Sunday, March 4, 2018

(၃၇)ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ၏ အဆင့်မြင့်ကဏ္ဍ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်

Image may contain: 1 person
ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုကဏ္ဍများတွင်နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အပြုသဘောပါဝင်မှုကို ကြိုဆိုသွားမည်ဖြစ်
နေပြည်တော် မတ် ၃
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ၏ (၃၇)ကြိမ်မြောက် အဆင့်မြင့်ကဏ္ဍအစည်းအဝေး (High-Level Segment) သို့ ပါဝင်တက်ရောက်ခဲ့ပြီး မတ် ၃ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
ဖြစ်ပေါ်တိုးတက်မှု
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ဖေဖော်ဝါရီ ၂၇ ရက်တွင် ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အဆင့်မြင့်ကဏ္ဍအစည်းအဝေးတွင် မိန့်ခွန်း တစ်ရပ် ပြောကြားခဲ့ရာ မြန်မာနိုင်ငံ၏ သိမ်မွေ့နက်နဲရှုပ်ထွေးသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအခြေအနေနှင့် ရခိုင် ပြည်နယ်၏ ဖြစ်ပေါ်တိုးတက်မှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
အဓိကအာရုံစိုက်
ယင်းသို့ ပြောကြားရာတွင် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတွင်း၌ စိန်ခေါ်မှုပြဿနာ အများအပြား ရင်ဆိုင်နေရသော်လည်း ရခိုင် ပြည်နယ်အရေးကိစ္စအား သတင်းမီဒီယာများ က ဘာသာရေးပြဿနာအဖြစ် စဉ်ဆက် မပြတ် ပုံဖော်နေကြခြင်းကြောင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ရခိုင်အရေးကိစ္စ ကိုသာ အဓိကအာရုံစိုက်နေကြကြောင်း၊ ရခိုင် ပြည်နယ်အရေးကိစ္စသည် ဘာသာရေး ပြဿနာတစ်ရပ်မဟုတ်ဘဲ တရားမဝင် ဝင်ရောက်မှု၊ သဘာဝသယံဇာတများ ပိုင်ဆိုင် နိုင်ရေး ပြိုင်ဆိုင်ကြိုးပမ်းမှု၊ ဆင်းရဲနွမ်းပါးမှု နှင့် တရားဥပဒေစိုးမိုးမှုတို့ ပါဝင်ပတ်သက် နေသည့် နိုင်ငံရေးနှင့် စီးပွားရေး ပြဿနာ ရပ်များသာဖြစ်ကြောင်း၊ ယင်းမှာ နိုင်ငံ၏ လုံခြုံရေးနှင့် အကြမ်းဖက်မှု ပြဿနာအသွင် သို့ ယခုအခါ ပြောင်းလဲရောက်ရှိလာကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် တာဝန်များ စတင်ထမ်းဆောင်ချိန်မှစ၍ ရခိုင် ပြည်နယ်အရေးကိစ္စအား ဖြေရှင်းရေးအတွက် ကိုဖီအာနန် အကြံပေးကော်မရှင် တည်ထောင် ခြင်းအပါအဝင် လုပ်ငန်းအစီအစဉ်များကို ချက်ချင်းချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ အစိုးရ ၏ ကြိုးပမ်းဆောင်ရွက်ချက်များ အရှိန်အဟုန် ရရှိလာပြီး နိုင်ငံတကာ အသိုက်အဝန်းမှ အပြုသဘော တုံ့ပြန်မှုများ ရရှိနေချိန်တွင် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ လဆန်းပိုင်း တွင် ရဲကင်းစခန်း သုံးခုကို တိုက်ခိုက်မှုများ ဖြစ်ပေါ်လာမှုကြောင့် ရခိုင်ပြည်နယ် အခြေ အနေမှာ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့ ကြောင်း၊ ၂ဝ၁၇ ခုနှစ် သြဂုတ် ၂၅ ရက်တွင် ကိုဖီအာနန် အကြံပေးကော်မရှင်၏ နောက်ဆုံး အစီရင်ခံစာ ထုတ်ပြန်ပြီး နာရီပိုင်းအတွင်း ARSA အကြမ်းဖက်အဖွဲ့မှ လုံခြုံရေးစခန်း (၃ဝ)နှင့် ရဲတပ်ရင်းဌာနချုပ်တို့ကို တစ်ပြိုင် တည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့များနှင့် အရပ်သားများစွာ သေကျေထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်မှုများကို နှိမ်နင်းရန်၊ တရားဥပဒေ စိုးမိုးမှုရှိရေးနှင့် အပြစ်မဲ့ ပြည်သူများအား ကာကွယ်ရန်အတွက် ဆောင်ရွက်ခဲ့ရကြောင်း၊ အကြမ်းဖက်မှုဖြစ်စဉ်များအပေါ် စိုးရိမ် ထိတ်လန့်မှုများကြောင့် မူဆလင်ရွာသားများ သည် နေရပ်စွန့်ခွာပြီး နယ်စပ်ဖြတ်ကျော် ထွက်ခွာခဲ့ကြကြောင်း၊ သို့သော်လည်း မူဆလင်ကျေးရွာ အများအပြားမှာလည်း အေးချမ်းစွာ ဆက်လက်နေထိုင်နေကြဆဲ ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် ဒေသခံ တိုင်းရင်းသားများဖြစ်သည့် ဒိုင်းနက်၊ မြို၊ သက်၊ မရမာကြီးနှင့် ရခိုင်လူနည်းစု တိုင်းရင်း သားများ၊ ဟိန္ဒူဘာသာဝင်များ နေရပ် ပြောင်းရွှေ့ခဲ့ရမှုများကိုမူ သတင်းမီဒီယာ များတွင် ဖော်ပြကြခြင်းမရှိကြောင်း၊ ARSA အဖွဲ့၏ လှုံ့ဆော်မှု၊ ခြိမ်းခြောက်မှုများနှင့် မမှန်ကန်သော မျှော်လင့်ချက်များပေးမှုသည် လည်း လူအများအပြား နေရပ်စွန့်ခွာရခြင်း ၏ အကြောင်းရင်းတစ်ခုဖြစ်ကြောင်း၊International Crisis Group (ICG) ၏ အစီရင်ခံစာတွင် ဖော်ပြထားသကဲ့သို့ ARSA၏ တိုက်ခိုက်မှုများသည် လုံခြုံရေးတပ်ဖွဲ့ဝင် များမှ တုံ့ပြန်လာစေရန် တမင်ရည်ရွယ် ၍ ရန်စတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ယင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လက်ရှိ ကြုံတွေ့နေရသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊ သို့ရာတွင် အများစုမှာ အကြမ်းဖက်တိုက်ခိုက်မှုများကို ရှုတ်ချဝေဖန်မှုများ ပြုလုပ်ခြင်း မရှိကြကြောင်း၊ အကြမ်းဖက်မှုဟူသမျှ မည်သည့်ရည်ရွယ်ချက်၊ မည်သည့်ပုံစံဖြင့်ဖြစ်စေ ပြုလုပ်လာပါက ခွင့်ပြုလက်ခံရန် မသင့်ကြောင်း၊ မြန်မာအစိုးရ အနေဖြင့် နေရပ်မှ စွန့်ခွာသူများကို ပြန်လည် လက်ခံရေးအပေါ် ဦးစားပေးဆောင်ရွက် လျက်ရှိရာ သိသာထင်ရှားသည့် တိုးတက်မှု များ ရရှိနေကြောင်း၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများကို ကြက်ခြေနီလှုပ်ရှားမှုနှင့် အာဆီယံလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေး ဗဟိုဌာနတို့မှတစ်ဆင့် ပံ့ပိုးပေးလျက်ရှိပြီးFAOနှင့်WFP အဖွဲ့တို့နှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် ကိုဖီအာနန် အကြံပေးကော်မရှင်၏ အကြံပြုချက်များကို လမ်းပြမြေပုံတစ်ရပ် အဖြစ် အကောင်အထည်ဖော်လျက်ရှိရာတွင် တိုးတက်မှုများ ရရှိနေကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး အတွက် တာဝန်ပေးအပ်ထားသည့် ဝန်ကြီး အဆင့် ကော်မတီမှလည်း မကြာသေးမီက ပထမအကြိမ် တိုးတက်မှုအစီရင်ခံစာကို ပြည်သူလူထုအား ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်များ လက်တွေ့ အကောင်အထည်ဖော်နေမှု အခြေအနေ များကို ကိုယ်တိုင်လေ့လာသိရှိနိုင်စေရန် ကုလသမဂ္ဂအေဂျင်စီများအပါအဝင် သံတမန် အဖွဲ့ဝင်များအား ရခိုင်ပြည်နယ်သို့ နေချင်းပြန် ခရီးစဉ်များ သုံးကြိမ် စီစဉ်ပေးခဲ့ကြောင်း၊ ရခိုင်ပြည်နယ်တွင် လူမှုအသိုက်အဝန်းအားလုံး လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအတွက် မြန်မာ အစိုးရက ကြိုးပမ်းအကောင်အထည်ဖော် လျက်ရှိသည့် လုပ်ငန်းစဉ်များတွင် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့ အနေဖြင့် ပါဝင်လက်တွဲ ဆောင်ရွက်ကြရန် လည်း မကြာသေးမီက ဖိတ်ခေါ်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ပြင်းထန်စွာကန့်ကွက်
ပြည်ထောင်စုဝန်ကြီးက အရပ်သားများ၏ အင်အားကို အသုံးပြုကြသည့် အကြမ်းဖက်မှု များအား နှိမ်နင်းရာတွင် မလိုလားအပ်သော ထိခိုက်ဆုံးရှုံးမှုများနှင့် သေကျေဒဏ်ရာရရှိမှု များ ဖြစ်နိုင်ပါကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်စပ်လျဉ်း၍ ခိုင်လုံသည့် အထောက်အထားရှိပါက အစိုးရအနေဖြင့် ကျူးလွန်သူ မည်သူ့ကိုမဆို ဥပဒေနှင့်အညီ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း၊ ရခိုင် ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ လူမျိုးတုံး သတ်ဖြတ်မှု (သို့မဟုတ်) လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း စသည့် စကားလုံး များ သုံးစွဲနေမှုကို မိမိတို့အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ ရခိုင်ပြည်နယ်ကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ ကြိုးပမ်းဆောင် ရွက်မှုကဏ္ဍများတွင် နိုင်ငံတကာ အသိုက် အဝန်းအနေဖြင့် အပြုသဘောပါဝင်မှုကို ကြိုဆိုသွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် အရေးကိစ္စ၏ ရှုပ်ထွေးသိမ်မွေ့နက်နဲမှုများ အပေါ် နားလည်မှုရှိပြီး ရေရှည်တည်တံ့သည့် အဖြေတစ်ရပ် ပေါ်ထွက်ရေးအတွက် ကြိုးပမ်းရာတွင် အပြုသဘောအကူအညီများ ပေးနိုင်ပါကြောင်း၊ အပြုသဘောမဆောင် သည့် အရေးယူဆောင်ရွက်မှုများသည် ဆန့်ကျင်ဘက် သက်ရောက်မှုများကို ဖြစ်ပေါ် လာစေနိုင်ပြီး လူမှုအသိုက်အဝန်းများအကြား ပိုမိုကွဲပြားမှုများကို
