Thursday, March 1, 2018

တစ်ယောက်နဲ့တစ်ယောက် ပိုပြီးနားလည်လာမှ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီး ထူထောင်နိုင်မည်နောင်လာနောက်သားတွေအပေါ် တာဝန်သိစိတ်၊ စေတနာထားစိတ်တွေနဲ့ ငြိမ်းချမ်းရေးရရှိဖို့ ဝိုင်းဝန်းဆွေးနွေး

Image may contain: 1 person, indoor
(၇)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၂၈
(၇)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၌ ကျင်းပရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နှုတ်ခွန်းဆက်စကား ပြောကြားသည်။
အစည်းအဝေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ''အစည်းအဝေးကို တက်ရောက်လာတဲ့ ဧည့်သည်တော်တွေအားလုံးကို နှုတ်ခွန်းဆက် ပါတယ်။ အခု အစည်းအဝေးရဲ့ ထူးခြားချက်ကတော့ ကျွန်မတို့ မွန်ပြည်သစ်ပါတီနဲ့ လားဟူပါတီက တက်ရောက် လာခြင်းပဲဖြစ်ပါတယ်။ ဒီလိုငြိမ်းချမ်းရေးကို သွေးသစ်လောင်းပေးတဲ့အတွက် အင်မတန်မှလည်း ကျေးဇူးတင်ပါတယ်။ ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေကတော့ စုံစုံလင်လင် နဲ့ မတက်ရောက်နိုင်ကြပါဘူး။ တချို့ကဆိုရင် ဒုတိယဥက္ကဋ္ဌတွေ တက်တာရှိတယ်။ တချို့ကကျတော့လည်း ကိုယ်စားလှယ် တွေ လုံးဝမလာတာတွေ ရှိပါတယ်။
ဒီလိုအခြေအနေရှိတယ်ဆိုတော့ ကျွန်မတို့အနေနဲ့ အကြောင်းအရာတွေအားလုံးကိုတော့ ကျေကျေလည်လည် ဆွေးနွေးနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုပြောခြင်းအားဖြင့် ကျွန်မတို့က တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို အလေး မထားလို့ မဟုတ်ပါဘူး။ တစ်ဦးချင်း တစ်ဦးချင်းရဲ့ တန်ဖိုးကိုကျွန်မတို့ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ပြဿနာတွေ ကို ပြေပြေလည်လည် ဖြေရှင်းဖို့ဆိုရင် ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့သူတွေနဲ့ ဆွေးနွေးညှိနှိုင်းမှပဲ ဖြေရှင်းလို့ရမှာပါ။ ဒါကြောင့် ကျွန်မတို့ အခုအစည်းအဝေးမှာတော့ ကျေကျေလည်လည်တော့ ဆွေးနွေးနိုင်မယ်လို့တော့ မထင်ဘူး။ သို့သော်ငြားလည်း ဆွေးနွေးသင့်သလောက် တော့ ကျွန်မတို့ ဆွေးနွေးဖို့ ကြိုးစားပါမယ်။
အားလုံးပူးပေါင်း
ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် လူတိုင်း လူတိုင်း၊ တစ်ဦးချင်း တစ်ဦးချင်းဟာ အရေးကြီးပါတယ်။ အဖွဲ့တိုင်း အဖွဲ့တိုင်း၊ တစ်ဖွဲ့ချင်း တစ်ဖွဲ့ချင်းဟာ အရေးကြီးပါတယ်။ အဖွဲ့တိုင်း အဖွဲ့တိုင်းကလည်း ကိုယ့်ရဲ့အဖွဲ့အတွက် တာဝန်ယူရသလို ကိုယ့်ရဲ့ ရဲဘော်ရဲဘက်တွေ၊ လုပ်ဖော် ကိုင်ဖက်တွေအတွက်လည်း တာဝန်ယူရပါတယ်။ ကိုယ် တစ်ယောက်တည်း၊ ကိုယ်တစ်ဖွဲ့တည်း သွားချင်တဲ့လမ်း သွားနေဖို့ဆိုတာ မဖြစ်ပါဘူး။ စုဖွဲ့ပြီး၊ အားလုံးပူးပေါင်းပြီးမှ ကျွန်မတို့ ငြိမ်းချမ်းရေးကို ရနိုင်မှာပါ။
ယုံကြည်မှုမရှိရင်
ငြိမ်းချမ်းရေးရဖို့အတွက် အရေးကြီးတာကတော့ ယုံကြည်မှုပဲ။ ယုံကြည်မှုဆိုတာဟာ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုထက် ပိုပြီးအရေးကြီးတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပဲ၊ ကိုယ်ဟာ ငြိမ်းချမ်းရေးကိုရအောင် လုပ်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ ငြိမ်းချမ်းရေးကို ဦးတည်သွား ပြီးတော့ လမ်းလျှောက်သွားနိုင်တဲ့အဖွဲ့ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုရှိဖို့လိုပါတယ်။ ဒီယုံကြည်မှုမရှိရင် တခြား သူတွေကို ယုံကြည်တာ မယုံကြည်တာက အလကားပဲ၊ ကိုယ့်ကိုယ်ကိုယ် မယုံကြည်ဘဲနဲ့ ကိုယ့်အဖွဲ့ကို ကိုယ်မယုံကြည်ဘဲနဲ့တော့ ငြိမ်းချမ်းရေးရအောင် လုပ်လို့ ရမှာမဟုတ်ပါဘူး။
ပြည်ထောင်စုဆိုတာ
အခုကျွန်မတို့JICMအစည်းအဝေးကို ရောက်လာ တဲ့ ပုဂ္ဂိုလ်များ အားလုံးဟာ မိမိတို့အတွက်ရော၊ မိမိတို့ရဲ့ အဖွဲ့အတွက်ရော ယုံကြည်မှုအပြည့်အဝနဲ့ ပါဝင်ပြီးတော့ ဆွေးနွေးစေချင်ပါတယ်။ အခုဆိုရင် ကျွန်မတို့ရဲ့ ငြိမ်းချမ်း ရေးဖြစ်စဉ်ထဲမှာပါနေတဲ့ အဖွဲ့အစည်းအသီးသီးထဲက တချို့က ပြောကြတာဟာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုဆိုတာကို တကယ်ပဲ ယုံကြည်ရဲ့လား။ အစိုးရက ယုံကြည်ရဲ့လား။ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပါဝင်နေတဲ့ အစုအဖွဲ့တွေအားလုံးက ယုံကြည်ရဲ့လား ဆိုပြီးတော့ မေးကြပါတယ်။ ဒီလိုမေးခွန်းမေးတာဟာ ကျွန်မအနေနဲ့တော့ နည်းနည်း အစီအစဉ်မကျဘူးလို့ ထင်ပါတယ်။ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ထဲဝင်ပြီးတော့ ဒီမို ကရေစီ ဖက်ဒရယ်ပြည်ထောင်စုဆိုတာဟာ ဘယ်လိုပုံစံနဲ့ အကောင်အထည်ဖော်မလဲဆိုတာ မဆွေးနွေးဘဲ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တကယ်ယုံတာလား၊ တကယ်လိုချင်တာလားလို့ ဘယ်လိုမေးမလဲ။ ဖက်ဒရယ် ပြည်ထောင်စုဆိုတာ အမျိုးမျိုးရှိပါတယ်။ ကျွန်မတို့နိုင်ငံနဲ့ သင့်တော်တဲ့ ကျွန်မတို့ရဲ့နိုင်ငံအတွက် အကောင်းဆုံးဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆိုတာ ဘယ်လို ပြည်ထောင်စုမျိုးလဲ၊ ဘယ်လိုပုံစံ မျိုးလဲဆိုတာကို ကျွန်မတို့ မဆွေးနွေးခင်မှာ ဒါကို မေးနေတာကိုတော့ ကျွန်မတို့ အတွက် ဘာမှအထောက်အကူမဖြစ်ဘူးလို့ ထင်ပါတယ်။
ဖက်ဒရယ်ပြည်ထောင်စု
ဒါကြောင့်မို့လို့ အကောင်းဆုံးကတော့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တကယ်ပဲ အခု ဒီအစိုးရက လိုချင်ရဲ့လား၊ မလိုချင်ဘူးလားဆိုတာ သိချင်ရင်တော့ ဒီငြိမ်းချမ်းရေးညီလာခံထဲမှာ ပါဝင်ဆွေးနွေးပြီးတော့ ဘယ်လိုဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ဦးတည် မယ်ဆိုတာ ဆုံးဖြတ်ပြီးမှ ဒါအဖြေပေါ်မယ်လို့ ကျွန်မ ကတော့ ဒီလိုပဲပြောချင်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်မ တို့ တစ်ခါတလေ တစ်ဝဲလည်လည် ဖြစ်နေတဲ့ကိစ္စတွေဟာ အစကနေမစဘဲနဲ့ အဆုံးကို ကျော်လွှားသွားချင်လို့ဖြစ်ပါ တယ်။ အဲဒီတော့ အစကနေစမှ ကျွန်မတို့ဟာ အဆုံးကို သေသေသပ်သပ်နဲ့ ရောက်နိုင်မှာပါ။
ညှိနှိုင်းပေးစေချင်ရင်
နောက်ပြီးတော့ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် ကြားထဲမှာ ညှိနှိုင်းမှုတွေရှိရဲ့လား။ အထူးသဖြင့် အစိုးရက နေပြီးတော့ ညှိနှိုင်းပေးချင်ရဲ့လား။ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားထဲမှာ ညှိနှိုင်း ပေးချင်ရဲ့လားဆိုပြီးတော့ တချို့ကလည်း မေးချင်ပါ တယ်။ မေးကြပါတယ်။ ကျွန်မတို့ကတော့ လူတိုင်းကြား ထဲမှာ ညှိနှိုင်းပေးချင်တာပဲ။ သို့သော်ငြားလည်း အညှိနှိုင်း ခံရမယ့်လူတွေကလည်း အညှိနှိုင်းခံချင်မှ ရတာပါ။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှဖြစ်တာပါ။ သုံးဖက်တီးတာ တော့ ပိုပြီးတော့ ခက်ပါတယ်။ အဲဒါကြောင့် လုပ်ကြည့်မှပဲ သိမှာပါ။ လုပ်ကြည့်ရမယ်။ ကြိုးစားကြည့်ရမယ်။ နောက်ပြီးတော့လည်း ကျွန်မတို့ကို ညှိနှိုင်းပေးစေချင်ရင် တော့ ကျွန်မတို့စကားကို နားထောင်ရမှာပဲ။ နားမထောင် ဘဲနဲ့ ညှိနှိုင်းပေးပါဆိုလို့ ဘယ်လိုလုပ် ကျွန်မတို့က ညှိနှိုင်းပေးရမလဲ။
ငြိမ်းချမ်းရေးဖြစ်စဉ်
အခု ဒီလိုအစည်းအဝေးဖြစ်တိုင်းဖြစ်တိုင်း တစ်ယောက် အကြောင်း တစ်ယောက် နည်းနည်းတော့ ပိုပြီးတော့ နားလည်လာနိုင်မယ့် အခွင့်အရေးတော့ ကျွန်မတို့ ရပါ တယ်။ ဒီအခွင့်အရေးကိုယူပါ။ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးတော့ နားလည်လာနိုင်မှ ကျွန်မတို့တစ်တွေဟာ အတူ လက်တွဲပြီးတော့ ကိုယ်လိုချင်တဲ့ နိုင်ငံတော်ကြီးတစ်ခုကို ထူထောင်နိုင်မှာပါ။ ကျွန်မ ခဏခဏပြောပါတယ်။ ဘယ်လို နိုင်ငံတော်လိုချင်လဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မကြည့်ဘဲနဲ့ ရိုးရိုးစဉ်းစားပါ။ ကိုယ့်ရဲ့သားတွေ၊ မြေးတွေကို ဘယ်လိုနိုင်ငံမှာ ကြီးပြင်းလာစေချင်သလဲ။ သားတွေ၊ သမီးတွေက ကြီးနေပြီဆိုရင် မြေးတွေပေါ့။ ဒီမြေးငယ် လေးတွေဟာ ကြီးလာရင် ဘယ်လိုနိုင်ငံကြီးမှာ သူတို့ဘဝ ကို ဆောက်တည်သွားစေချင်သလဲဆိုတဲ့ အတွေးနဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို ချဉ်းကပ်ကြပါ။ အဲဒီလို ကိုယ့်ရဲ့ မြေးလေးတွေ၊ မြစ်တွေ ရှင်သန်သွားစေချင်တဲ့ နိုင်ငံကြီးကို ဖော်ဆောင်ဖို့ဆိုရင် ငြိမ်းချမ်းရေးမရဘဲ ဘယ်လိုမှ မရပါဘူး။ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
တည်ဆောက်ယူ
ကျွန်မကတော့ ယုံကြည်ပါတယ်။ ဒီအစည်းအဝေးမှာ တက်ရောက်တဲ့ ပုဂ္ဂိုလ်တွေထဲက ဘယ်တစ်ယောက်မှ ကိုယ့်ရဲ့ မြေးတွေ၊ မြစ်တွေကို မငြိမ်းချမ်းတဲ့ နိုင်ငံကြီးမှာ ကြီးပြင်းလာစေချင်မှာ မဟုတ်ပါဘူး။ မငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်လာစေချင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ ကျွန်မတို့ မြေးတွေ၊ မြစ်တွေ ဘယ်လိုဖြစ် စေချင်သလဲ။ ဘယ်လိုနိုင်ငံမျိုးမှာ နေချင်သလဲ။ ဘယ်လို ကမ္ဘာကြီးမျိုးမှာ နေစေချင်သလဲ။ ကိုယ့်နိုင်ငံကို တည်ဆောက်ပြီးမှ ကမ္ဘာကြီးကို တည်ဆောက်လို့ရမှာပါ။ အခု တက်ရောက်လာတဲ့ ကိုယ်စားလှယ်ကြီးတွေအားလုံးဟာ တကယ့်ကို ငြိမ်းချမ်းရေး လိုချင်ဖို့လိုပါတယ်။ ကျွန်မ အနေနဲ့တော့ ယုံကြည်ချက်ခိုင်မာပါတယ်။ ငြိမ်းချမ်းရေး ထက် ကောင်းတဲ့အခြေအနေဆိုတာ ဘာမှမရှိပါဘူး။ ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ယူလို့လည်း မရပါဘူး။ ဖွံ့ဖြိုး တိုးတက်ရေးဆိုတာ တည်ဆောက်ယူရတာပါ။ တည်ဆောက်ဖို့ဆိုတာဟာ ငြိမ်းချမ်းရေး လိုပါတယ်။
အကောင်အထည်ဖော်
အဲဒါကြောင့်မို့လို့ ကျွန်မတို့ တကယ်ပဲ ကိုယ်လိုချင် တဲ့ ကိုယ့်အတွက်တင်မက နောင်လာနောက်သားများအတွက် လိုချင်တဲ့ နိုင်ငံတစ်ခု တည်ဆောက်ဖို့ကို အချင်းချင်း ညှိနှိုင်းတဲ့နေရာမှာ အိပ်မက်လည်း မက်တတ်ရမယ်၊ အိပ်မက်ကိုလည်း အကောင်အထည်ဖော်တတ်ရမယ်လို့ ကျွန်မ ပြောချင်ပါတယ်။ အိပ်မက်လည်း မက်တတ်ရမယ် ဆိုတာ မဖြစ်နိုင်တဲ့အိပ်မက်တွေကို မက်လို့မဖြစ်ပါဘူး။ မဖြစ်နိုင်တဲ့ အိပ်မက်တွေမက်တယ်ဆိုတာ အချိန်ကုန်ရုံပဲ ရှိပါတယ်။ နောက်ပြီးတော့ အကောင်အထည်မဖော်နိုင်တဲ့ အိပ်မက်တွေဆိုတာလည်း တကယ်ကိုတန်ဖိုးရှိတဲ့ အိပ်မက် မဟုတ်ပါဘူး။ အဲဒီတော့ ကျွန်မတို့ဟာ ဖော်ဆောင်နိုင်တဲ့ အိပ်မက်တွေကို မက်တတ်ရမယ်။ အိပ်မက် မမက်တတ် ရင်လည်း အိပ်မက်တွေ အကောင်အထည်ဖော်နိုင်တဲ့ အချိန်ကို မရောက်နိုင်ဘူး။ ဒါကြောင့် အိပ်မက်မက်တတ် ရမယ်။ ဒါကြောင့် ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကြီး အိပ်မက်ကို မက်တတ်ရမယ်။ ဒီအိပ်မက်ကို အကောင် အထည်ဖော်နိုင်ရမယ်။
ငြိမ်းချမ်းရေးအိပ်မက်
ကျွန်မ မကြာခဏ ပြောပါတယ်။ ကျွန်မ အနှစ် သက်ဆုံး ကဗျာတစ်ခုမှာ အစွမ်းရှိဆုံးပုဂ္ဂိုလ်ဆိုတာဟာ မိမိရဲ့ အိပ်မက်တွေကို အကောင်ထည်ဖော်နိုင်တဲ့ ပုဂ္ဂိုလ်ပဲ ဆိုတဲ့ အဓိပ္ပာယ်ပါတဲ့ ကဗျာပါပဲ။ ကျွန်မတို့အားလုံးဟာ တကယ်ပဲ ငြိမ်းချမ်းရေးကို အိပ်မက်မက်နေတယ်ဆိုရင် ငြိမ်းချမ်းရေးအိပ်မက်ကို အကောင်အထည်ဖော်နိုင်တဲ့ အစွမ်းရှိဖို့ လိုပါတယ်။ အစွမ်းဆိုတာ ကျွန်မ(NCA)လက်မှတ်ထိုးပွဲမှာ ပြောခဲ့သလို စေတနာ၊ ပညာ၊ သတ္တိ သုံးခုလုံးရှိမှ စွမ်းနိုင်မှာပါ။ ကိုယ်လုပ်ပေးချင်တဲ့ စေတနာရှိ ရမယ်။ လုပ်ပေးချင်တဲ့ စေတနာမရှိဘဲနဲ့တော့ ဘာကိုမှ ဖြစ်အောင် မလုပ်နိုင်ပါဘူး။
သတ္တိလည်းရှိရမယ်
ကျွန်မတို့ဟာ ထမင်းတစ်နပ်ချက်ကျွေးရင်တောင်မှ ထမင်းကျွေးချင်တဲ့ စေတနာလေးရှိရမယ်။ ကောင်းကောင်း လေး ကျွေးချင်တဲ့ စေတနာလေးရှိရမယ်။ ကောင်းကောင်း လေး ကျွေးချင်လို့ ထမင်းတစ်နပ်၊ ထမင်းတစ်အိုးချက်တာ တောင်မှ ဝီရိယစိုက်ထုတ်ပြီးတော့ သေသေချာချာ အကောင်းဆုံးဖြစ်အောင် လုပ်ချင်တဲ့စိတ်ရှိမှ ဒါအစားက ကောင်းမှာပါ။ ဒါပေမယ့်လည်း မချက်တတ်ရင် ဘယ်လိုပဲ စေတနာရှိရှိ လုပ်လို့မရဘူး။ ဒါကြောင့်မို့ ပညာ လည်းရှိရမယ်။ သတ္တိလည်းရှိရမယ်။ သတ္တိဆိုတာကတော့ အမြဲပဲစွန့်စားခြင်း မဟုတ်ပါဘူး။ တချို့က လုံ့လ၊ ဝီရိယ ထုတ်ခြင်းပါပဲ။ အပင်ပန်းခံခြင်းပါပဲ။ အပင်ပန်းခံပြီးမှပဲ လုပ်ရပါမယ်။ ဒီလို စေတနာ၊ ပညာ၊ သတ္တိတို့နဲ့ ဆက်ပြီး တော့ လုပ်သွားမယ်ဆိုရင် ဘယ်လိုအခက်အခဲတွေပဲ ကြုံတွေ့ရ၊ ကြုံတွေ့ရ ကျော်လွှားနိုင်မှာပါ။ ဒါပေမယ့် အစကစမှ မှန်မှန်ကန်ကန် အဆုံးတိုင်ရောက်နိုင် မှာပါ။
