Saturday, March 3, 2018

အများပြည်သူ ရုံးပိတ်ရက်များတွင် ကရင်ပြည်နယ်အတွင်း ဘုရားဖူးများစည်ကား

Image may contain: tree, outdoor, nature and water
ဘားအံ မတ် ၂
ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းရှိ စေတီပုထိုးများနှင့် ဂူဘုရားများ၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
''ကျွန်တော်တို့က ဝန်ထမ်းတွေပါ၊ ရုံးပိတ်ရက်က လေးရက်ဆိုတော့ မိသားစုလိုက် ဘုရားဖူးရင်း၊ လည်ပတ်ရင်း ထွက်လာတာပါ၊ ကရင်ပြည်နယ်က လည်ပတ်ရမယ့် နေရာပို များတာလည်း ပါတယ်။ ဒါကြောင့် ရုံးပိတ်ရက်မှာ ကရင် ပြည်နယ်ကို ဘုရားဖူးခရီးစဉ်အဖြစ် ရွေးချယ်လိုက်တာပါ''ဟု ရသေ့ပျံဘုရားသို့လာရောက်ဖူးမြော်ရန် ရောက်ရှိလာ
သည့် ကိုဖြိုးက ပြောသည်။
ဘားအံမြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများ ဖြစ်သော ဇွဲကပင်ဆံတော်ရှင် ကျောက်ကလပ်စေတီ၊ ရွှေရင်မျှော် ဘုရား၊ သေဌမာရ်အောင်ဘုရား၊ မုလအိဆံတော်ရှင်၊ လွန်းညစေတီတို့အပြင် ထင်ရှားသည့် ဂူဘုရားများဖြစ်သည့် ဘုရင့်ညီဂူ၊ ရသေ့ပျံဂူ၊ ကော့ဂွန်းဂူ၊ ဆဒ္ဒန်ဂူ၊ လင်းနို့ဂူ၊ ကော့ကသောင်ဂူ၊ ဝဲပျံဂူတို့ အပါအဝင်အပန်းဖြေစရာနေရာ များဖြစ်သည့် ချစ်သူမြိုင်ပန်းခြံ၊ ကန်သာယာနှင့် ရေတံခွန် များအပြင် ဇွဲကပင်တောင်ရှိ အပျော်စီးကေဘယ်လ်တို့ မှာလည်း ခရီးသွားလုပ်ငန်းကို ဆွဲဆောင်မှုရှိစေသည့် ထင်ရှားသည့်နေရာများဖြစ်ကြောင်း သိရသည်။
''ကျွန်မတို့က ရန်ကုန်လှိုင်သာယာက အထည်ချုပ်စက်ရုံ ကနေ သူငယ်ချင်းတွေစုပြီး လာလည်တာလေ၊ ကရင် ပြည်နယ်မှာက လည်ပတ်စရာများပေမယ့် ရုံးပိတ်ရက်လေး အိမ်ပြန်ချင်တာလည်းပါလို့ နေ့ချင်းပြန်လာခဲ့တာ၊ ဘားအံ မြို့အနီးက နေရာတွေပဲ သွားနိုင်ခဲ့တယ်''ဟု ဘုရားဖူးလာသူ အထည်ချုပ်စက်ရုံဝန်ထမ်း မမော်ကပြောသည်။
ကရင်ပြည်နယ်အတွင်း ဘုရားဖူးလာသူများအနေဖြင့် ဒုံသမိတံတားကို ဖြတ်ပြီးပါက ပထမဆုံးဘုရင့်ညီဂူဘုရား ပြီးရင် မြိုင်ကလေးကျော်၍ သံလွင်တံတားမရောက်ခင် ညာဘက်လမ်းခွဲမှ ကော့ဂွန်းဂူနှင့် ရသေ့ပျံဂူသို့ သွားရောက် နိုင်ပြီး ယင်းမှတစ်ဆင့် ဘားကပ်ရွာဟောင်းဘက်ရှိ ဘားကပ် လင်းနို့ဂူသို့ သွားရောက်နိုင်သည်။
ထို့နောက် သံလွင်တံတားကျော်လာပြီး ဘားအံမြို့ အတွင်းသို့ မဝင်ရောက်သေးဘဲ ကော့ကျိုက်ရွာလမ်းဆုံမှ ကျောက်ကလပ်ဘုရားနှင့် ဇွဲကပင်ဆံတော်ရှင်ဘုရားသို့ ဖူးမြော်နိုင်ပြီး သဘာဝစိမ့်စမ်းရေကူးကန်နှင့် ချစ်သူ့မြိုင် ပန်းခြံတွင် ခရီးတစ်ထောက်အနားယူအပန်းဖြေနိုင် သည်။
ထိုမှတစ်ဆင့် နောင်လုံတောင်ကြားအတိုင်း အိန္ဒုရွာ အရောက် သာမည ကော့ကရိတ်နှင့် မြဝတီမြို့များသို့သွား ရောက်နိုင်သလို အိန္ဒုရွာလမ်းခွဲမှ မော်လမြိုင်ဘက်သို့ လမ်းညွှန်အတိုင်းဆက်သွားပါက ရှေ့အနီးအနား၌ပင် အပါယ်ပိတ်ဘုရားနှင့် ရှေးဟောင်းသမိုင်းဝင်ဆဒ္ဒန်ဂူဘုရား သို့ သွားရောက်နိုင်မည်ဖြစ်ပါသည်။