ဖြစ်ပေါ်စေနိုင်ကာ ပြန်လည်ရင်ကြားစေ့ရေး ရေရှည်ကြိုးပမ်းမှု များကို ထိခိုက်စေနိုင်ကြောင်း၊ မြန်မာနိုင်ငံ ၏ အသွင်ကူးပြောင်းရေးကာလတွင် လက်ရှိ အချိန်သည် စိန်ခေါ်မှုများ အမြင့်မားဆုံး ရင်ဆိုင်နေရသည့် အချိန်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် ယင်းစိန်ခေါ်မှုများကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး အတွက် အခွင့်အလမ်းများအဖြစ် ပြောင်းလဲ ကာ ဒီမိုကရေစီအင်အားတောင့်တင်းရန် အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှု အောင်မြင် လာသည်နှင့်အမျှ အဆိုပါ စိန်ခေါ်မှုများကို ကျော်လွှားစေနိုင်မည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ကြိုးပမ်းဆောင်ရွက်မှု
ပြည်ထောင်စုဝန်ကြီးသည် ဂျီနီဗာမြို့တွင် ရှိနေစဉ်အတွင်း ဖေဖော်ဝါရီ ၂၆ ရက်တွင် လက်နက်ဖျက်သိမ်းရေးညီလာခံ၏ အဆင့်မြင့် ကဏ္ဍအစည်းဝေးသို့ တက်ရောက်ခဲ့ပြီး အဏုမြူ လက်နက်ဖျက်သိမ်းရေးနှင့် အဏုမြူလက်နက် မပြန့်ပွားရေး ကိစ္စရပ်များနှင့်ပတ်သက်၍ မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ဂျီနီဗာမြို့၌ ဖေဖော်ဝါရီ ၂၇ ရက်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးထင်လင်းလိုက်ပါလျက် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Manabu Horiiနှင့် ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာရ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး Lord Ahmad of Wimbledon တို့အား သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်အရေးကိစ္စ နှင့်ပတ်သက်၍ မြန်မာအစိုးရ၏ ကြိုးပမ်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။ အလားတူ ပြည်ထောင်စု ဝန်ကြီးသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ (ICRC) ဥက္ကဋ္ဌ Mr. Peter Maurer အားလည်းICRC ဌာနချုပ်တွင် သွားရောက်တွေ့ဆုံခဲ့ပြီး လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးအပ်ရန်အတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများတွင်ICRCမှ ပါဝင်ကူညီပေးနိုင်မှု အခြေအနေ များကို ဆွေးနွေးခဲ့သည်။
ညှိနှိုင်းဆွေးနွေး
ပြည်ထောင်စုဝန်ကြီးသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ Bern မြို့၌ ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Mr. Johannes Matyassy နှင့်အတူ မြန်မာ-ဆွစ်ဇာလန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပ ခဲ့သည်။ ဆွေးနွေးပွဲတွင် မြန်မာ-ဆွစ်ဇာလန် နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ၊ ဆွစ်ဇာလန်နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးမဟာဗျူဟာ အစီ အစဉ်သစ် (၂ဝ၁၉-၂ဝ၂၃ ခုနှစ်) အရ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များ ပိုမို တိုးမြှင့်ဆောင်ရွက်ရေး၊ ဆွစ်ဇာလန်နိုင်ငံအနေ ဖြင့် အာဆီယံအဖွဲ့ကြီးနှင့် ပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ အပါအဝင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီပေးရေး၊ ပြန်လည်နေရာချထားရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုကိစ္စ တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment