမှသာ မှန်ကန်စနစ်ကျတဲ့ သီးနှံအာမခံ တစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။
ဆုနှင်းလဲ့

No comments:

Post a Comment