ထို့နောက်ဆဒ္ဒန်ဂူမှဘားအံမြို့တွင်းပြန်လာ မည်ဆိုပါက လည်းလွန်းညစေတီနှင့် လွန်းညရေပြာအိုင်သို့ ဝင်ရောက် နိုင်ပြီး ဘားအံအဝင်ကော့ကသောင်ကျေးရွာရှိ သမိုင်းဝင် ကော့ကသောင်ဂူဘုရားနှင့် ရတနာလိုဏ်ဂူဘုရားများသို့ ဝင်ရောက်ဖူးမြော်ကာ ဘုရားပရဝဏ်အတွင်းရှိသဘာဝစိမ့်စမ်းရေကူးကန်တွင် ရေကူးအပန်းဖြေကာ ရိုးရာ စားသောက်ဖွယ်ရာအမျိုးမျိုးကိုလည်း သုံးဆောင်နိုင် ကြောင်း သိရသည်။
ထိုမှဘားအံမြို့အတွင်းသို့ ပြန်လည်ဝင်ရောက်လျှင် ရွှေရင်မျှော်ဘုရား၊ သေဌမာရ်အောင်ဘုရားတို့ကို ဝင် ရောက်ဖူးမြော်ပြီး ညဦးပိုင်းတွင် ဘားအံမြို့
ကျက်သရေဆောင် ကန်သာယာနှင့် ဇွဲကပင်အလှကို ခံစားကာ ကန်သာယာညဈေးတန်းတွင် လည်ပတ်စား သောက်ကြခြင်းဖြင့် အပန်းဖြေနိုင်သည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ သာယာလှပသော ကျုံထော် ရေတံခွန်သို့သွားရောက်နိုင်ပြီး ကျုံထော်ရေတံခွန်သို့သွား မည်ဆိုလျှင် လှိုင်းဘွဲလမ်းဂွအဝိုင်းမှ ရွှေဂွန်းလမ်းအတိုင်း သွားရောက်ရာမှ မြိုင်ကြီးငူကျော်ပြီးပါက ကျုံထော်ရေတံခွန် ရောက်ရှိမည်ဖြစ်ကာ ကျုံထော်မှအပြန် မြိုင်ကြီးငူအထူး ဒေသရှိ စိန်ပန်းမြိုင်ဆည်၏ ရှုခင်းအလှ ကြည့်ရှုနိုင်သည့် အပြင် မြိုင်ကြီးငူဆရာတော်ကြီး၏မြသပိတ်ဌာပနာထား သည့် နန်းဦးဆုတောင်းပြည့်ဘုရားနှင့် ဘေသဇ္ဇမုနိ ကြေးသွန်းဘုရားကြီးကို ဖူးမြော်နိုင်ပြီး သံလွင်မြစ်သဘာဝ
အလှများအား ဘုရားရင်ပြင်ပေါ်မှခံစားနိုင်သည့် အပြင် ဘုရားအတွင်း ပန်းချီကားများရှိ ကမ္ပည်း၊ ပန်းချီကားများ
ကိုလည်း စိတ်ဝင်စားဖွယ် ကြည့်ရှုဖတ်ရှုနိုင်သည်။
ထိုမှတစ်ဖန် မြိုင်ကြီးငူအထွက်တွင် ရေပြန်ကျွန်းဆုတောင်းပြည့်ဘုရားကြီးဖူးရင်း သဘာဝတောတောင် သဘာဝအလှတွေ ကြည့်ရှုခံစားကာ ဘားအံအပြန်ခရီး တွင် တစ်ခင်းလုံကျေးရွာရှိဖဒုံဂူဘုရားနှင့် ဘားအံမြို့တောင် ကလေးမြစေတီဘုရားကို ဖူးမြော်နိုင်ပြီး တောင်ဝိုင်း တောင်သို့လည်း သွားရောက်ကာ သဘာဝရှုခင်းများအလှ များကို တောင်ထွတ်ပေါ်မှ ခံစားရင်း သာယာလှပသော ရှုမျှော်ခင်းများကို မိုးပျံသံလှေကားတွင် အမှတ်တရအလှပုံ များဖြင့် မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးနိုင်သည်။
မြဝတီမြို့နယ်ထဲက မုလအိဆံတော်ရှင်တောင်သို့လည်း ကောင်း၊ သံတောင်ကြီးမြို့နယ်မှ နော်ဘူဘောဆုတောင်း တောင်သို့လည်းကောင်း၊ မုလအိတောင်တက်၍
ဆံတော်ရှင်ဘုရားသို့လည်းကောင်း လည်ပတ်နိုင်ကြောင်း သိရသည်။
မင်းသူ၊ ထွန်းထွန်းထွေး(ဘားအံ)

No comments:

Post a Comment