အထောက်အကူမဖြစ်
ဒါကြောင့်မို့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဆိုတာ ဘာလဲဆိုတာကိုတောင်မှ သေသေချာချာ မဆွေးနွေးရခင်ကတည်းက ဒီဟာကို တကယ်လိုချင်ကြရဲ့ လားလို့ မေးနေတာကတော့ ကျွန်မတို့ သွားချင်တဲ့ပန်းတိုင် ကို ရောက်ဖို့အတွက် အထောက်အကူမဖြစ်ဘူးလို့ ကျွန်မ ထင်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ
ဒါကြောင့်မို့ ကျွန်မတို့အားလုံး ငြိမ်းချမ်းရေးဆွေးနွေး ပွဲထဲမှာ ပါဝင်ပြီးတော့ ဘာကိုဆိုလိုတာလဲ၊ ဒီမိုကရေစီ ဆိုတာ ဘာကိုဆိုလိုတာလဲ၊ ဖက်ဒရယ်ဆိုတာ ဘာကိုဆိုလို တာလဲ၊ ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော်ကြီးဆိုတာ ဘာကို ဆိုလိုတာလဲ၊ အဲဒါကို ကျွန်မတို့ သေသေချာချာ ဆွေးနွေး ရမယ်။ ဆွေးနွေးပြီးတော့မှ ဒါကို ဒို့အားလုံး လက်ခံနိုင် မလား၊ အားလုံးလက်ခံနိုင်အောင်လို့ ဘယ်လိုဟာလေးတွေ ကို ပြင်မလဲ၊ ဘယ်နေရာတွေမှာ အပေးအယူလုပ်မလဲ ဆိုတာကို ကျွန်မတို့ဆုံးဖြတ်ရမှာပါ။ ဒါကြောင့် မစခင် ကတည်းက၊ စစ်မထွက်ခင်ကတည်းက မြားကုန်နေလို့ မဖြစ်ပါဘူး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုတာ ဘာလဲလို့တောင်မှ ကျွန်မတို့ သေသေချာချာ မသတ်မှတ် ခင်ကတည်းက အဲဒါကို တကယ်မှ လိုချင်ပါ့မလားလို့ မေးနေတဲ့ အခါကျတော့ ဒါကို စစ်မထွက်ခင်ကတည်းက မြားကုန်နေသလိုပါပဲ။
ဝိုင်းဝန်းဆွေးနွေး
အခုအစည်းအဝေးမှာ ပါဝင်တက်ရောက်တဲ့ ဧည့်သည်တော်များ အားလုံးဟာ နောင်လာ နောက်သား တွေအပေါ်မှာ တာဝန်သိစိတ်၊ စေတနာထား စိတ်တွေနဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ဝိုင်းဝန်းပြီးတော့ ဆွေးနွေး ကြပါ။
ငြိမ်းချမ်းရေးအတွက်
ကျွန်မတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ လမ်းတွေကို အတူရှာကြပါ။ ကျော်လွှားတဲ့ နေရာမှာ တစ်ဦးကနေပြီးတော့ ပင်ပန်းနေရင် ဘေးကနေ ပြီးတော့ ဝိုင်းဝန်းပြီးတော့ ကူညီပေးကြပါ။ လက်တွဲပေး ကြပါ။ တစ်ယောက်နဲ့တစ်ယောက် မတွန်းပါနဲ့။ လက်တွဲ ခေါ်ပါ။ ဒီလို စိတ်ဓာတ်တွေနဲ့ ကျွန်မတို့ ဆက်ပြီး သွားမယ် ဆိုရင် ကျွန်မတို့ရဲ့ နောင်လာနောက်သားတွေဟာ တစ်ချိန် တစ်ခါမှာ (၂၁)ရာစုတုန်းက (၂၁)ရာစုပင်လုံကနေတစ်ဆင့် ငါတို့အခုနေရတဲ့ အေးချမ်းသာယာတဲ့ ပြည်ထောင်စုကြီးကို ထူထောင်လိုက်တာပဲဆိုတဲ့ အသိနဲ့စိတ်ချမ်းသာရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ဧည့်သည်တော်များ အားလုံးဟာ တကယ့်ကို ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်၊ တကယ့်ကို ငြိမ်းချမ်းရေးအတွက် ရအောင် ယူမယ်၊ ငြိမ်းချမ်းရေးရအောင် လုပ်မယ်ဆိုတဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယတို့နဲ့ ဒီအစည်းအဝေးမှာ ပါဝင်ကြပါ။ အင်မတန်မှ ကောင်းတဲ့အကြံဥာဏ်တွေလည်း ထွက်လာနိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ ဒီအကြံဥာဏ်တွေအားလုံး စုပေါင်းပြီးတော့ တစ်ဆင့်နဲ့တစ်ဆင့် တိုးတက်နိုင်ဖို့အတွက် လည်း ကျွန်မအနေနဲ့ မျှော်လင့်ပါတယ်လို့ ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်''ဟု ပြောကြားသည်။
ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ''အခု ကျွန်တော်တို့ ၇ ကြိမ်မြောက် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ဟာ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် နေ့မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ မွန်ပြည်သစ်ပါတီ (NMSP)ဥက္ကဋ္ဌ နိုင်ထောမွန်နဲ့ အဖွဲ့ဝင်များ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU)က အဖွဲ့ဝင်တွေနဲ့ NCAမှာ လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင်တွေနဲ့ ခေါင်းဆောင် တွေ၊ ကိုယ်စားလှယ်တွေ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
ခေါင်းဆောင်အသီးသီး တက်ရောက်သင့်
အလားတူNMSP ဥက္ကဋ္ဌကြီးနဲ့ အဖွဲ့ကိုလည်း ကျွန်တော်တို့JICMကနေ ကြိုဆိုပါကြောင်း ထပ်လောင်း ပြီးတော့ ပြောကြားလိုပါတယ်။ ဒီကနေ့ အစည်းအဝေးမှာ ကျွန်တော့်အနေနဲ့ အချက်နှစ်ချက် ဆွေးနွေးလိုပါတယ်။ ဒါကဘာလဲဆိုရင် ကျွန်တော်တို့JICM အဖွဲ့အစည်းဆိုတာ နိုင်ငံရေးဆွေးနွေးပွဲမှာ အမြင့်ဆုံးအစည်းအဝေး၊ အမြင့်ဆုံး အဖွဲ့အစည်းလည်းဖြစ်ပါတယ်။ ဒီလိုနိုင်ငံရေးနဲ့ပတ်သက် တဲ့ အမြင့်ဆုံးအစည်းအဝေး၊ အမြင့်ဆုံးအဖွဲ့အစည်းမှာ အစည်းအဝေးတိုင်းမှာ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ခေါင်းဆောင်အသီးသီးလည်း တက်ရောက်သင့်ကြောင်း ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။
ဆုံးဖြတ်ပေးနိုင်
ကျွန်တော်တို့ ဒီအစည်းအဝေးကို သတ်မှတ်တာ ချက်ချင်းလက်ငင်း ဗြုန်းစားကြီး သတ်မှတ်တာမျိုးမဟုတ် ဘဲနဲ့ သုံးလတစ်ကြိမ်JICMအစည်းအဝေး လုပ်ရမယ်ဆိုတဲ့ ကျွန်တော်တို့ အစည်းအဝေးဆုံးဖြတ်ချက်လည်း ရှိပြီးသား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၇-၁၁-၂ဝ၁၇ ရက်နေ့မှာ နောက် ဆုံးခြောက်ကြိမ်မြောက်JICMအစည်းအဝေးကျင်းပခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ ဒီသုံးလတာ ကာလအတွင်းမှာJICMလုပ်မယ်လို့ ခန့်မှန်းပြီးသားဖြစ်ပါ တယ်။ အဲဒီလိုမျိုးကာလအတွင်းမှာ အတိုးအလျော့အနည်း အကျဉ်းရှိပင်ရှိသော်လည်းပဲ ဒီကာလတွေကြားထဲမှာ အမြင့်ဆုံးအစည်းအဝေး၊ အမြင့်ဆုံးအဖွဲ့ရဲ့ အစည်းအဝေး ကျင်းပမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာ ကျွန်တော်တို့ အစည်းအဝေးမှာ ဆုံးဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ တက်ရောက်ဖို့သင့်ကြောင်း ကျွန်တော့်အနေနဲ့ ပြောကြား လိုပါတယ်။
ဒါမှသာလျှင် ကျွန်တော်တို့ ဒီမှာ ဆုံးဖြတ်ရမယ့် အချက်များအားလုံး တစ်ခါတည်း ပြေလည်သွားမှာဖြစ်ပါ တယ်။ ဒါလည်းပဲ သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့အစည်း တွေကို ကျွန်တော်ပြောချင်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့JICMအစည်းအဝေးဟာ ခုနက ကျွန်တော် တင်ပြသလို အမြင့်ဆုံးအစည်းအဝေးဖြစ်တဲ့အတွက် ဒီအစည်းအဝေးမှာ ဆုံးဖြတ်ချက်တွေ ဆုံးဖြတ်ထားတာရှိ ပါတယ်။ ဒီဟာတွေကို ဆုံးဖြတ်နိုင်ဖို့အတွက်လည်း သက်ဆိုင်ရာ UPDJCအတွင်းရေးမှူးအဖွဲ့တွေ၊ ပြီးရင်UPDJC အဖွဲ့တွေမှာ သတ်မှတ်ထားတဲ့ToR ၊ SOP တွေ အခြေခံပြီးတော့မှ ဆွေးနွေး ဆုံးဖြတ်ပြီးတော့မှ ကျွန်တော်တို့JICMက အတည်ပြုထားတာဖြစ်ပါတယ်။
တိတိကျကျလိုက်နာ
ကျွန်တော်တို့JICM အစည်းအဝေးကနေ အတည်ပြု ထားတဲ့ကိစ္စ၊ ဆုံးဖြတ်ပြီးသားကိစ္စ၊ ဆောင်ရွက်ရန်ကိစ္စတွေ သည် ဒီသုံးနှစ်တာ ကာလအတွင်းမှာ တတ်နိုင်သလောက် ဆုံးဖြတ်ပြီးတဲ့အတိုင်း၊ ဆောင်ရွက်ရမယ့်အတိုင်း လုပ်သွား ဖို့လည်း ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ ဘာဖြစ် လို့လဲဆိုရင် ဒါ ဥပမာပါ။ ပြီးခဲ့တဲ့ ခြောက်ကြိမ်မြောက် အစည်းအဝေးမှာRCSS နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လင်းခေးမှာ အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲ လုပ်ရမယ်ဆိုပြီးတော့မှလုပ်ဖို့ ကျွန်တော်တို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကြားထဲကနေ ဆုံးဖြတ်ပြီး တော့ ဒီဆုံးဖြတ်ချက်ကိုလည်း တရားဝင်ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
သို့သော်လည်း တစ်ဖက်နဲ့တစ်ဖက် နားလည်မှုတွေ လွဲပြီးတော့ အကြိုဆွေးနွေးပွဲကိစ္စတွေ၊ အစည်းအဝေးဆုံး ဖြတ်ချက်မှာ မပါတဲ့ကိစ္စတွေ ပေါ်ပေါက်လာတဲ့အခါ သွားရမယ့်လုပ်ငန်းစဉ်က ရှေ့ကိုမရောက်ဘဲ ဒီမှာတင် တဝဲလည်လည်ဖြစ်ပြီးတော့မှ ဖြစ်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမှာJICMမှာ ဆွေးနွေးတဲ့ အနေအထား တွေမှာ ဆုံးဖြတ်ပြီးသားဆိုရင် ဆုံးဖြတ်ချက်အတိုင်းပဲ ဆောင်ရွက်သွားမယ်ဆိုရင် ဒီနေ့မှာ ကိစ္စတစ်ခုပြီးနေမှာ ဖြစ်ပါတယ်။ ပြီးနေတဲ့အပြင်ကို ခုနကပြောတဲ့ ဆက်ပြီးသွား မယ့်လုပ်ငန်းစဉ်ကို လုပ်စရာရှိတာ လုပ်ရမယ့်အနေ အထားပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒါလေးနဲ့ ပတ်သက်ရင် လည်းပဲ ဆုံးဖြတ်ချက်ချပြီးရင် ချပြီးတဲ့အတိုင်းပဲ တိတိ ကျကျလိုက်နာသွားဖို့ အကုန်လုံး အဖွဲ့အစည်းအသီးသီးမှာ တာဝန်ရှိပါတယ်။ ဒါလည်းပဲ ကျွန်တော်တို့ တင်ပြချင် ပါတယ်။
နောက်တစ်ခုကတော့ ဒီအစည်းအဝေးမှာ ဆောင် ရွက်ရမယ့်ကိစ္စ ပြီးခဲ့တဲ့အပတ်က ဆုံးဖြတ်ထားတာရှိပါ တယ်။ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ရင် သုံးလတာ ကာလ အတွင်းမှာ UPDJCအစည်းအဝေးမှာ ပြန်လည်ပြီးတော့ မှ ဆွေးနွေးပြီးJICM ကို ပြန်လည်တင်ပြရမယ်ဆိုတဲ့ ကိစ္စတွေ ဆွေးနွေးထားတာရှိပါတယ်။ သို့သော်လည်း ဒီသုံးလတာ ကာလအတွင်းမှာ ထပ်မံညှိနှိုင်းဆွေးနွေးရမယ့် ကိစ္စတွေ အကောင်အထည်မဖော်နိုင်တာလည်းရှိပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ရဲ့ Peace Processမှာ သွားနေ တဲ့ အားနည်းချက်တွေအဖြစ် ကျွန်တော့်အနေနဲ့ တွေ့ပါ တယ်။ ဒီအားနည်းချက်တွေကို ပြုပြင်သွားမယ်ဆိုရင် ကျွန်တော်တို့ရဲ့JICM အစည်းအဝေး၊ UPDJC အစည်း အဝေးတွေဟာ မြန်မြန်ဆန်ဆန်နဲ့ သွက်သွက်လက်လက်နဲ့ ရှေ့ကို အမြဲတမ်းတိုးတက်နေမှာ ဖြစ်ပါတယ်။
အတည်ပြုနိုင်ဖို့
ခုဟာက ရှေ့သွားမယ့်ခြေလှမ်းပြင်လိုက်၊ နောက် ပြန်ဆုတ်လိုက် အနေအထားကို တွေ့ရပါတယ်။ ဒီဆောင် ရွက်ရမယ့်ကိစ္စကို ဆုံးဖြတ်ထားပြီးရင် ဆောင်ရွက်ရမယ့် အချက်များကို ဒီနေရာမှာ အတွင်းရေးမှူးအဖွဲ့က အရေး ကြီးပါတယ်။ အခုအတွင်းရေးမှူးအဖွဲ့ကိုလည်း ကျွန်တော် တို့ UPDJCလုပ်ခါနီး၊JICMလုပ်ခါနီးကျမှ ခေါ်တယ်၊ ဆွေးနွေးပြီးတဲ့အခါမှာ အတည်ပြုနိုင်ဖို့အတွက် UPDJC မှာ ဆုံးဖြတ်နိုင်ဖို့၊JICMမှာ အတည်ပြုနိုင်ဖို့အတွက် ဒါချမှတ် ထားတဲ့ToR၊ SOPတွေနဲ့ပဲ သွားနေရမှာဖြစ်ကြောင်း လည်း ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။
နောက်တစ်ခု အကြံပြုချင်တာက နိုင်ငံရေးဆွေးနွေး ပွဲနဲ့ ပတ်သက်ရင် အမြင့်ဆုံးအစည်းအဝေးဖြစ်တဲ့အတွက် ဒီအစည်းအဝေးကနေ ဆုံးဖြတ်ထားတဲ့ အချက်တွေကို လည်းပဲ အကောင်အထည်ဖော်တဲ့အခါမှာ တစ်ဖက်နဲ့ တစ်ဖက် ကြားထဲမှာ နားလည်မှုတွေ မလွဲအောင်လည်းပဲ သက်ဆိုင်ရာဒေသမှာရှိတဲ့ အစိုးရအဖွဲ့တွေကိုလည်း အသိပေးသင့်တယ်လို့ ကျွန်တော့်အနေနဲ့ အကြံပြုချင် ပါတယ်။ နားလည်မှုရှိရှိနဲ့ ဆက်ပြီးဆောင်ရွက်သွားမယ် ဆိုရင် ကျွန်တော်တို့လုပ်ငန်းစဉ်ဟာ အောင်မြင်သွား မယ်လို့ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ ငြိမ်းချမ်းရေး နဲ့ပတ်သက်လို့ ရင်ထဲ၊ အသည်းထဲကနေပြီးတော့မှ ကိုယ်စီ၊ အဖွဲ့အစည်းအသီးသီးကနေ လက်ခံဆောင်ရွက်ပြီးတော့ မှ ဒီနေ့၊ ဒီအချိန်အထိ ရောက်လာပြီးဖြစ်ပါတယ်။ ဒီလို ရောက်လာပြီးတဲ့အခါမှ ယုံကြည်ချက်၊ ခံယူချက်တွေနဲ့ သွားနေတယ်၊ သွားတဲ့အခါမှာလည်း ကိုယ်ဖြစ်ချင်တဲ့ဟာကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ အတိုင်းအတာ၊ ရသင့်ရထိုက်တဲ့ အတိုင်းအတာ၊ လိုချင်တဲ့လူတွေရဲ့ အတိုင်းအတာအတွင်း က ဆောင်ရွက်သွားမယ်ဆိုရင် နှစ်ဖက်စလုံး ဘာမှပြဿနာ တက်စရာ အကြောင်းမရှိဘူးလို့ ကျွန်တော့်အနေနဲ့ မြင်ပါ တယ်။ တချို့နေရာတွေမှာ ကိုယ့်ရဲ့ ဆန္ဒစွဲ၊ တခြားသော ဒေသစွဲ၊ လူမျိုးစွဲ၊ သမိုင်းကြောင်းအရ ဆိုပြီးတော့မှ နောက်ပြန်လည်တဲ့ ကိစ္စတွေနဲ့ပဲ တဝဲဝဲလည်နေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းဟာ သွားရမယ့် နိုင်ငံရေးရည်မှန်းချက်သည် ပေါက်မြောက်မှာ မဟုတ်ဘူး ဖြစ်ပါတယ်။
သတ်သတ်မှတ်မှတ်
ကျွန်တော်တို့ သက်ဆိုင်ရာ အောက်ခြေအဆင့်တွေမှာ ပြီးပြတ်အောင်၊ အထူးသဖြင့်တော့ အတွင်းရေးမှူးအဖွဲ့ တွေက သေသေချာချာဆွေးနွေးပြီး ဆောင်ရွက်သွားမယ် ဆိုရင် ကျွန်တော်တို့ရဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးဟာ မလွဲမသွေပေါ်လာမှာပဲဖြစ်ပါတယ်။ ဒီလိုသွားတဲ့အခါမှာလည်း ငြင်းခုံနေတဲ့ အတိုင်းအတာနဲ့ အချိန်သတ်မှတ်ချက် မရှိဘူး၊ ဘာမှလည်း မလုပ်ဘူးဆိုရင် သက်ဆိုင်ရာ ရည်မှန်းချက်ကို ရောက်ချင်မှရောက်မယ်၊ ရောက်နိုင်စရာ အကြောင်းလည်းမရှိဘူး။ ခုနက ပြောတဲ့NMSP နဲ့LDU လက်မှတ်ရေးထိုးပွဲမှာ ကျွန်တော်တို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်း ပြောခဲ့ပါတယ်။Time Frame ကို သတ်သတ်မှတ်မှတ်နဲ့ လုပ်ဖို့လည်း အချိန်ကျပြီလို့ ယူဆပါတယ်။
ဒါလေးကို ထပ်ပြီးအကြံပြုချင်ပါတယ်။ ပြီးလို့ရှိရင် ဒီမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ ကိစ္စတွေကို ပြင်ဆင်သင့် ပြင်ဆင်ထိုက်တာတွေကို ပြင်ဆင်ဖို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောထားပြီးသား ဖြစ်ပါတယ်။ ဒါလေးတွေကိုလည်းပဲ ကျွန်တော်တို့ ညီအစ်ကိုတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးက လုပ်သင့်လုပ်ထိုက်တဲ့ဟာတွေ၊ လုပ်သင့် လုပ်ထိုက်တဲ့ အချိန်တွေ ဒါတွေကို သတ်သတ်မှတ်မှတ်နဲ့ ဆောင်ရွက်သွားမယ်ဆိုရင် ကျွန်တော်တို့မျှော်မှန်းတဲ့၊ ပြည်သူတစ်ရပ်လုံးက မျှော်မှန်းနေတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခြေခံတဲ့ ပြည်ထောင်စုကြီး မလွဲမသွေ ဖြစ်ပေါ်လာမယ်ဆိုတာကို ပြောကြားရင်း နိဂုံးချုပ်ပါတယ်'' ဟု ပြောကြားသည်။
တွေ့ဆုံဆွေးနွေး
ယင်းနောက်NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စားALP ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က ''(၇) ကြိမ်မြောက်JICMအစည်းအဝေးမှာ လက်မှတ်ထိုးထားတဲ့ ၁ဝ ဖွဲ့ ကိုယ်စား စကားပြောခွင့်ရတဲ့အတွက် အထူးကျေးဇူးတင် ကြောင်း ပြောကြားလိုပါတယ်။
ဒုတိယအချက်အနေဖြင့် ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးလိုလိုက ငြိမ်းချမ်းရေး အတွက် ယုံကြည်မှုအပြည့်ရှိပါတယ်။ ယုံကြည့်မှုအပြည့်ရှိ တယ်ဆိုတာကို ပြန်ရှင်းပြလိုတာကတော့ နှစ်ပေါင်း ၇ဝ ကျော် အတွင်းမှာဖြစ်ခဲ့တဲ့ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးမှု တွေဟာ အခုလုပ်ဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ မတူပါဘူး။NCA စာချုပ်မှာပါတဲ့ဟာတွေက နိုင်ငံတော် တည်ဆောက်ပုံတွေပါပါတယ်။ အဲဒီအပေါ်မှာ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးလိုလိုက ယုံကြည်မှုအပြည့်ရှိတာကို တင်ပြချင်တယ်။
မျှော်လင့်တောင့်တ
တတိယအချက်အနေနဲ့ ပြောချင်တာကတော့ToRမှာ ပြဋ္ဌာန်းထားတဲ့အတိုင်းJICMအစည်းအဝေးကို ကျင်းပနိုင်တာဟာ အနာဂတ်အတွက် အောင်မြင်မှုလမ်းစ တစ်ခုဖြစ်တယ်လို့ ပြောချင်ပါတယ်။ ပုံမှန်ကျင်းပနေတဲ့JICMအစည်းအဝေးကျင်းပတိုင်းမှာ တစ်ခုနဲ့ တစ်ခုကြား မှာ အားနည်းချက်တွေ၊ အားသာချက်တွေရှိမှာပါ။ အား နည်းချက်ရှိရင်JICMအစည်းအဝေးမှာ အားသာချက် ဖြစ်အောင် ဘယ်လိုကြိုးပမ်းရမလဲဆိုတာကို နည်းလမ်း ရှာကြဖို့လိုတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ အောင်မြင်စွာကျင်းပနိုင်ရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ပေါ်ထွန်းလာမှုကို မြန်မာနိုင်ငံ မှာရှိတဲ့ တိုင်းရင်းသားအားလုံး မျှော်မှန်းတောင့်တနေတဲ့ အပြင် နိုင်ငံတကာကလည်း မျှော်လင့်တောင့်တနေတယ် ဆိုတဲ့အကြောင်းကို ပြောကြားလိုပါတယ်။
၂ဝ၁ဝ ပြည့်နှစ်ကစခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ စစ်ရေးနဲ့မဖြေရှင်းဘဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ပဲ ဖြေရှင်းခြင်းဆိုတဲ့လမ်းစဉ်ဟာ ကောင်းတဲ့ ခြေလှမ်းတစ်ခုဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်မယ်ဆိုတဲ့ ပြဋ္ဌာန်းထား တဲ့အတိုင်း NCA မှာမပါဝင်သေးတဲ့ တိုင်းရင်းသားညီနောင် တွေကိုလည်း ပါဝင်လာဖို့အတွက် ကြိုးပမ်းဆောင်ရွက်သွား ကြဖို့ အရေးကြီးပါတယ်။
ကျွန်တော်တို့က စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုလိုချင်ပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်တဲ့အခါမှာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊EAO နဲ့ နိုင်ငံရေးပါတီတွေက နိုင်ငံတကာဖြစ်ပေါ်ပြောင်းလဲမှုနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေ အထူးသဖြင့် တိုင်းရင်းသားအားလုံးရဲ့ ဆန္ဒ သဘောထားအပေါ်မှာ ရောင်ပြန်ဟပ်စေမယ့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ အရေးကြီးပါ တယ်။
တည်ဆောက်တဲ့အခါ နှစ်ပေါင်း ၇ဝ ကျော်ဖြစ်လာတဲ့ ပဋိပက္ခကို အချိန်ယူရမှာပါ။ အချိန်ယူပြီးတော့လုပ်ရင် ကျွန်တော်တို့ မျှော်မှန်းတဲ့၊ မြန်မာနိုင်ငံက ပြည်သူတွေ တောင့်တနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်လာမှာပါ။ နိုင်ငံတော်အကြီးအကဲတွေ၊ တပ်မတော်အကြီးအကဲ တွေ၊ EAOခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီတွေက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို စိတ်ရှည်သဘော ထားကြီးစွာနဲ့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြပါလို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်''ဟု ပြောကြားသည်။
ဆွေးနွေးခဲ့ကြ
ယနေ့ကျင်းပသည့် (၇)ကြိမ်မြောက်JICMအစည်း အဝေးတွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ အကြား သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့မှု၊ မွန် ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့မှNCA တွင် ပါဝင်လက်မှတ်ရေး ထိုးခဲ့မှု၊ ၁၄ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC အစည်းအဝေး ဆုံးဖြတ်ချက်များ၊JICMတွင် အဖွဲ့ဝင်သစ်များပါဝင်ရေး၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးကျင်းပမည့်နေ့၊ ရက်များနှင့်စပ်လျဉ်း ၍ ဆွေးနွေးခဲ့ကြသည်။
ထို့နောက်JICM လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား မွန်ပြည်သစ်ပါတီ(NMSP) ဥက္ကဋ္ဌ နိုင်ထောမွန်၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့က နိဂုံးချုပ်အမှာစကားပြောကြားကြပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်သည်။
မှတ်တမ်းတင်ခဲ့
ယနေ့ ကျင်းပသည့် NMSP အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးကို ဧပြီလကုန် မေလဆန်းတွင် ကျင်းပရန် လျာထားသတ်မှတ်သည့် ဆုံးဖြတ်ချက်ကို ချနိုင် ခဲ့ကြောင်း၊ ထို့ပြင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက် တစ်အစည်းအရုံးတို့ လက်မှတ်ထိုးပြီး ဝင်ရောက်လာ သည့်အချိန်တွင်JICMမှာ မူလက ၈ ဖွဲ့အစား ၉ ဖွဲ့ ဖြစ်သည့်အတွက် ၉ ဦးစီ တက်ရောက်ရန် သဘောတူခဲ့ ကြောင်း၊UPDJC ကို အစုအဖွဲ့ တစ်ဖွဲ့စီမှာ ၁၆ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းသည့်ကိစ္စကိုJICMတွင် ထပ်လောင်းပြီး အတည်ပြုနိုင်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးကော်မရှင်နှင့် မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက် ၉ ချက်ကိုJICMအစည်းအဝေးက မှတ်တမ်းတင် အတည်ပြုနိုင်ခဲ့ ကြောင်း၊ အလားတူ မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမို ကရက်တစ် အစည်းအရုံးတို့ NCA လက်မှတ်ရေးထိုးခဲ့ခြင်း ကိုJICMတွင် မှတ်တမ်းတင်ခဲ့ကြောင်း သိရှိရသည်။
အစည်းအဝေးသို့ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်း၊ အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ် ချုပ်ကြီးတင်မောင်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဝန်ကြီးများ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment